soft

soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.1


''ခင်ချူးချူးခိုင်!!''


နောက်ပါးဆီမှအသံကြောင့်သူမကိုယ်လေးကတုန်တက်သွားရပြီး တစ်ဆက်တည်းဆိုသလိုပဲနားရွက်လေးတစ်ဖက်ကပါထူပူသွားခဲ့ရလေ၏။


''နင်လာစမ်း...အိမ်ရောက်မှငါနဲ့တွေ့မယ်''


သူမထိုသို့နားရွက်ဆွဲခံရတဲ့ပုံံစံနဲ့ပဲ ဖဲဝိုင်းအိမ်ကနေ သူမတို့ရဲ့အိမ်ဆီသို့ပြန်လာခဲ့ရလေသည်။


ရွာထဲကလူတွေကသူမရဲ့ပုံစံကိုကြည့်ပြီး ဟားတိုက်နေကြသည်မို့ သူမကမကျေမနပ်နဲ့ဘဲအကုန်လုံးကိုလက်သီးနဲ့ရွယ်၏။


တွေ့ကြသေးတာပေါ့။


အိမ်ပြန်ရောက်သည်နှင့်...


''တောက်!...လူကြားလို့မှမကောင်းကွာ ဥက္ကဌရဲ့သမီးကဖဲဝိုင်းရောက်နေရတယ်လို့...ကြက်ဝိုင်းဆိုလည်းဒင်းပါတယ် ဖဲဝိုင်းဆိုလည်းဒင်းပါတယ် လောင်းကစားဝိုင်းတိုင်းဒင်းပါတယ်...ဟော ရပ်ရွာသာယာရေးတို့ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာဒင်းမပါဘူး...မိချူး ညည်းအဖေကဥက္ကဌနော် ဒီရွာတစ်ရွာလုံးကိုအုပ်ချုပ်နေရတာ ကိုယ်မွေးထားတဲ့သမီးကိုတောင်မနိုင်ဘူးဆိုရင် ဒီရွာကလူတွေကငါ့ကိုဘယ်လေးစားတော့မလဲ''


''အဘကလည်းတအားပွားတာပဲ''


''ငါဒီလောက်ပွားနေတာတောင်မှညည်းကအချိုးပြေလို့လား...မိတဆိုးလေးမို့အလိုလိုက်ထားတာကိုညည်းကတအားဆိုးနေတာလေမိချူးရဲ့...သွန်းသွန်းကိုကြည့်စမ်း ညည်းနဲ့ငယ်ငယ်ကတည်းကလည်ပင်းဖက်ပြီးပေါင်းလာတာ သူများတွေဘယ်လောက်တည်ငြိမ်ပြီးအိန္ဒြေရှိလည်းမမြင်ဘူးလား...ညည်းနဲ့တူသလား''


''ဟင်းဟင်း...သိနေတယ်နော် မပြောသေးဘူး''


သူမကခပ်ရွဲ့ရွဲ့​ပြောတော့ သူမရဲ့မွေးသဖခင် ဦးတက်လူကအိုးတိုးအန်းတန်းဖြစ်သွားလေ၏။


သွန်းသွန်းဆိုတဲ့သူမရဲ့သူငယ်ချင်းသွန်းသံသာက ရွာထဲမှာအချောဆုံးနဲ့အလှဆုံးမိန်းကလေးပါ။

ဝါဖန့်ဖန့်အသားအရေလေးရယ် ခါးထိရှည်ပြီးပိတုန်းရောင်လိုနက်မှောင်နေတဲ့ဆံကေသာရယ် မျက်နှာဝိုင်းလေးထက်ကမျက်လုံး မျက်ခုံး နှာတံ နှုတ်ခမ်းအစရှိသည်တို့ကဘာမှအပြစ်ပြောစရာမရှိ။


ခန္ဓာကိုယ်ကလ​ည်းလှမှလှ။


ထို့ကြောင့်ကာလသားတွေကသူမကိုပိုးချင်ပန်းချင်ပေမယ့်ခင်ချူးဆိုတဲ့သူမကိုကြောက်ကြလို့ သွန်းအနားဘယ်သူမှမကပ်ရဲကြပေ။


သွန်းအနားကပ်လာသူမှန်သမျှကိုခင်ချူးတို့ကဖြဲနေကျ။


ပြီးတော့သွန်းရဲ့အမေဒေါ်နီနီအေးနဲ့သူမရဲ့အဖေဦးတက်လူတို့ကအရင်ကငယ်ချစ်ဦးတွေပါတဲ့။


အမေနဲ့ကအခန်းမှားဝင်လို့အဖေကယူလိုက်ရသည်ဆိုပဲ။

အခုဒေါ်နီနီအေးကလည်း​မုဆိုးမပဲမို့ အဖေကဒေါ်နီနီအေးနဲ့ကိစ္စကိုဆက်ချင်နေတုန်းဖြစ်ပြီး မတော်ရသေးတဲ့မယားပါသမီးလေးသွန်းကို သမီးအရင်းထက်ပိုချစ်ပြနေသူပါ။


