အခန်း (၁၀၂) အထည်ကုန်သည်
သော်ထက်ဇင်ကလိုင်းဟာ တွေးလေလေ ပိုပြီးတော့ ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။ မဟုတ်ရင် ဘယ်သူက အဲဒီဂျာနယ်တွေက အချိန်ကုန်ခံပြီး ငှားဖတ်မှာလဲ။
‘ဟုတ်တယ်... ဟွန်းနာဆစ် တောင်တန်းရဲ့ အဓိကတောင်ထိပ်နဲ့ ပတ်သက်တဲ့ သုတေသနက လူကြိုက်နည်းတဲ့ နယ်ပယ်တစ်ခုပဲ... အဲဒီအကြောင်းသင်တဲ့ ကထိကတွေနဲ့ တွဲဖက်ပါမောက္ခတွေကလွဲရင် သာမန်ဝါသနာရှင်တွေတောင် ကြားဖူးကြတာ မဟုတ်ဘူး... သမိုင်းနဲ့ဘွဲ့ရထားတဲ့ အရင်ကလိုင်းတောင် အဲဒီအကြောင်းကို အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကနေ သိခဲ့ရတာ...’
‘ထင်းဂန်မြို့က တက္ကသိုလ်မြို့တော်ဆိုပေမဲ့ ဒီအကြောင်းကို စိတ်ဝင်စားတဲ့လူက အများကြီးရှိမှာ မဟုတ်ဘူး... တကယ်လို့ စိတ်ဝင်စားခဲ့တယ် ဆိုရင်တောင် တက္ကသိုလ်နယ်ပယ်ကပဲ ဖြစ်လိမ့်မယ်... ဒူဝီဗို စာကြည့်တိုက်ဆီသွားပြီး စာအုပ်သွားငှားစရာ မလိုဘူး’
‘အရေးအကြီးဆုံး အချက်က မကြာသေးခင်ကမှ ငှားဖတ်ထားတာ’
‘ဒီလိုသုံးသပ်ရင်... တကယ်ကို ပြဿနာရှိတယ်... ငါ အတွေ့အကြုံနည်းလို့ သတိမထားမိလိုက်တာပဲ... ဟင်း... ကြည့်ရတာ ငါက ရှားလော့ဟုမ်းလိုမျိုး စုံထောက်လုပ်ဖို့ အရည်အချင်း မရှိဘူးဘဲ’
သူ အတွေးများနေတုန်းမှာ မိစ္ဆာနဂါးဘားရဲ့ သူဌေးဆွင်းက ပဟေဠိနဲ့ မေးပါတယ် “တစ်ခုခု ဖြစ်လို့လား”
ဘားထဲမှာ ဖောက်သည်တွေနဲ့ အရက်စပ်သမားတွေ ရှိနေတာကြောင့် ဆွင်းက သွယ်ဝိုက်ပြီးတော့ မေးလိုက်တာပါ။
“ဘာမှ မဖြစ်ပါဘူး... ကျွန်တော် ဒီလူကို ဘယ်လို စုံစမ်းရမလဲ စဉ်းစားနေတာ... လူကြီးမင်း သိတဲ့အတိုင်းပဲ... ဟန်းနစ်ဗင်းဆင့်က သူ့အိမ်မှာ သေသွားတာလေ” ကလိုင်းဟာ အစောကြီးကတည်းက အကြောင်းပြချက် ရှာထားပြီးပါပြီ။
သူဟာ ဒဏ်ခတ်သမားတွေက ဟွန်းနာဆစ် တောင်တန်း အဓိကတောင်ထိပ်ရဲ့ အမွေအနှစ်တွေကို စိတ်ဝင်စားလာတာ မလိုချင်ပါဘူး။
“ဗင်းဆင့်က ထင်းဂန်မြို့မှာ နာမည်ရှိတဲ့ ဗေဒင်ဆရာ တစ်ယောက်ပဲ... ဒီကို မကြာခဏ လာတယ်...” ဆွင်းဟာ ဝတ်ကျေတမ်းကျေ ဖြေပြီး စဉ်းစားကာ ပြောပါတယ် “အင်း ငါ မှတ်မိသလောက်တော့ ဗင်းဆင့်နဲ့ ဒီပုံတူပန်းချီထဲကလူ... ဒီကို အတူတူတော့ လာဖူးတယ်”
