အခန်း (၉၉) အနီရောင် မီးခိုးတိုင်

အခန်း (၉၉) အနီရောင် မီးခိုးတိုင်

သော်ထက်ဇင်

နေ့လယ်ခင်း နောက်ပိုင်းမှာ ကလိုင်းဟာ အိမ်ပြန်ပြီး လိုက်ကာတွေ ဆွဲပိတ်ကာ သူ့အခန်းကို မှောင်အောင် လုပ်ပါတယ်။

ပြီးတဲ့အခါမှာတော့ ဖော့ပင်နဲ့ စာရွက်ထုတ်ပြီး သူ တော်တော်ကြာအောင် တွေးထားတဲ့ စာကြောင်းတစ်ကြောင်းကို ချရေးပါတယ် “အဲလိယက် ပြန်ပေးဆွဲခံရတာက သာမန်ထက် လွန်ကဲတဲ့ အကြောင်းတရားတွေကြောင့်ပဲ”

သူဟာ အမြင်ဆရာ တစ်ယောက်မလို့ အဲဒီတိုက်ဆိုင်မှုတွေက သာမန်မဟုတ်တဲ့ အကြောင်းတွေကြောင့် ဖြစ်လာတာလားလို့ တွက်ချက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဖြေက မဟုတ်ဘူးလို့ ပြပါတယ်။

ဒီတစ်ကြိမ်မှာတော့ သူဟာ အက်ဇစ်ရဲ့ စကားကြောင့် ဒီကိစ္စတွေကို ပြန်တွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဝတ်စုံနဲ့လူပြက်ဆီက သင်ခန်းစာ ရထားခဲ့တာမလို့ သူဟာ ဝေဝါးတဲ့အဖြေနဲ့ မသဲကွဲတဲ့အဖြေ မရအောင် ဗေဒင်တွက်မဲ့ စာကြောင်းကို သေသေချာချာ စဉ်းစားထားပါတယ်။

‘ဟုတ်တယ်... ငါ ဒီတိုက်ဆိုင်မှု သုံးခုကို တစ်ခုချင်းစီ တွက်ကြည့်သင့်တယ်...’ ကလိုင်းဟာ တွေးရင်း ခေါင်းညိတ်ပြီး လက်ကောက်ဝတ်က ဥဿဖရားကို ချွတ်ပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်ချိန်သီးကို ဘယ်လက်မှာ ကိုင်ပြီး စာရွက်ပေါ်မှာ တွဲလောင်းချပါတယ်။

သူ့ကိုယ်တိုင်လည်း တွေးခေါ်မှု အခြေအနေထဲ ဝင်ပြီး မျက်လုံးမှိတ်ကာ ထပ်ခါထပ်ခါ ရွတ်ဆိုပါတယ် “အဲလိယက် ပြန်ပေးဆွဲခံရတာက သာမန်ထက် လွန်ကဲတဲ့ အကြောင်းတရားတွေကြောင့်ပဲ”

...

သူဟာ ဒီစာကြောင်းကို ထပ်ခါထပ်ခါ ရွတ်ပြီးလို့ မျက်လုံး ဖွင့်ပြီး ချိန်သီးကို ကြည့်လိုက်တဲ့အခါ ဥဿဖရားက နာရီလက်တံ ပြောင်းပြန်အတိုင်း ဖြည်းဖြည်းချင်း လည်သွားတာ တွေ့လိုက်ရပါတယ်။

“မဟုတ်ဘူး ပြနေတုန်းပဲ...” ကလိုင်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ သူဟာ တခြား စာကြောင်းတွေသုံးပြီး တွက်ချက်ကြည့်ပေမဲ့ ရလဒ်က မပြောင်းလဲပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ထူးခြားတာ မရှိသလိုပါပဲ။

အဲဒီနောက် သူဟာ ထင်းဂန်မြို့မှာ ရေးဘီဘာ ဆက်နေတဲ့ ဖြစ်ရပ်နဲ့ ဆယ်လီနာရဲ့ မှော်မှန်ဗေဒင် မတော်တဆမှုတွေကို သီးခြားခွဲပြီး တွက်ကြည့်ပါတယ်။ ဒါပေမဲ့ အဖြေက ဒီဖြစ်ရပ်နှစ်ခုစလုံး သာမန်တွေချည်းပါပဲ။

