အခန်း (၁၀၃) မလှုပ်ရှားချင်ပေမဲ့

အခန်း (၁၀၃) မလှုပ်ရှားချင်ပေမဲ့

သော်ထက်ဇင်

‘သူက အမှတ်(၁၉) ဟောက်လမ်းမှာ နေတာလား...’

အိမ်လိပ်စာကို အလွတ်မှတ်တဲ့ ကလိုင်းဟာ အချက်တစ်ခုကို သတိထားမိလိုက်ပါတယ်။

‘ဝဲလ်က ဟောက်လမ်းမှာ နေတာပဲ... ဗေဒင်ကလပ်ကလည်း ဟောက်လမ်းမှာပဲ... ဒီအထည်ကုန်သည် ဆီးရီးယပ် အဲရက်ဗစ်ကလည်း ဟောက်လမ်းမှာ နေတာပဲ... ဒီတော့ ဝဲလ် ဟန်းနစ်ဗင်းဆင့်ကို သိတာ အံ့ဩစရာ မရှိဘူး... သူတို့တွေ ဆီးရီးယပ် အဲရက်ဗစ်ကနေ အချင်းချင်း သိသွားတာတောင် ဖြစ်နိုင်တယ်’

ကလိုင်းဟာ သဲလွန်စတွေကို ရုတ်တရက် ချိတ်ဆက်မိပြီး အတွေးတွေ ကြည်လင် ပြတ်သားသွားပါတယ်။

သူဟာ ပထမတုန်းက ဝဲလ် ဘယ်လိုလုပ်ပြီး ဟန်းနစ်ဗင်းဆင့်ကို သိခဲ့လဲဆိုတာ စဉ်းစားလို့ မရခဲ့ပါဘူး။ အစတုန်းက ဝဲလ်ဟာ ဂမ္ဘီရပညာကို အဲဒီလောက်ထိ စိတ်မဝင်စားပါဘူး။ ဘဏ်သမားရဲ့ သားဆိုတော့ သူက ဂမ္ဘီရပညာထက် ပိုက်ဆံကို တန်ဖိုး ပိုထားပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့တွေ ဘယ်လိုသိသွားလဲဆိုတာ အရိပ်အမြွက် သိလိုက်ရပါပြီ။

‘မဂ္ဂဇင်းတွေထဲမှာ ရေးထားသလောက်ဆိုရင် လူလတ်တန်းစားတွေနဲ့ ချမ်းသာကြွယ်ဝတဲ့လူတွေက အကျိုးအမြတ်ရဖို့အတွက် သူတို့နဲ့ လူမှုအဆင့်အတန်းချင်းတူတဲ့ အိမ်နီးနားချင်းတွေနဲ့ စိတ်ပါလက်ပါ မိတ်ဆွေဖွဲ့ကြတယ်... ဝဲလ်နဲ့ အထည်ကုန်သည် ဆီးရီးယပ် အဲရက်ဗစ်က ဟောက်လမ်း တစ်လမ်းတည်းမှာ နေတာဆိုတော့ မိတ်ဆွေဖွဲ့ဖို့ အကြောင်းအရင်းရော အခွင့်အရေးရော ရှိတယ်...’

‘ဆီးရီးယပ် ဟန်းနစ်ဗင်းဆင့်ကို သိတာကလည်း နားလည်ဖို့ မခက်ဘူး... ဟန်းနစ်ဗင်းဆင့်က ဟောက်လမ်းပေါ်မှာရှိတဲ့ ဗေဒင်ကလပ်ဆီ မကြာခင် သွားတာဆိုတော့ သူတို့နှစ်ယောက် မတော်တဆ တွေ့သွားတာ ဖြစ်နိုင်တယ်... ဒါမှမဟုတ် ဟန်းနစ်က သူ့ကို တစ်ခုခု ကူညီပေးလိုက်တာလဲ ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က မကြာခဏ တွေ့မိပြီး တဖြည်းဖြည်း ရင်းနှီးလာတာ ဖြစ်လိမ့်မယ်...’

‘ဟန်းနစ်ဗင်းဆင့်က သူ့ရဲ့ ရှေးဟောင်းစာအုပ်တွေကို ရောင်းချင်တော့ ဆီးရီးယပ်က သမိုင်းနဲ့ ဘွဲ့ရထားတဲ့ ဝဲလ်ကို မိတ်ဆက်ပေးတယ်...’