“ကျွန်တော်လည်း အဲဒါကို သိချင်တာ... လူကြီးမင်း သူ့နာမည်ကို မှတ်မိလား” ကလိုင်းဟာ ချက်ချင်း မေးပါတယ်။
ဆွင်းဟာ ခေါင်းခါပြီး တစ်ချက် ရယ်ပါတယ်။
“ငါက ဖောက်သည် ဘယ်သူဘယ်ဝါလဲ ဆိုတာကို မမေးဘူး... လူအိုကြီးနီးလ်နဲ့က အစကတည်းက သိနေတာ”
“အဲဒီလိုလား...” ကလိုင်းဟာ သူ့မျက်နှာကို တမင်းညှိုးလိုက်ပါတယ်။
ဆွင်း ဒီလူကို မသိလည်း သူ့အတွက် ကိစ္စမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒူဝီဗိုစာကြည့်တိုက်မှာ သွားစစ်ကြည့်လို့ ရလို့ပါပဲ။ ဒူဝီဗို စာကြည့်တိုက်လိုမျိုး သီးသန်ရန်ပုံငွေနဲ့ ထောင်ထားတဲ့ စာကြည့်တိုက်တွေက စာအုပ်ငှားမယ်ဆိုရင် ကိုယ်ရေးအချက်အလက်ကို ချန်ထားခဲ့ရရုံသာမက သူတို့တွေ စိတ်ချရတဲ့ အဆင့်အတန်းတစ်ခု ရှိဖို့လည်း လိုပါတယ်။
သူတောင် အကြီးတန်း တွဲဖက်ပါမောက္ခရဲ့ ထောက်ခံစာနဲ့မှ စာကြည့်တိုက်ကဒ် ရခဲ့တာ မဟုတ်ပါလား။
‘အဲဒီလူက အချက်အလက်တု လုပ်ထားတယ်ဆိုရင်တောင် သဲလွန်စတချို့တော့ ကျန်ခဲ့မှာပဲ... အဲဒါက ငါ့ရဲ့ တွက်ချက်မှုမှာ အထောက်အကူ ပြုနိုင်မှာ သေချာတယ်...’ ကလိုင်းဟာ ဆွင်း ဘားကောင်တာဆီ ပြန်သွားတာကို ကြည့်ပြီးနောက် ဘိလိယက်ခန်းထဲ ဝင်လိုက်ပါတယ်။
သူဟာ ဒူဝီဗိုစာကြည့်တိုက်ဆီ အလျင်စလို သွားမစုံစမ်းပါဘူး။ ဒီကို ရောက်လာပြီးမှတော့ ဝယ်စရာရှိတာတွေ အရင်ဝယ်သွားမှာပါ။ နောက်ပိုင်း ဆက်ဖြစ်လာမဲ့ကိစ္စတွေမှာ သူ အန္တရာယ်ကြုံရနိုင်လား အစီအရင်ကို အသုံးပြုရနိုင်လားဆိုတာ ဘယ်သူမှ အတပ် မပြောနိုင်ပါဘူး။
လေးငါးခန်း ဖြတ်လျှောက်ပြီးတဲ့ နောက်မှာတော့ ကလိုင်းဟာ မြေအောက်ဈေးဆီ ရောက်သွားပါတယ်။ ဆိုင်တချို့နဲ့ ဖောက်သည်တချို့ပဲ ရှိနေသေးတဲ့အတွက် အစည်ကားဆုံးအချိန်ကို မရောက်သေးဘူးဆိုတာ သိသာပါတယ်။
သူ ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်တယ်ဆိုရင်ပဲ ထောင့်တစ်ထောင့်မှာ ရပ်နေတဲ့ သေခြင်းတရားရဲ့ အငွေ့အသက်ကို ခံစားနိုင်စွမ်းရှိတဲ့ မွန်းစတား အဒမ်မစ်ရွှယ်ကို ရုတ်တရက် တွေ့လိုက်ရပါတယ်။
ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ ဒီလူငယ်လေးရဲ့ မျက်လုံးတွေက ချောက်ချား ရူးသွပ်တဲ့ အငွေ့အသက်တွေကို ခံစားရစေပါတယ်။ သူကလည်း ကလိုင်းကို သတိထားမိသွားပြီး လှမ်းကြည့်ပါတယ်။