‘ဟီးဟီး... ငါ့လို အမြင်ဆရာစစ်စစ် တစ်ယောက်က ဆရာယောင် အက်ဇစ်ရဲ့ စကားကြောင့် လန့်သွားရတယ်လို့... နောက်ပြီး ကပ္ပတိန်နဲ့ တခြားလူတွေလည်း ဘာမှ ခံစားရတာ မဟုတ်ဘူး...’ ကလိုင်းဟာ ရယ်ပြီး ခေါင်းခါပါတယ်။ ဒါပေမဲ့ သူဟာ သတိကြီးသူမလို့ နောက်ဆုံးအနေနဲ့ အိပ်မက်ဗေဒင်သုံးပြီး အတည်ပြုမယ်လို့ ဆုံးဖြတ်ပါတယ်။

တစ်ခဏ တွေးပြီးတဲ့အခါမှာတော့ ဗေဒင်တွက်ရမဲ့ နည်းလမ်းနဲ့ ကိုက်အောင် စာကြောင်းကို ပြောင်းလိုက်ပါတယ်။

“အဲလိယက် ပြန်ပေးဆွဲခံရတဲ့ တကယ့် အကြောင်းရင်း” ဖော့ပင်နဲ့ ချရေးပြီးတဲ့အခါ ကလိုင်းဟာ သူ့စကားလုံးတွေကို ပြန်တွေးပါတယ်။

ထပ်ခါထပ်ခါ ဖတ်ပြီးတဲ့အခါမှတော့ သူဟာ အဲဒီစာရွက်ကို ဆုတ်ဖြဲယူပြီး ခုတင်ဆီ လျှောက်သွားပါတယ်။ အဲဒီနောက် အကြောလျှော့ပြီး လဲလျောင်းလိုက်ပါတယ်။ စာရွက်ကို လက်ထဲမှာ ကိုင်ထားရင်း တွေးခေါ်မှု အခြေအနေရဲ့ ကူညီမှုနဲ့ ကလိုင်းဟာ ခပ်မြန်မြန်ပဲ အိပ်ပျော်သွားပါတယ်။

သူဟာ ပုံပန်းမကျဘဲ ကျိုးပျက်နေတဲ့ ကမ္ဘာတစ်ခုဆီ ရောက်သွားပါတယ်။ သတိပြန်ဝင်လာတာနဲ့ သူဟာ လျှောက်ကြည့်ပါတယ်။

တဖြည်းဖြည်းနဲ့ သူဟာ ပြန်ပေးဆွဲသမားတွေကို မြင်သွားပါတယ်။ ပြန်ပေးဆွဲသမားတွေဟာ လောင်းကစားဝိုင်းမှာ ရှိသမျှအကုန် ရှုံးသွားပြီး ဒုစရိုက်ဂိုဏ်းတွေဆီကနေ သေနတ်ရသွားတာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် သူတို့တွေဟာ ပတ်ဝန်းကျင်ဟာ လျှောက်ကြည့်ပြီး ရေးဘီဘာရဲ့ ဆန့်ကျင်ဘက် အခန်းကို ငှားရမ်းတာ တွေ့လိုက်ရပါတယ်။

ဒီမြင်ကွင်းတွေက ဆက်တိုက် ပေါ်လာတာ မဟုတ်ပါဘူး။ လျှပ်တစ်ပြက် ပုံစံမျိုးနဲ့ ပေါ်လာတာပါ။ ကလိုင်းဟာ ထူးခြားတာ ဘာတစ်ခုမှ မတွေ့ရပါဘူး။ နောက်ပြီး ဒါက ပြန်ပေးဆွဲသမားတွေ ထွက်ဆိုထားတာနဲ့ ကိုက်ညီပါတယ်။