‘ဟန်းနစ်ရဲ့ အိပ်မက်ထဲမှာ မကောင်းဆိုးဝါး နတ်ဘုရားလို့ သံသယရှိတဲ့ ဖန်တီးရှင်စစ် ပေါ်လာတယ်... သူက မန္တန်ရဲ့ အထားအသိုကိုလည်း သိတယ်... ဒါကို ကြည့်ခြင်းအားဖြင့် သူက ဂမ္ဘီရနယ်ပယ်မှာ ထဲထဲဝင်ဝင် လေ့လာထားတာဆိုတာ သိသာတယ်... ဒီတော့ သူက လျှို့ဝှက်ဂိုဏ်းတစ်ခုခုရဲ့ အဖွဲ့ဝင်တစ်ယောက်တောင် ဖြစ်နိုင်ခြေရှိတယ်...’

‘အဲဒီလိုမဟုတ်လည်း ဆီးရီးယပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ လျှို့ဝှက်ဂိုဏ်းတစ်ခုထဲ ဝင်သွားတာလည်း ဖြစ်နိုင်တယ်...’

...

အတွေးစတွေ တသီကြီး ပေါ်လာတဲ့အတွက် ဒီလူ ချန်ထားခဲ့တဲ့ အချက်အလက်တွေက အခြေအနေတစ်ခုထိ မှန်ကန်နေတယ်ဆိုတာကို ကလိုင်း ဗေဒင်မတွက်ဘဲ သိလိုက်ပါတယ်။

‘သူက ဆီးရီးယပ် အဲရက်ဗစ်လို့ မခေါ်ရင်တောင်... အထည်ကုန်သည် မဟုတ်ရင်တောင်... အမှတ် (၁၉) ဟောက်လမ်းမှာ မနေရင်တောင်... သေချာပေါက် ဟောက်လမ်းမှာ နေမှာပဲ... အနည်းဆုံး အဲဒီနားပတ်ဝန်းကျင်မှာ ရှိလိမ့်မယ်’

အတွေးသစ်တွေ ပေါ်လာတဲ့အတွက် ကလိုင်းဟာ ဂျာနယ်ငှားရမ်းမှတ်တမ်းကို ဒီအတွေးတွေနဲ့ နောက်တစ်ခါ ထပ်ကြည့်ပါတယ်။

‘သူ ဒူဝီဗီုစာကြည့်တိုက်ဆီ နောက်ဆုံးတစ်ခေါက် လာခဲ့တာက ပြီးခဲ့တဲ့ စနေနေ့ကပဲ... အဲဒီနေ့က ဆယ်လီနာရဲ့ မွေးနေ့ပွဲမတိုင်မီ တစ်ရက်အလိုပဲ... ဟန်းနစ်ဗင်းဆင့် မသေခင် တစ်ရက်အလိုလည်း ဟုတ်တယ်... အခု လေးငါးရက်ကြာသွားပြီ... သူ ငှားထားတဲ့ ဂျာနယ်တွေ လာပြန်မအပ်သေးဘူး’

‘အရင်မှတ်တမ်းတွေအရ သူ ဂျာနယ်နှစ်အုပ်ပဲ ငှားသွားရင် နောက်တစ်နေ့ ပြန်လာအပ်တာပဲ...’

‘ဟန်းနစ် သေသွားတာကို ကြားပြီး ကြောက်လွန်းလို့ ဒူဝီဗီု စာကြည့်တိုက်ကိုတောင် မလာရဲတော့တာလား...’

‘ဟုတ်တယ်... သူက ရေရေရာရာမရှိတဲ့ သမိုင်းစာအုပ်နဲ့ ဂျာနယ်တွေကို အရင်ဆုံး စငှားပြီးမှ ဟွန်းနာဆစ်တောင်တန်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ငှားခဲ့တာ...’

‘သူ့ကို ဘယ်သူမှ သင်မပေးဘူးဆိုတာ သိသာတယ်... ငါ့လိုမျိုး သမိုင်းဌာနက တွဲဖက်ပါမောက္ခရဲ့ အကူအညီ မရှိတော့ ကြိုးစားစမ်းသပ်ပြီး သူလိုချင်တာကို ရှာဖွေခဲ့တာပဲ’

‘လန့်သွားတဲ့ ပစ်မှတ်က ဘာလုပ်မလဲ... နှစ်ခုပဲ ရှိတယ်... သူ့မှာ လိုအပ်တဲ့ အချက်အလက် အပြည့်အစုံရှိရင် ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်ဆီ သွားမယ်... သတင်းအချက်အလက် မလုံလောက်သေးရင် သိုသိုသိပ်သိပ်နေပြီး အခြေအနေကို စောင့်ကြည့်မယ်... ဟန်းနစ်ရဲ့ သေဆုံးမှုက သူ့ကို လာမငြိစွန်းဘူးဆိုတာ သေချာအောင် အတည်ပြုပြီးမှ လူရှေ့ပြန်ထွက်လာလိမ့်မယ်...’