အကြည့်ချင်း ဆုံသွားတဲ့အခါ အဒစ်မစ်ရွှယ်ဟာ လက်ကို ရုတ်တရက် ဆန့်ထုတ်ပြီး မျက်နှာကို ကာလိုက်ပါတယ်။ အဲဒီနောက် အလန့်တကြားနဲ့ ထောင့်တစ်နေရာဆီ ရွှေ့သွားပါတယ်။ မကြာခင်မှာပဲ သူဟာ မလွယ်တံခါး တစ်ချပ်နား ရောက်သွားပြီး ဒယီးဒယိုင်နဲ့ ပြေးထွက်သွားပါတယ်။
‘အဲဒီလောက်ထိ ဖြစ်ဖို့ လိုလို့လား... အရင်တစ်ခေါက်က မျက်စိကန်းတော့မလို့... ဒါပေမဲ့ ငါလည်း ဘာမှ မလုပ်ပါဘူး... ငါက နတ်ဆိုးကျနေတာပဲ...’ ကလိုင်းရဲ့ မျက်နှာဟာ နည်းနည်းတော့ တောင့်သွားပါတယ်။
သူဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် အဒစ်မစ်ရွှယ်အကြောင်း တွေးနေတာရပ်ပြီး ဆိုင်တစ်ဆိုင်ရှေ့ ရပ်ကာ လိုအပ်တဲ့ပစ္စည်းတွေ စတင် ဝယ်ယူပါတယ်။
နာရီဝက်လောက် ကြာတဲ့အခါမှာတော့ ကလိုင်းဟာ သူ ဖွက်ထားတဲ့ ပိုက်ဆံအများစုကို သုံးလို့ ကုန်သွားပါတယ်။ သုံးပေါင်နဲ့ ၁၇ ဆိုလီပဲ ကျန်တော့တဲ့ ပိုက်ဆံကို ရေကြည့်ရင်း သူဟာ ရင်ထဲမှာ တဆစ်ဆစ် နာကျင်သွားပါတယ်။ သို့ပေမဲ့ သူဟာ အနက်ရောင် လေကာအင်္ကျီရဲ့ အတွင်းအိတ်ကပ်ထဲက သတ္တုပုလင်းလေးတွေကို ထိပြီး သက်သာရာ ရသွားပါတယ်။
‘ဒါက အရင်တစ်ခေါက်က မဒမ်ဒေလီသုံးခဲ့တဲ့ အမန်သာရေမွှေးဆီပဲ’
‘ဒါက နဂါးသစ်ခေါက်နဲ့ သစ်ရွက်တွေကို ရောကြိတ်ထားတဲ့ ပေါင်ဒါမှုန့်ပဲ’
‘ဒါက ညအိပ်ပန်းကနေ ထုတ်ထားတဲ့ ပန်းဆီပဲ’
‘ကပ်မိုမိုင် ပွင့်ဖတ်ခြောက်’
‘ဒါက ငါ့ဘာသာ လုပ်ထားတဲ့ ညပေါင်ဒါမှုန့်ပဲ’
...
ကလိုင်းဟာ အတွင်းအိတ်ကပ်ထဲမှာ ထည့်သိမ်းထားတဲ့ ပစ္စည်းတိုင်းကို ပြန်တွေးပါတယ်။ သူ ဒီလိုလုပ်တာက အရေးကြုံလာတဲ့အချိန်ကျရင် ဘယ်နားထားလဲဆိုတာ မေ့နေမှာစိုးလို့ပါ။ သူဟာ အမြင်ဆရာ ဆေးရည် သောက်ရာကနေ ရလာတဲ့ အစွမ်းအစကို အားကိုးပြီး ပစ္စည်းတွေကို ခပ်မြန်မြန်ပဲ အလွတ်ရသွားပါတယ်။ တစ်ချိန်တည်းမှာ သူဟာ တံခါးဆီ လျှောက်သွားပါတယ်။
ရုတ်တရက်ဆိုသလို သူဟာ တရင်းတနှီးရှိတဲ့ လူတစ်ယောက်ကို မျက်လုံးထောင့်ကနေ ဖျတ်ခနဲ မြင်လိုက်ရပါတယ်။
ပုံမှန်ရိုးရိုး အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးတစ်ယောက်ပါ။ သူမရဲ့ ပိတုန်းရောင် ဆံနွယ်တွေက နူးညံအိစက်ပြီး ရွှန်းရွှန်းစိုနေပါတယ်။ သူမဟာ မျက်နှာဝိုင်းဝိုင်း မျက်လုံး ရှည်ရှည်ရှိပြီး နူးညံချိုသာတဲ့ အသွင်အပြင်နဲ့ ယဉ်ကျေးတဲ့ ကိုယ်အမူအရာ ရှိပါတယ်။