''ညည်းကိုဆုံးမနေတာကိုစကားလမ်းကြောင်းမလွှဲနဲ့မိချူး''


''မလွှဲမိပါဘူး...ဒီမှာအဘ ကျုပ်ပြောပြီးသားနော် အဘမိန်းမထပ်ယူဖို့မကြံနဲ့...ကျုပ်ကအဘအိမ်ကိုမီးရှို့ပစ်မှာ...ဘာမှတ်နေလဲ''


''အောင်မာ...ဖအေကိုပြန်ပြီးခြိမ်းလားခြောက်လားလုပ်နေသေးတယ်...မိချူး...ညည်းတော့နာတော့မယ်နော်''


အဖေဖြစ်သူကဘယ်လောက်ပဲဆူဆူ သူမကိုအခုထိတစ်ခါမှလက်နဲ့ပင်မရွယ်ဖူးသူမို့ သူမကအဖေကိုဆိုရင်ကြောက်ကိုမကြောက်တာပါ။


''တော်ပြီအဘရာ...ဖဲဝိုင်းပျက်လာလို့ညစ်ရတဲ့ထဲ...သွားအိပ်တော့မယ် ပြီးမှဆုံးမတော့''


ပြောပြီးသူမကဘောက်ဆတ်ဘောက်ဆတ်နဲ့အိမ်ပေါ်သို့တက်လာခဲ့လိုက်လေ၏။


''မိချူး...ညည်းအခုပြန်လာခဲ့စမ်း!''


ဆိုသောအဖေဖြစ်သူအသံကသူမကိုသီချင်းဆိုပြနေသလိုပါပဲ။

မိချူးတို့ကမှုကိုမမှုတာ။


***


''အမေ...ထမင်းစားလို့ရပြီနော်''


သူမအသံကြားတော့ အခန်းထဲကနေပြီးအမျိုးသမီးတစ်ဦးထွက်လာပြီးစားပွဲမှာဝင်ထိုင်လိုက်လေ၏။


''အမေ့အကြိုက်ကြက်ဥကိုမန်ကျည်းမှည့်လေးနဲ့ဖောက်ချက်ထားတယ် မရမ်းသီးလေးထောင်းပြီးဘူးညွန့်လေးကိုလည်းအရည်လေးနဲ့ကြော်ထားတယ်အမေ''


''အမလေး...ကြည့်ရုံနဲ့တင်ဗိုက်ဆာနေပြီ...ဒါနဲ့ ခင်ချူးလေးကိုသူ့အဖေကဖဲဝိုင်းမှာမိတာဆို''


''ဟုတ်တယ်အမေ''


''အင်း...အဲ့ကလေးလည်းတအားဆိုးတာပဲ ကိုတက်လူခမျာသနားပါတယ်''


ပြောပြီးမှဒေါ်နီနီအေးကသမီးဖြစ်သူမျက်နှာကိုမလုံမလဲလှမ်းကြည့်လေ၏။


သွန်းကပြုံးစေ့စေ့လေးဖြင့်...


''ဘာမှမဖြစ်ပါဘူးအမေရယ်...အမေလွှတ်ခနဲပြောမိတာတွေကသမီးကြားရဖန်များလွန်းလို့ရိုးနေပါပြီ''


''အမေကဒီအတိုင်းပြောတာပါကွယ်...ယောကျ်ားသားတစ်ယောက်အနေနဲ့ သမီးမိန်းကလေးကိုထိန်းချုပ်ရတာခက်မှာမို့ပါ''


''အမေကကူထိန်းပေးချင်နေတာလား''


''ဒီကောင်မလေးကတော့ ဘာတွေပြောနေမှန်းမသိဘူး...ထမင်းစားစရာရှိတာစား''


ရှက်ရမ်းရမ်းသွားသောအမေဖြစ်သူကိုကြည့်ပြီး သွန်းပြုံးလိုက်မိသည်။


ခင်ချူးဆိုတာကတစ်ရွာလုံးရဲ့ဂေါ်လီမ။


အရမ်းဆိုးလွန်းပြီးတစ်ကယ့်အပေအတေမလေး။

အဲလိုဆိုးလွန်းတဲ့သူမက သူမအကျင့်စရိုက်နဲ့မလိုက်ဖက်အောင် လူကောင်သေးသေးကွေးကွေး အသားဖြူဖြူနဲ့တစ်ကယ့်ကလေးလေးလိုချစ်စရာကောင်းလွန်းသူပါ။