ဒီကောက်ချက်ကို ချပြီးတဲ့နောက် ကလိုင်းဟာ ဂျာနယ်ငှားရမ်း မှတ်တမ်းတွေကို စာကြည့်တိုက် ဝန်းထမ်းတွေဆီ ပြန်ပေးလိုက်ပါတယ်။အဲဒီနောက် ပုံတူပန်းချီကို ထုတ်ပြီး မြင်ဖူးလား မေးပါတယ်။ ကံဆိုးချင်တော့ စာကြည့်တိုက်မှာ စာအုပ်ငှားတဲ့လူတွေက နေ့စဉ် ဒုနဲ့ဒေးပါ။ အဲဒီတော့ စာကြည့်တိုက်ဝန်ထမ်းတွေဟာ ပုံတူပန်းချီထဲကလူကို နည်းနည်းလေးတောင် မမှတ်မိပါဘူး။

“အင်း... ရပြီ... အခုလို ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးပါပဲ” ကလိုင်းဟာ သူ့ရဲ့ သက်သေခံကဒ်ပြားနဲ့ ရဲတံဆိပ်ကို ပြန်သိမ်းပါတယ်။

သူဟာ တစ်ကိုယ်တော် ဆက်ပြီးတော့ စုံစမ်းဖို့ စိတ်ကူးမရှိပါဘူး။ တစ်ကိုယ်တော် စုံစမ်းတာက အန္တရာယ်လည်း များတဲ့အပြင်း ကရိကထလည်း များပါတယ်။ အဲဒါကြောင့် သူဟာ ဇိုးတလန်လမ်းဆီသွားပြီး ဒီကိစ္စကို ကပ္ပတိန်တို့လက်ထဲ အပ်ဖို့ စီစဉ်ထားပါတယ်။ ပြီးတော့မှ အိမ်ပြန်ပြီး သူ့အစ်ကိုနဲ့ညီမတွက် အမဲမြီးခရမ်းချဉ်သီး စွပ်ပြုတ်ချက်မှာပါ။ အဲဒါတွေ အကုန်လုံး ပြီးရင်တော့ မီးခိုးရောင်မြူခိုးထက်က လောကဆီသွားပြီး ပစ်မှတ်ရဲ့ တည်နေရာနဲ့ အခြေအနေကို တွက်ချက်ဖို့ စီစဉ်ထားပါတယ်။

“ရဲအုပ်ခင်ဗျာ... တခြားဘာများ ကူညီပေးရဦးမလဲ မသိဘူး” စာကြည့်တိုက် ဝန်ထမ်းတစ်ယောက်က သက်ပြင်းရှည်ကြီးချပြီး စိတ်ရင်းနဲ့ မေးပါတယ်။

ကလိုင်းဟာ ခေါင်းအသာညိတ်ပြီး။

“မလိုတော့ဘူး... သဲလွန်စ အသစ်တွေ့ရင်တော့ နောက်တစ်ခေါက် ပြန်လာခဲ့မယ်”

သူဟာ လက်ကိုင်တုတ်ကို ဘယ်လက်မှာကိုင်ပြီး တံခါးဆီ လျှောက်သွားပါတယ်။

အဲဒီအချိန်မှာပဲ သူဟာ လူတစ်ယောက် ခေါင်းစိုက်ပြီး စာကြည့်တိုက်ထဲ ဝင်လာတာ တွေ့လိုက်ရပါတယ်။ ဒီလူက ရင်အုပ်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကော်လာ ထောင်ထားပါတယ်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖြတ်ကျော်သွားချိန်မှာ ကလိုင်းဟာ ဒီလူရဲ့ ထူထပ်ပြီး ရှုပ်ပွနေတဲ့ မျက်ခုံးတွေနဲ့ မီးခိုးပြာရောင် မျက်လုံးတစ်စုံကို ဖျတ်ခနဲ သတိထားမိလိုက်ပါတယ်။ ဒါတွေက ကော်လာ ဖုံးထားလို့မရတဲ့ အရာတွေပါ။