‘အများသုံး မြင်းလှည်းပေါ်မှာ တဆတ်ဆတ် တုန်နေခဲ့တဲ့ မိန်းကလေးမလား... သူ့ကြည့်ရတာ အဆင်ပြေနေသလိုပဲ... သူလည်း ဂမ္ဘီရဝါသနာအိုး ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး...’ ကလိုင်းဟာ ခြေလှမ်းနှေးပြီး သုံးလေးစက္ကန့် တွေးလိုက်တဲ့အခါ သူမ ဘယ်သူလဲဆိုတာကို မှတ်မိသွားပါတယ်။
အမှန်အတိုင်း ပြောရရင် သူ ဒီလောကကို ရောက်လာကတည်းက တရားမျှတမှုကလွဲပြီး ဒီထက်ချောမောလှပတဲ့ မိန်းမပျိုက သူ မတွေ့ဖူးသေးပါဘူး။
ချိုသာယဉ်ကျေးတဲ့ မိန်းကလေးဟာ ဂမ္ဘီရစာအုပ်တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့ အမူအရာကို ဂရုမစိုက်နိုင်ဘဲ ဒူးထောက်ပြီး ရှေးဟောင်းစာအုပ်တစ်အုပ်ကို လက်ချောင်းတွေနဲ့ ပွတ်သပ်ပါတယ်။
ဒီရှေးဟောင်းစာအုပ်ကို အနက်ရောင် စက္ကူအထူသားနဲ့ ချုပ်ထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာ ‘စုန်းတို့ရဲ့စာအုပ်’ ဆိုပြီး ဟာမီးနဲ့ ရေးထားပါတယ်။
“စုန်းတွေရဲ့ မှော်နက်ပညာကို မှတ်တမ်းတင်ထားတာ... ငါကိုယ်တိုင် စမ်းမကြည့်ရဲပေမဲ့ တခြားလူ စမ်းကြည့်တာတော့ တကယ် အလုပ်ဖြစ်တယ်လို့ ပြောတယ်” ဆိုင်ရှင်ဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ သူ့စာအုပ်ကို ကြော်ငြာပါတယ်။
လှပတဲ့ မိန်းမပျိုဟာ တွေးပြီး မေးပါတယ် “ရှင့်ရဲ့စိတ်ထဲမှာ စုန်းမတစ်ယောက်က ဘယ်လိုပုံစံမျိုးလဲ”
“စုန်းမလား... ကပ်ဘေးဒုက္ခတွေ ရောဂါတွေ နာကျင်မှုတွေ သယ်ဆောင်လာတဲ့ မကောင်းဆိုးဝါးမပဲ” ဆိုင်ရှင်ဟာ တစ်ခဏတွေးပြီး ဖြေပါတယ်။
ကလိုင်းဟာ သူတို့ရဲ့ နောက်ပိုင်း စကားတွေကို မကြားတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ မြေအောက်ဈေးထဲကနေ ထွက်လိုက်လို့ပါပဲ။ သူဟာ ဒူဝီဗိုစာကြည့်တိုက်ဆီသွားဖို့ အလျင်လိုနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ အိမ်ပြန်ပြီး သူ့အစ်ကိုနဲ့ သူ့ညီမအတွက် ညစာချက်ရဦးမှာမလို့ပါ။ ဒီနေ့ ချက်ရမဲ့ ဟင်းလျာထဲမှာ အမဲမြီး ခရမ်းချဉ်သီး စွပ်ပြုတ် ပါပါတယ်။
...