ပုခုံးကျော်တဲ့ဆံပင်တွေကိုအမြဲစုစည်းထားတတ်ပြီး တီရှပ်နဲ့JJဘောင်းဘီတွေကိုသာဝတ်လေ့ရှိကာ တစ်နေ့နေလို့တစ်ခါမှန်မကြည့်တဲ့ထိအလှအပနဲ့ပတ်သက်ရင် တစ်စက်မှစိတ်မဝင်စားသူပင်။


​လောင်းကစားမှန်သမျှဝါသနာပါတဲ့သူမက မိန်းမတို့တပ်အပ်တဲ့အချက်အပြုတ်အလျှော်အဖွတ်ဆိုတာကိုလည်းတစ်ခုမှမလုပ်တတ်။


သွန်းထက်ငါးလလောက်ကြီးတဲ့ခင်ချူးက သွန်းထက်လူကောင်ပိုသေးပြီး ပိုပြီးလည်းချစ်စရာကောင်းသည်။


သွန်းကိုလည်းအမြဲကာကွယ်ပေးတတ်ပြီးဘယ်ယောကျ်ားလေးနဲ့မှပတ်သက်တာကို​လည်းမကြိုက်။


ခင်ချူးနဲ့သာညီအစ်မတော်ရမယ်ဆိုရင် သွန်းအနေနဲ့လက်မခံနိုင်စရာမရှိပေမယ့် ခင်ချူးကတော့သူ့အဖေကိုအိမ်ထောင်ထပ်ပြုခွင့်မပေးပေ။


သူ့အဖေနောက်မိန်းမယူတဲ့နေ့က သူတို့အိမ်ပြာကျတဲ့နေ့ပဲတဲ့။


***


မိသားစုရဲ့မနက်စာဝိုင်းကတိတ်ဆိတ်ငြိမ်သက်မှုတွေနှင့်။


ထိုတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူကအိမ်ထောင်ဦးစီးဖြစ်သူ ဦးတေဇာကျော်ပင်။


''သားတို့...ဒီတစ်ပတ်ပိတ်ရက်ကျရင်ဖေဖေတို့ခရီးထွက်ကြမယ်နော်''


''ဘယ်လဲဖေဖေ''


''ဖေဖေ့ရဲ့ဇာတိချက်မြှုပ်ရွာကို''


''ဟာ''


ထိုစကားကြားတော့ တစ်​ယောက်ကခုံမှာစိတ်ပျက်လက်ပျက်နဲ့မှီထိုင်လိုက်လေသည်။


''ဘာဖြစ်တာလဲအငယ်ကောင်''


''မသွားချင်ပါဘူးဖေဖေရာ...ပျင်းစရာကြီး လည်စရာပတ်စရာတွေပေါများနေတာကို''


''မလိုချင်ဘူး...ငါရွာမပြန်ဖြစ်တာ15နှစ်ရှိပြီ...အခုတစ်မိသားစုလုံးရွာပြန်မယ်...ဒါပဲ''


''ကျွန်တော်ကတော့မလိုက်ဘူး''


''တေဇာဘုန်းခန့်...မင်းငါ့ကိုကလန်ကဆန်လုပ်မယ်မကြံနဲ့နော်''


အဖေဖြစ်သူကစိတ်တိုစပြုနေပြီမို့ သားအကြီးဖြစ်သူ တေဇာဘုန်းမြတ်ကပဲ ညီနဲ့အဖေကြားမှာဝင်ပြီးစေ့စပ်​ပေးခဲ့ရလေ၏။


''စိတ်လျှော့ပါဖေဖေ...ညီလေးကအခုသာအဲလိုပြောတာပါ...ကျွန်တော်တို့တစ်မိသားစုလုံးဆိုရင်သူလည်းမနေခဲ့ပါဘူး...ဟုတ်တယ်မလားဘုန်းခန့်''


အစ်ကိုဖြစ်သူကသူ့ကိုလှည့်ကြည့်ပြီး'ဘာမှဆက်မပြောနဲ့ အသာနေလိုက်'ဆိုတဲ့သဘောနဲ့ခေါင်းအသာရမ်းပြ၍ သူလည်းဘာမှဆက်မပြောတော့ဘဲ စိတ်ပျက်နေတဲ့ပုံနဲ့ စားပွဲကနေထထွက်လာခဲ့လိုက်တော့သည်။


''ကြည့်စမ်း...အချိုးကိုက''


''ထားလိုက်ပါတော့ဖေကြီးရယ်...သားငယ်ကနဂိုကတည်းကအဲလိုပဲဟာ...ဒေဝီကြည့်ပြောပါမယ်''


ထိုအခါမှဦးတေဇာကျော်ကနှုတ်ဆိတ်သွားလေ၏။


***


တေဇာဘုန်းခန့်ဆိုတာက ပျိုတိုင်း​ကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပြီး သူကလည်းလှတဲ့ပျိုတိုင်းကိုဆိုအကုန်ပြန်ကြိုက်သူပါ။