‘ဆီးရီးယပ်... ဆီးရီးယပ် အဲရက်ဗစ်... တိုက်ဆိုင်တာလား...’ ကလိုင်းဟာ ခဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ပစ်မှတ်ကို ဒီနေရာမှာ တွေ့လိမ့်မယ်လို့ ထင်မထားတာကြောင့်ပါ။

‘ဒါက ဘယ်လိုတောင် ကံကောင်းတာလဲ... တိုက်ဆိုင်လွန်းရာ ရောက်မနေဘူးလား...’

ကလိုင်းဟာ သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ကြည့်လိုက်တဲ့အခါ ကြွက်သားတွေ နာကျင်နေတာကို ခံစားလိုက်ရပါတယ်။ အဲဒါကြောင့် ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်ပြီး တံခါးဆီ ဆက်လျှောက်သွားပါတယ်။

‘ဟုတ်တယ်... ငါတို့တွေ နှလုံးသားရဲ့ စကားကို နားထောင်ရတယ်... ဘေးကင်းဖို့က ပထမပဲ’

‘ဒီအခွင့်အရေးကို ငါ လက်လွှတ်လိုက်ရလည်း ကိစ္စမရှိဘူး... ဒီကောင် ထင်းဂန်မြို့မှာနေရင် ငါ့လက်က ပြေးမလွတ်ပါဘူး’

အဲဒီအချိန်မှာ ရင်အုပ် ကုတ်အင်္ကျီနဲ့ အမျိုးသားဟာ ကောင်တာရှေ့ ရောက်သွားပြီး ဂျာနယ်တွေကို စာကြည့်တိုက် ဝန်ထမ်း တစ်ယောက်ဆီ ပေးလိုက်ပါတယ်။

“ပြန်လာအပ်တာ” သူက အသံညက်ညက်နဲ့ မသဲမကွဲ ပြောပါတယ်။

စာကြည့်တိုက်ဝန်ထမ်းဟာ ထုံးစံအတိုင်း ဂျာနယ်တွေ လက်ခံရင်းက ဂျာနယ်နာမည်ကို မြင်လိုက်ရတဲ့အခါ ရုတ်တရက် ခဲသွားပါတယ်။ အဲဒီနောက် အလိုလို မော့ကြည့်မိလိုက်တဲ့အခါ ရင်အုပ်ကုတ်အင်္ကျီနဲ့ အမျိုးသားရဲ့ မျက်နှာကို တွေ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားပါတယ်။

“ပြဿနာရှိလို့လား” အဲဒီအမျိုးသားက အသံနက်နဲ့ မေးပါတယ်။

သူ့မေးခွန်းက လောင်စာတွေကို မီးရှို့လိုက်တဲ့ မီးခြစ်ဆံ တစ်ချောင်းလိုပါပဲ။ စာကြည့်တိုက် ဝန်ထမ်းကို သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း လွတ်ကင်းသွားစေပါတယ်။ စာကြည့်တိုက်ဝန်ထမ်းဟာ ဘေးဘက်ကို ပြေးပြီး လှမ်းအော်ပါတယ်။

“ရဲအုပ်...”

“ရာဇဝတ်သားက ဒီမှာ...”

အဲဒီအချိန်မှာ စာကြည့်တိုက်ထဲက မထွက်ရသေးတဲ့ ကလိုင်းဟာ စိတ်ထဲမှာ နည်းလမ်းပေါင်း သောင်းခြောက်ထောင်နဲ့ ကျိန်ဆဲလိုက်ပါတယ်။

သူဟာ အကျင့်အတိုင်း သေနတ်အိတ်ဆီ လက်ရောက်သွားပြီး ခြောက်လူးပြူးကို အလျင်အမြန် ဆွဲထုတ်လိုက်ပါတယ်။

ရင်အုပ်ကုတ်အင်္ကျီနဲ့ အမျိုးသားဟာ တစ်ခဏ ကြောင်သွားပေမဲ့ ချက်ချင်း သတိပြန်ဝင်လာပြီး တစ်ဖက်လှည့်ကာ တစ်ဟုန်ထိုး ပြေးပါတယ်။