အိပ်မက်ထဲက ထွက်ပြီးနောက် ကလိုင်းဟာ တခြားဖြစ်ရပ်နှစ်ခုကိုလည်း တစ်ခုချင်းစီ တွက်ချက်ကြည့်တဲ့အခါ အဖြေက အတူတူပါပဲ။ အကုန်လုံးက ယုတ္တိရှိပါတယ်။ တကယ်ကို တိုက်ဆိုင်မှုပါ။

‘ငါ တကယ်ကို အတွေးလွန်နေတာပဲ... မစ္စတာအက်ဇစ်က ဗေဒင်ပညာကို စိတ်ဝင်စားတဲ့ လူတစ်ယောက်သာသာပဲ ဟာကို...’ ကလိုင်းဟာ ဥဿဖရားကို သိမ်းရင်း ခေါင်းခါကာ မချိုပြုံး ပြုံးလိုက်ပါတယ်။

အဲဒီနောက် အလင်းရောင် ရအောင် လိုက်ကာတွေ ဆွဲဖွင့်တော့မဲ့ဆဲဆဲမှာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

‘အရင်ကလိုင်းရဲ့ အမြင်မှာ မစ္စတာအက်ဇစ်က မှီခို ယုံကြည်လို့ရတဲ့ လူပဲ... သူက အကျိုးအကြောင်းမဲ့ တစ်ခုမှ မပြောဖူးဘူး... ဆရာနဲ့ အမြဲတမ်း စကားနိုင်လုရင်တောင် ပညာရပ်ဆိုင်ရာပဲ ပြောတာ... နှစ်ယောက်စလုံးက အကြောင်းရင်းကိုယ်စီ ရှိတယ်... သူက ဗေဒင်ပညာကို စိတ်ဝင်စားရုံပဲဆိုရင် ငါ့ကို ဒီလိုမျိုးပြောမှာ မဟုတ်ဘူး... အရင်ကလိုင်းရဲ့ မှတ်ဉာဏ်ထဲမှာ သူ ဗေဒင်ပညာကို စိတ်ဝင်စားတယ်လို့ မပါဘူး... ငါ မှတ်ဉာဏ် ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်တာပဲ...’ ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်မချနိုင်အောင် ဖြစ်သွားပါတယ်။ သူ ဒီဟာကို တစ်နည်းနည်းနဲ့ အတည်ပြုရပါမယ်။

ကလိုင်းဟာ မစ္စတာအက်ဇစ်က အတွင်းရေး သတင်းတချို့ကို မတော်တဆ သိထားလို့ ဗေဒင်ပညာကို အကြောင်းပြပြီး သူ့ကို သတိပေးတာ ဖြစ်နိုင်တယ်လို့ သံသယ ဝင်နေပါတယ်။

‘ငါ ဒါကို ဘယ်လို အတည်ပြုရမလဲ’ ကလိုင်းဟာ မှောင်မိုက်တဲ့ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တခြားတွက်နည်းတွေကို စဉ်းစားပါတယ်။

ခြေတစ်လှမ်း။

ခြေနှစ်လှမ်း။

ခြေသုံးလှမ်း။

ခေါင်းထဲကို အကြံတစ်ခု ရုတ်တရက် ဝင်လာတဲ့အတွက် သူ့ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားပါတယ်။

‘ဒီတိုက်ဆိုင်မှုတွေက တကယ်ကို သံသယဝင်စရာ ကောင်းတယ်လို့ စဉ်းစားကြည့်ရအောင်... အဲဒါဆိုရင် ငါ အကြောင်းရင်းကို မတွက်ချင်နိုင်တာက ငါ့ဆုံမှတ်နိမ့်လို့ ဒါမှမဟုတ် ပြင်ပနှောင့်ယှက်မှု တစ်ခုခုကြောင့်ပဲ... အဲဒါဆို ငါ့ပတ်ဝန်းကျင်ကို ပြောင်းရမယ်... ဒီထက် ပိုလျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ဖို့ ပိုခက်တဲ့ ပတ်ဝန်းကျင်ကို ပြောင်းရမယ်’