အခုလည်းအိမ်ကထွက်လာပြီဆိုကတည်းက သူဘယ်ကောင်မလေးနဲ့ဘယ်အချိန် ဘယ်နေရာမှာချိန်းထားလဲဆိုတာကိုအရင်စဥ်းစားရသည်။


သူကကောင်မလေးတွေကိုသုံးယောက်လောက်တစ်ပြိုင်တည်းထားတတ်သူမို့။


''ကိုကို''


သူဆိုင်ထဲရောက်သည်နှင့် မိန်းကလေးတစ်ဦးကလှမ်းခေါ်လေ၏။


သူထိုမိန်းကလေးထံသွားလိုက်ပြီး သူမနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။


''စောင့်နေတာကြာပြီလား''


''မကြာသေးပါဘူးကိုကိုရဲ့...ကိုကိုဘာသောက်မလဲ''


''ရတယ် အိမ်ကသောက်ခဲ့ပြီ''


''ပြီးရော...ဒီတစ်ပတ်တနင်္ဂနွေနေ့ကျရင်သဲရဲ့မွေးနေ့နော်''


''အဲနေ့မအားဘူး''


''ဟင်...ဘယ်သွားစရာရှိလို့လဲ''


''အဖေ့ရဲ့ဇာတိရွာကို''


''ဪ...သဲလည်းလိုက်လို့ရလား''


''မလိုက်ပါနဲ့...ကိုယ်တောင်လိုက်ချင်တာမဟုတ်ဘူး...ပျင်းစရာကြီး''


''ဟုတ်ပြီလေ...ပြန်လာရင်တော့တွေ့ကြမယ်နော်...အခုတော့ သဲကိုshoppingလိုက်ပို့ပေး...သဲလိုချင်တာတွေအများကြီးတွေ့ထားတယ်...အဲဲဒါလိုက်ဝယ်ပေး''


သူမိန်းကလေးတွေအများကြီးနဲ့တွဲခဲ့ဖူးပြီး စရိုက်စုံ စိတ်ဓာတ်စုံကြုံခဲ့ရဖူး၏။


တစ်ချို့ကအရမ်းကိုချုပ်ချယ်လွန်းတယ်။မသိရင်ကိုယ်ကသူတို့သားလိုပဲ။

အိမ်ကအမေတောင်မှသူတို့လောက်ကိုယ့်ကိုချုပ်ချယ်မည်မဟုတ်။


တစ်ချို့ကအရမ်းသဝန်ကြောင်လွန်းတယ်။ဘယ်လောက်ထိလဲဆိုရင် တိရစ္ဆာန်နဲ့တောင်သဝန်တိုတာမျိုး။


တစ်ချို့ကအရမ်းချွဲတာ။တော်ရုံဆိုကိစ္စမရှိပေမယ့် ​လူကြားထဲလည်းမရှောင်လိုက်နမ်းတာ လူပေါ်တက်ထိုင်တာတွေထိကျအတော်သရုက်ပျက်လွန်းသည်လေ။


တစ်ချို့ကအာဏာပါဝါပြပြီးလူကိုအော်ချင်ဟောက်ချင်တယ်။သူတို့ကိုချစ်တယ်ပြောရုံနဲ့ ဒီကောင့်ကိုငါပိုင်တယ် ဒီကောင်ကငါ့ကိုချစ်တယ် ငါဘာလုပ်လုပ်သည်းခံမှာပဲဆိုပြီးစိတ်ကြီးဝင်နေတာမျိုးကိုသူကလည်းအတော်မြင်ပြင်းကပ်သည်။


တစ်ချို့ကလိုတာထက်ပိုပြီးပူဆာလွန်းတယ်။အခုဒီတစ်ယောက်လိုပေါ့။တစ်ခါတစ်လေဆိုကိစ္စမရှိပေမယ့် သူ့တစ်ကိုယ်ရေတစ်ကာယသုံးတဲ့ပစ္စည်းတွေ ဥပမာ padတို့ အတွင်းဝတ်တို့လိုအရာမျိုးထိပါလိုက်ပူဆာတာမျိုးကျသူ့စိတ်ထဲမှာအထင်သေးသည်။

မသိရင်သူတို့အမြင်မှာကိုယ်ကလိုတရအိုးကြီးသဖွယ်။


''သွားမယ်ကိုကို''


''အင်း''


ဘုန်းခန့် သူမခေါ်ရာနောက်ကိုလိုက်လာခဲ့လိုက်သည်။

အခုသူမ,လိုချင်တာတွေသူလိုက်ဝယ်ပေးလိုက်မည်။

လမ်းခွဲခြင်းလက်ဆောင်အနေနဲ့ပေါ့။


***


C.2ဆက်ရန်

Report Page