ဒါပေမဲ့ သူဟာ တံခါးမကြီးဆီ ဦးမတည်ဘဲ လေသာတံခါးဆီ ပြေးပါတယ်။ သူဟာ ပြတင်းပေါက်မှာ တပ်ထားတဲ့ မှန်ကို အရှိန်နဲ့ ဝင်တိုက်ခွဲပြီး လမ်းပေါ် ထွက်ပြေးချင်ပုံပါပဲ။

ပျာယာခတ်သွားတဲ့ ကလိုင်းဟာ နောက်လှည့်ကြည့်လို့ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ရုတ်တရက်ဆိုသလို တည်ငြိမ်သွားပါတယ်။

သူက ပစ်မှတ်ကို ကြောက်သလို ပစ်မှတ်ကလည်း သူ့ကို ပိုကြောက်တယ်ဆိုတာ သဘောပေါက်သွားပါတယ်။

‘ဒီလို ရုတ်ခြည်း တွေ့ဆုံမှုမှာ သူက ငါ့ရဲ့ အစွမ်းအစကို ခန့်မှန်းနိုင်မှာ မဟုတ်ဘူး... ငါ ဘာကျွမ်းလဲ မသိလို့ တိုက်ရိုက်မရင်ဆိုင်ဘဲ အခုလို ရှောင်ပြေးတာ ဖြစ်ရမယ်...’ သူ့ရဲ့ စိစစ်ချက်ကို ယုံကြည်ချက်ရှိတဲ့ ကလိုင်းဟာ ခြောက်လုံးပြူးကို မြှောက်ပြီး မောင်းကို ဆွဲလိုက်ပါတယ်။

အဲဒီအချိန်မှာ ရင်အုပ်ကုတ်အင်္ကျီနဲ့ အမျိုးသားဟာ ကြမ်းပြင်ပေါ် ရုတ်ခြည်းလှိမ့်ချပြီး ကျည်ဆံကို ရှောင်ရှားဖို့ ကြိုးစားပါတယ်။ အဲဒီနောက် ညာလက်နဲ့ ကြမ်းပြင်ကို ထောက်ပြီး အားယူကာ လေသာတံခါးဆီ ခုန်ပါတယ်။

“ချောက်...”

ကလိုင်းရဲ့ ပထမပစ်ချက်က ကျည်ဆံ ထွက်မလာပါဘူး။

ဒီလို ဖြစ်လာမယ်လို့ သူ တွက်ထားပြီးသားပါ။ သူဟာ ဆီးရီးယပ် လေထဲရောက်နေလို့ မရှောင်တိမ်းနိုင်တာကို လက်လွှတ်မခံဘဲ ရင်ဘက်ပိုင်းကို ချိန်ပြီး ပစ်လိုက်ပါတယ်။

“ဒိုင်း...”

နတ်ဆိုးပစ်ကျည်ဆံဟာ လေကိုခွင်းပြီး ဆီးရီးယပ်ရဲ့ ကျောပြင်ကို တန်းတန်းမတ်မတ် ဖောက်ဝင်သွားပါတယ်။

“ခွမ်း...”

လေသာတံခါး မှန်ဟာ ကွဲကြေသွားပြီး ဆီးရီးယပ်ဟာ ပြတင်းပေါက် အပြင်ဘက်ကို ပျံထွက်သွားပါတယ်။ မှန်ကွဲစတွေနဲ့ ပြတင်းပေါက်ဘောင်မှာတော့ ကြက်သွေးရောင် သွေးစက်တွေ ကျန်ရစ်နေခဲ့ပါတယ်။

ကလိုင်းဟာ ပစ်မှတ်က သေနတ်မှန်သွားပြီ ဖြစ်တဲ့အတွက် လုံးဝ မကြောက်တော့ပါဘူး။ သူဟာ ပြတင်းပေါက်ဆီ ပြေးသွားပြီး ကုလားထိုင်တစ်လုံးရဲ့ အကူအညီနဲ့ ခုန်ထွက်လိုက်ပါတယ်။

ဒီနေရာက ဒူဝီဗို စာကြည့်တိုက်ရဲ့ အနောက်ဘက်နဲ့ ဆက်နေပြီး သစ်ပင်တစ်တန်းက စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းပြင်ကို ကာရံထားပါတယ်။

ဒဏ်ရာရထားတဲ့ ဆီးရီးယပ်ဟာ ဘေးဘက်ကို ပြေးသွားပြီး အဆောက်အဦး နှစ်ခုကြားက လမ်းကြားလေးထဲ ဝင်ဖို့ ကြိုးစားပါတယ်။ ရွှေ့လျားနေတဲ့ ပစ်မှတ်တွေကို ပစ်ဖို့ လေ့ကျင့်မထားတာကြောင့် ကလိုင်းဟာ မျက်စိစုံမှိတ်ပြီး မပစ်ရဲပါဘူး။ အဲဒါကြောင့် လက်ကိုင်တုတ်ကို တစ်ဖက်မှာကိုင် သေနတ်ကို တစ်ဖက်မှာကိုင်ပြီး နောက်ကနေ လိုက်ပါတယ်။

“ရှပ်... ရှပ်... ရှပ်...”