ကလိုင်းဟာ အံ့ဆွဲ ဆွဲဖွင့်ပြီး ငွေဓားမြှောင် ထုတ်လိုက်ပါတယ်။ အဲဒီနောက် စိတ်စုစည်းကာ စိတ်ဝိညာဉ်စွမ်းအားကို ဓားမြှောင်ရဲ့ ဓားဦးကနေ စီးထွက်စေပြီး ပတ်ဝန်းကျင်နဲ့ တစ်သားတည်း ဖြစ်စေပါတယ်။

ပြီးတဲ့အခါမှာ လမ်းလျှောက်ပြီး တစ်ခန်လုံးကို စိတ်ဝိညာဉ်နံရံနဲ့ ချိပ်ပိတ်လိုက်ပါတယ်။

ကလိုင်းဟာ မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ်လောကမှာ တွက်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

...

မီးခိုးရောင် မြူခိုးထက်က ကြီးကျယ်ခမ်းနားတဲ့ ရှေးဟောင်းခန်းမ။

ကလိုင်းဟာ ကြေးစားပွဲရှည်ရဲ့ ခေါင်းဆောင်နေရာမှာ ထိုင်နေပါတယ်။ သူ့ရှေ့မှာတော့ သူ့စိတ်နဲ့ ဖန်တီးထားတဲ့ သိုးသားရေစ တစ်စ ရှိနေပါတယ်။

သူဟာ ဖော့ပင်ကိုမပြီး သူ စောစောက ရေးခဲ့တဲ့ စာကြောင်းကို ပြန်ရေးပါတယ်။

“အဲလိယက် ပြန်ပေးဆွဲခံရတာက သာမန်ထက် လွန်ကဲတဲ့ အကြောင်းတရားတွေကြောင့်ပဲ”

သူဟာ စိတ်ဝိညာဉ်ချိန်သီးကို ကိုင်ပြီး သိုးသားရေစနဲ့ ထိလုနီး တွဲလောင်း ချပါတယ်။ အဲဒီနောက် စိတ်ကို ငြိမ်သက်အောင်ထားပြီး မျက်လုံးတစ်ဝက်မှိတ်ကာ အဲဒီစာကြောင်းကို ၇ ခေါက် ရွတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး အကုန်လုံးရဲ့ အထက်မှာရှိတဲ့ စိတ်ဝိညာဉ်လောကနဲ့ ဆက်သွယ်ပါတယ်။

ငွေချိန်းကြိုး လှုပ်လာတာကို ခံစားမိတဲ့အတွက် ကလိုင်းဟာ မျက်လုံးဖွင့်ပြီး ချိန်သီးကို ကြည့်လိုက်ပါတယ်။

သူ့ရှေ့က မြင်ကွင်းဟာ ကလိုင်းကို ချက်ချင်း အေးခဲသွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချိန်သီးက နာရီလက်တံအတိုင်း လည်နေလို့ပါ။

ဒါက အဲလိယက် ပြန်ပေးဆွဲခံရတဲ့ နောက်ကွယ်မှာ သာမန်ထက် လွန်ကဲတဲ့ အကြောင်းတရားတွေ ရှိနေတယ်လို့ ဆိုလိုပါတယ်။ ဒါက သူ အပြင်ဘက်မှာ တွက်ချက်လို့ ရလာတာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။

‘နှောင့်ယှက်ခံရတဲ့ သဲလွန်စ တစ်စက်မှကို မရှိဘူး... ဒီလိုစွမ်းအားမျိုး ဒီလိုနည်းလမ်းမျိုးက ကြောက်စရာကောင်းတယ်... ဒီနောက်ကွယ်မှာရှိတဲ့ လူရဲ့ ရည်ရွယ်ချက်က ဘာလဲ... ငါ့ရဲ့ကံကြမ္မာက အန်တီဂိုနပ်မိသားစု ဒိုင်ယာရီနဲ့ ဆက်စပ်နေတာလား...’ ကလိုင်းဟာ တော်တော် လန့်သွားပါတယ်။ တည်ငြိမ်မှု ပျက်ပြားသွားတဲ့အတွက် ချိန်သီးရဲ့ လည်ပတ်မှုဟာလည်း ဝရုန်းသုန်းကား ဖြစ်သွားပါတယ်။