သူဟာ သွေးစနောက်ကို လိုက်ရင်း အကွာအဝေးကို နီးကပ်အောင် ကြိုးစားပါတယ်။

ထောင့်တစ်နေရာကို ရောက်ခါနီးမှာ ဒဏ်ရာရနေတဲ့ ဆီးရီးယပ်က ပြေးနေတာ နှေးသွားပါတယ်။ နောက်ကနေ ပြေးလိုက်ပြီး ဖမ်းဖို့ချောင်းနေတဲ့ ကလိုင်းဟာ ရုတ်တရက်ဆိုသလို နည်းနည်း ကြောက်သွားပါတယ်။ သူ့ရှေ့က လူဟာ လူမဟုတ်ဘဲ အန္တရာယ်ရှိတဲ့ ဝံပုလွေတစ်ကောင် ကျားတစ်ကောင်လို့ ခံစားလိုက်ရပါတယ်။

ဒါက အမြင်ဆရာတစ်ယောက်ရဲ့ အလိုလိုသိစိတ်ပါ။ သူ့စိတ်ဝိညာဉ်ကပေးတဲ့ သတိပေးချက်ဆိုရင်လည်း မမှားပါဘူး။

ကလိုင်းဟာ ချက်ချင်းပဲ ပြေးနှုန်းကို လျှော့ချပြီး မြေကြီးပေါ်က သွေးတွေကို ကြည့်လိုက်ပါတယ်။ စောစောက မြင်ခဲ့ရတဲ့ သွေးစက်တွေနဲ့စာရင် အခုသွေးစက်တွေက အနက်ရောင် ဖြစ်နေပါတယ်။

အဲဒီအချိန်မှာပဲ လေပြင်းတစ်ခုက သူ့ဆီကို အရှိန်အဟုန်နဲ့ တိုက်ခိုက်လာပါတယ်။ ဆီးရီးယပ်ရဲ့ မျက်နှာက ကလိုင်းရဲ့ မျက်လုံးထဲ ဝင်လာပါတယ်။

ထူထဲပြီးရှုပ်ပွနေတဲ့ မျက်ခုံးတွေနဲ့ မီးခိုးရောင်မျက်လုံးတွေ။ စူထွက်နေတဲ့ ကြွက်နို့တွေ။ သွားဖြူနှစ်တန်းနဲ့ ဟထားတဲ့ ပါးစပ်။

ဆီးရီးယပ်က ဒီအချိန်မှာ တန်ပြန် တိုက်ခိုက်လိုက်ပါတယ်။ အဲဒါကြောင့်ပဲ သူ့မျက်နှာက ကလိုင်းရဲ့ မျက်လုံးထဲမှာ ပိုပြီးတော့ ထင်သာမြင်သာ ရှိသွားပါတယ်။ ကလိုင်းဟာ ပုပ်ပျက်ပျက် အနံ့ကိုတောင် ရလိုက်ပါတယ်။

ဆီးရီးယပ်ဟာ သာမန်လူတစ်ယောက် မလုပ်နိုင်တဲ့ ခုနစ်မီတာ ရှစ်မီတာကို လှမ်းခုန်ပါတယ်။ ကလိုင်းဟာ အချိန်မီ ပြေးနေတာရပ်လိုက်လို့ သူတို့နှစ်ယောက်ရဲ့ အကွာအဝေးက ဆယ်မီတာလောက် ရှိနေပါတယ်။

နှစ်မီတာအကွာကို ရောက်လာတဲ့အတွက် ပျစ်ချွဲနေတဲ့ သွားရည်နံ့နဲ့ မသတီစရာကောင်းတဲ့ အနံ့အသက်တွေက ကလိုင်းရဲ့ အကြောအချဉ်တွေကို တောင့်တင်းသွားစေပါတယ်။

သူဟာ ဘာမှမတွေးဘဲ ဆီးရီးယပ် လှမ်းခုန်လိုက်လို့ တဒင်္ဂမလှုပ်ရှားနိုင်တာကို အခွင့်ကောင်းယူပြီး ညာလက်မြှောက်လိုက်ပါတယ်။ ဆီးရီးယပ်ရဲ့ခေါင်းကို ချိန်ပြီး ကျည်ဆံမိုးရွာသလို တရစပ် ပစ်ထည့်လိုက်ပါတယ်။

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...”