သူဟာ ဥဿဖရားကို အောက်ချပြီး မျက်ခုံးလယ်ကို ပွတ်သပ်ပါတယ်။ သူ့အမူအရာဟာ တော်တော်လေးကိုမှ လေးနက် တည်ကြည်သွားပါတယ်။

လေးငါးဆယ်စက္ကန့်လောက် ချင့်ချိန်စဉ်းစားပြီးနောက် သူဟာ တခြားဖြစ်ရပ်နှစ်ခုကို တွက်ချက်ဖို့ မကြိုးစားပါဘူး။ အဲဒီအစား နောက်ထပ်တွက်ချက်ဖို့ စာကြောင်းအသစ် တစ်ကြောင်း ရေးလိုက်ပါတယ်။

“အဲလိယက် ပြန်ပေးဆွဲခံရတဲ့ အကြောင်းရင်းမှန်”

သူဟာ စာရွက်ကို လက်ထဲမှာကိုင်ပြီး ခုနစ်ခေါက် ရွတ်ပါတယ်။ အဲဒီနောက် ကုလားထိုင်မှာ နောက်မှီပြီး မြူခိုးထက်မှာ အိပ်မောကျသွားပါတယ်။

မကြာခင်မှာပဲ သူဟာ အပြောကျယ်လှတဲ့ ဝိုးတိုးဝါးတား ဖြူမှိုင်းမှိုင်း မြူခိုးတွေကို တွေ့လိုက်ရပါတယ်။ မြူခိုးတွေဟာ ဖြည်းဖြည်းချင်း လွင့်ပါး ပျောက်ကွယ်သွားပြီး ပန်းပင်တွေနဲ့ ပြည့်နေတဲ့ ရောင်စုံမြက်ခင်းပြင်တစ်ခု ပေါ်လာပါတယ်။

ပန်းပင်တွေနဲ့ မြက်ခင်းပြင်နောက်က ကွက်လပ်ဟာ မွန်းစတားတစ်ကောင် အသက်ဝင်လာသလိုမျိုး သူ့ဘာသာ ပြိုလဲလာပါတယ်။

ကလိုင်းဟာ အကောင်းဆုံး ကြိုးစားပြီး ရှေ့ကို ကြည့်တဲ့အခါ နီမှောင်ရောင် မီးခိုးတိုင်တစ်တိုင်ကိုပဲ ခပ်ရေးရေး တွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရှေ့က မြင်ကွင်းတစ်ခုလုံး ကွဲကြေသွားပြီး အိပ်မက်လည်း အဆုံးသတ်သွားပါတယ်။

ကလိုင်းဟာ ဆတ်ခနဲ ကောက်ထိုင်လိုက်ပါတယ်။ သူ့နှလုံးသားဟာ အကြောင်းအရင်းမရှိ အရူးအမူး ခုန်‌နေပါတယ်။

“ဟူး...”

‘ငါ ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို ချောင်းကြည့်မိသလို ခံစားရတယ်...’ သူဟာ အသက်အရှည်ကြီး နှစ်ခါ ရှူသွင်းပြီး ယောင်ယက်ခတ်နေတဲ့ ခံစားချက်တွေကို တည်ငြိမ်အောင် ကြိုးစားပါတယ်။

“တောက်... တောက်... တောက်...”

ကလိုင်းဟာ စားပွဲစွန်းကို လက်နဲ့တောက်ရင်း အတွေးနက်သွားပါတယ်။

‘အနီရောင် မီးခိုးတိုင်... ဥယျာဉ်... မြက်ခင်းပြင်... ဒါတွေက ဒီနောက်ကွယ်မှာရှိတဲ့ လူနဲ့ ဘယ်လိုမျိုး ပတ်သက်နေတာလဲ... ဒီတိုက်ဆိုင်မှုတွေကနေ သူ့ရည်ရွယ်ချက်ကို ငါ ခန့်မှန်းလို့ မရဘူး... သူ့မှာ မကောင်းတဲ့စိတ် ရှိတယ် မရှိဘူး ဆိုတာကိုလည်း ကောက်ချက်ချလို့ မရဘူး...’