ဒီလောက် နီးနီးကပ်ကပ် ပစ်ရတဲ့အတွက် နတ်ဆိုးပစ်ကျည်ဆံတွေဟာ ဆီးရီးယပ်ခေါင်းထဲကို အရှိန်အဟုန်နဲ့ ထိုးဖောက်ဝင်သွားပါတယ်။ သွေးတွေလည်း လွင့်စဉ်ကုန်ပြီး သူ့မျက်နှာကလည်း ပိုပိုပြီးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါတယ်။ အဲဒီနောက် နောက်ကို ဒယီးဒယိုင်နဲ့ ဆုတ်သွားပါတယ်။

ကလိုင်းဟာ တစ်ဒင်္ဂအတွင်းမှာပဲ ကျည်ဆံကုန်သွားပါတယ်။ သူဟာ တိုက်ပွဲရလဒ်ကို သိချင်တာကြောင့် နောက်ကို ခြေသုံးလေးလှမ်း ဆုတ်လိုက်ပါတယ်။

အဲဒီအချိန်မှာ ဆီးရီးယပ်က မတ်မတ်ရပ်ဖို့ အကောင်းဆုံး ကြိုးစားနေတာ တွေ့လိုက်ရတဲ့အတွက် သူ တော်တော်လန့်သွားပါတယ်။ ကလိုင်းဟာ ဘယ်လက်မှာ ကိုင်ထားတဲ့ လက်ကိုင်တုတ်ကို ရုတ်ခြည်း မြှောက်လိုက်ပါတယ်။

“ဒုတ်...”

မာကျောတဲ့ လက်ကိုင်တုတ်ဟာ ဆီးရီးယပ်ရဲ့ လည်ပင်းကို ရိုက်မိပြီး နီမှောင်ရောင်အမှတ်တစ်ခု ချန်ထားခဲ့ပါတယ်။

“ဒုတ်... ဒုတ်... ဒုတ်...”

ကလိုင်းဟာ စိတ်ထဲရှိတဲ့အတိုင်း ဆီးရီးယပ် မြေကြီးပေါ် လဲကျမသွားမချင်း ဆက်တိုက် ရိုက်ပါတယ်။

“‌ဟောဟဲ... ဟောဟဲ...”

ကလိုင်းဟာ လက်ကိုင်တုတ်ကို အားပြုပြီး အသက်ဝအောင် ရှူပါတယ်။ သူ့မျက်လုံးတွေကတော့ ဆီးရီးယပ်ဆီကနေ တစ်ဖဝါးမှ ခွာမသွားပါဘူး။ ဆီးရီးယပ် ရုတ်တရက်ကြီး အသက်ပြန်ဝင်လာမှာကို ကြောက်လို့ပါ။

အဲဒီအချိန်မှာ ဆီးရီးယပ်ရဲ့ ခေါင်းက တော်တော်ကို ပုံပျက်ပန်းပျက် ဖြစ်သွားပါပြီ။ သူ့ခန္ဓာကိုယ်ကလည်း လေးငါးကြိမ် အကြောဆွဲပြီးနောက် လုံးဝ ငြိမ်ကျသွားပါတယ်။

ကလိုင်းဟာ အလောင်းကို အလျင်စလို မစစ်ဆေးဘဲ လက်ကိုင်တုတ်ကို ဘေးချကာ နတ်ဆိုးပစ် ကျည်ဆံတွေထုတ်ပြီး ခြောက်လုံးပြူးထဲ ထည့်ပါတယ်။

ပြီးတော့မှပဲ မနှစ်မြို့တဲ့စိတ်ကို မျိုသိပ်ပြီး ဆီးရီးယပ်ရဲ့ ရင်ကာကုတ်အင်္ကျီ အိတ်ကပ်ထဲမှာ ဘာတွေရှိလဲဆိုတာ ဒူးထောက်ရှာဖွေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

 


Report Page