အတွေးများနေတုန်းမှာ ကလိုင်းဟာ ထိတ်လန့် တုန်လှုပ်မှုကို ခံစားလိုက်ရပါတယ်။ သူကိုယ်တိုင်နဲ့ တခြားလူတွေအတွက်ပါ။

‘ငါတို့တွေက ကြိုးတစ်ချောင်းပေါ်မှာ ကနေတဲ့ ရုပ်သေးရုပ်တွေပဲ... ပိုပြီးတော့ ကြောက်စရာကောင်းတာက ငါတို့ကိုယ်ငါတို့ အမြင့်ကြီး တွေးထားတာပဲ...’

‘ဟင်း.. ငါ ဒီကိစ္စကို ကပ္ပတိန်သိအောင် ဘယ်လိုလုပ်ရမလဲ... လူအိုကြီးနီးလ်ရဲ့ တွက်ချက်မှုက ငါ အပြင်မှာ တွက်ချက်သလိုပဲ... ငါ့ကို သူတို့ရှေ့မှာ သက်သေပြခိုင်းရင် ငါ ဘာမှ လုပ်ပြနိုင်မှာ မဟုတ်ဘူး...’ ကလိုင်းဟာ နားထင်ကို ပွတ်ရင်း ခေါင်းကိုက်ချင်သလို ဖြစ်သွားပါတယ်။

စက္ကန့်နှစ်ဆယ်လောက် ကြာတဲ့အခါမှာတော့ သူဟာ ရေးဘီဘာ ထင်းဂန်မြို့မှာ နေတဲ့ ကိစ္စကို တွက်ချက်ပါတယ်။ ပထမဆုံး သူဟာ စိတ်ဝိညာဉ်ချိန်သီး ဗေဒင် သုံးပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဥဿဖရားက မလှုပ်မယှက် ရပ်နေတာကို ကလိုင်း တအံ့တဩ တွေ့လိုက်ရပါတယ်။ ဒါက အတည်ပြုတာလည်း မဟုတ် ငြင်းဆန်တာလည်း မဟုတ်ပါဘူး။

“ထူးဆန်းတယ်...” ကလိုင်းဟာ တစ်ကိုယ်တည်း ရေရွတ်ပြီး ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကို ခန့်မှန်းပါတယ် “ဒီနောက်ကွယ်မှာရှိတဲ့လူက ငါ တွက်ချက်တာကို အာရုံခံမိလို့ တန်ပြန်အစီအမံတွေ လုပ်လိုက်တာလား”

အဲဒီနောက် သူဟာ အိပ်မက်ဗေဒင်နဲ့ တွက်ချက်ကြည့်ဖို့ ကြိုးစားကြည့်တဲ့အခါ အပိုင်းပိုင်းဖြစ်နေတဲ့ မြူခိုး အပိုင်းအစတွေကိုပဲ တွေ့ရပါတယ်။ ဘယ်သဲလွန်စ အသစ်ကိုမှ ထပ်ပြီးတော့ ရှာမတွေ့တော့ပါဘူး။

ဆယ်လီနာ မှော်မှန်ဗေဒင် အဖြစ်အပျက်ကို တွက်ချက်တဲ့ ရလဒ်ကလည်း အတူတူပါပဲ။

ဒီအခြေအနေမှာ ကလိုင်းဟာ သူ့ခန့်မှန်းချက်က ၉၉ ရာခိုင်နှုန်း မှန်တယ်ဆိုတာကို အတည်ပြုနိုင်သွားပါတယ်။ လောလောဆယ်မှာ ကပ္ပတိန်ဒန်းစမစ်တို့ကို သတိပေးနိုင်မဲ့ နည်းလမ်းမရှိတဲ့အတွက် သူ့စွမ်းအားကို တိုးတက်အောင် လုပ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာပါတယ်။

‘ငါ ဗေဒင်ကလပ်ဆီသွားပြီး သရုပ်ဆောင်တဲ့ နည်းလမ်းနဲ့ အမြင်ဆရာ ဆေးရည်ကို မြန်မြန်ဆန်ဆန် ချေဖျက်ရမယ်... နောက်ပြီး အမြင်ဆရာရဲ့ အဆင့်တက်ဆေးရည်က လူရွှင်ဆေးရည်ဆိုတာကို အတည်ပြုရမယ်... အဲဒီဆေးရည်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကိုလည်း စုဆောင်းရမယ်... နောက်ပြီး ငါ မစ္စတာအက်ဇစ်နဲ့ ပိုပြီးတော့ နီးစပ်ဖို့ လိုတယ်... သူ့ဆီမှာ ဘာသတင်းအချက်အလက်တွေ ရှိလဲဆိုတာ နှိုက်ထုတ်ကြည့်ရမယ်...’

ကလိုင်းဟာ နဖူးကို ညာလက်ဝါးနဲ့ ကိုင်ထားရင်းက အစီအစဉ် ကောက်ဆွဲပြီး ဘာကို အာရုံစိုက်ရမလဲဆိုတာ ဆုံးဖြတ်ပါတယ်။ တစ်ခဏ ထပ်တွေးပြီးနောက် သူ့ရှေ့မှာ သိုးသားရေစာတစ်စ ပေါ်လာပါတယ်။ သူဟာ ဖော့ပင်ကို ကောက်ယူပြီး ချရေးပါတယ်။

“ဆုံမှတ် ၉ အမြင်ဆရာရဲ့ အဆင့်တက် ဆေးရည်က ဆုံမှတ် ၈ လူရွှင်ပဲ”

အရင်အတွေ့အကြုံကနေ မီးခိုးရောင် မြူခိုးကမ္ဘာထက်မှာ သူ့ရဲ့ တွက်ချက်နိုင်စွမ်းက အများကြီး တိုးမြှင့်သွားတာကို ကလိုင်း လုံးဝ လက်ခံသွားပါပြီ။ အဲဒီနောက် သူဟာ စိတ်ဝိညာဉ်ချိန်သီးကို ကောက်ယူပါတယ်။

တစ်ခဏအကြာမှာတော့ ကလိုင်းဟာ သေချာတဲ့ အဖြေတစ်ခု ရသွားပါတယ်။

ဟုတ်ပါတယ်။ ဆုံမှတ် ၉ အမြင်ဆရာရဲ့ အဆင့်တက်ဆေးရည် ဆုံမှတ် ၈ က လူရွှင်ပါ။

အဲဒီနောက် သူဟာ စာရွက်ပေါ်မှာ ထပ်ပြီးတော့ ချရေးပါတယ်။

“အမြင်ဆရာရဲ့ နောက်ပိုင်း ဆုံမှတ် ၈ ၇ ၆ နဲ့ ၅ တွေက တစ်ခုနဲ့တစ်ခု မသက်ဆိုင်တဲ့ စွမ်းအားအသစ် တစ်မျိုးစီ ပေးတယ်”

ကလိုင်းဟာ အသက်ရှူထုတ်ပြီး စိတ်ဝိညာဉ်တုတ်ဗေဒင်ကို ထပ်သုံးပါတယ်။

သို့ပေမဲ့ ဥဿဖရားက မလှုပ်မယှက် ရပ်နေတာကို သူ တွေ့လိုက်ရပါတယ်။

“သတင်းအချက်အလက် မလုံလောက်လို့ မတွက်ချက်နိုင်ဘဲ အဖြေ မထုတ်နိုင်တာလား...” ကလိုင်းဟာ သူ့ဘာသာ ရေရွတ်ရင်း အတွေးနက်သွားပါတယ်။ အဲဒီနောက် သူဟာ ငွေချိန်းကြိုးကို အောက်ချပြီး အိပ်မက်ဗေဒင်တွက်ဖို့ စာကြောင်း စဉ်းစားပါတယ်။

စက္ကန့်နှစ်ဆယ်လောက် ကြာတဲ့အခါမှာ‌တော့ သူဟာ ဖော့ပင် ထပ်ကိုင်ပြီး လေးလေးနက်နက် ချရေးပါတယ် “လူရွှင် ဆေးရည်ဆီ ညွှန်ပြတဲ့ သဲလွန်စများ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

 


Report Page