ဘက်ကလင်၊ သရဖူမြင်းပြိုင်ပွဲကလပ်။
အဖြူရောင် အဝတ်အစားရှည်ကြီးနဲ့ အော်ဒရီဟောလ်ဟာ ဗီအိုင်ပီအခန်းထဲမှာ မတ်တတ်ရပ်ပြီး မြင်းပြိုင်တာကို ကြည့်နေပါတယ်။ သူမဟာ ဖဲပြာနဲ့ပိုးပန်းတွေ အလှဆင်ထားတဲ့ ဇာဦးထုပ်ကို ဆောင်းထားပြီး အရောင်ဖျော့ဖျော့ ဇာလက်အိတ်ကို ဝတ်ဆင်ထားပါတယ်။ သူမရဲ့ အဝေးကို လှမ်းကြည့်နေတဲ့ အေးစက်တဲ့ မျက်လုံးတွေဟာ စည်ကားနေတဲ့ ပွဲခင်းနဲ့ မလိုက်ဖက်လှပါဘူး။
ပြိုင်မြင်းတွေ ပန်းဝင်သွားတဲ့အချိန်မှာ သူမရဲ့ သူငယ်ချင်း မြို့နယ်စားဂလင့်ဟာ သူမနား ရောက်လာပြီး အသံအုပ်အုပ်နဲ့ ပြောပါတယ် “အော်ဒရီ... ငါ မင်းကို မြင်တိုင်း နတ်သမီးလေးတစ်ပါး ကောင်းကင်ဘုံကနေ ဆင်းသက်လာတာ မြင်ရသလိုပဲ”
“ဘာကိစ္စရှိလို့လဲ” အရင်တုန်းကဆိုရင် အော်ဒရီဟာ ဂလင့်ရဲ့ ချီးကျူးစကားကို ကျေးဇူးတင်ကောင်း တင်မိမှာပါ။ ဒါပေမဲ့ အခုတော့ ဂလင့်ရဲ့ စကားနဲ့ အပြူအမူကနေ သူ့ရဲ့ ရည်ရွယ်ချက်ကို ထိုးဖောက် မြင်နိုင်တာကြောင့် ကျေးဇူးတင်ဖို့နေနေသာသာ အကောင်းမြင်စိတ်တောင် မရှိပါဘူး။
ဂလင့်အဖေက စောစောစီးစီး ကွယ်လွန်သွားတဲ့အတွက် ဂလင့်ဟာ အသက်နှစ်ဆယ် အရွယ်နဲ့ မြို့နယ်စားဘွဲ့ကို ဆက်ခံခဲ့ရပါတယ်။ သူဟာ သာမန်လူတွေနဲ့ယှဉ်ရင် မဆိုစလောက်ကလေး ပိန်ပါတယ်။ သူဟာ ဘေးဘီကိုကြည့်ပြီး အသာရယ်ကာ ပြောပါတယ် “အော်ဒရီ... ငါ တကယ့် သာလွန်သူစစ်စစ်ကို သိတယ်... တော်ဝင်မိသားစုက မဟုတ်တဲ့ သာလွန်သူပဲ”
‘နင် အဲဒီစကားပြောပြီးတိုင်း နောက်ဆုံးကျရင် ငါ့ကို စိတ်ပျက်စေခဲ့တာပဲ...’ အော်ဒရီဟာ မဆိုစလောက် မျှော်လင့်ချက်နဲ့ မေးလိုက်ပါတယ် “တကယ်လား”
“ငါ့အဖေနာမည်နဲ့ ကျိန်ပြောရဲတယ်... ငါ သူ့ရဲ့ သာလွန်သူ စွမ်းအားကို မြင်ခဲ့ပြီးပြီ” ဂလင့်က တီးတိုး ပြန်ဖြေပါတယ်။
အော်ဒရီဟာ အရင်တုန်းကလိုမျိုး သာလွန်သူ သတင်းကြားရုံနဲ့ စိတ်မလှုပ်ရှားတော့ပါဘူး။ သူမက အခု သာလွန်သူ ဖြစ်နေပြီ မဟုတ်ပါလား။
သို့ပေမဲ့ ဂလင့် သံသယဝင်မှာစိုးတဲ့အတွက် မျက်လုံးပြူးပြီး အံ့အားသင့်တဲ့အပြုံး ပြုံးလိုက်ပါတယ်။ အဲဒီနောက် တုန်ယင်တဲ့အသံနဲ့ မေးပါတယ် “ငါ သူ့ကို ဘယ်တော့ တွေ့ရမှာလဲ”
‘ဟုတ်တယ်... နောက်ထပ် သာလွန်သူတစ်ယောက်နဲ့ တွေ့ရတာက ကောင်းတဲ့ကိစ္စပဲ... ငါ ကိစ္စတိုင်းကို တဲရော့ကလပ်ကနေပဲ ဖြေရှင်းနေလို့ မဖြစ်ဘူး... နောက်ပြီး မစ္စတာအရူး မစ္စတာ လူဇောက်ထိုးတို့နဲ့ အလဲအလှယ်လုပ်ဖို့ ငါ ရင်းမြစ်တွေ စုဆောင်းဖို လိုတယ်... အကုန်လုံးက ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတာ မဟုတ်ဘူး... ဟင်း... အခု ငါ ပေါင်တစ်ထောင် သုံးလိုက်ပြီဆိုတော့ ချွေချွေတာတာ နေရတော့မယ်...’
ဂလင့်ဟာ အော်ဒရီရဲ့ တုံ့ပြန်ပုံကို ကြည့်ပြီး တော်တော် ကျေနပ်သွားပါတယ်။ သူဟာ မြင်းပြိုင်ကွင်းကို လှမ်းကြည့်ပြီး ပြောပါတယ် “မနက်ဖြန် နေ့လည်ခင်း... ငါ့အိမ်က စာပေနဲ့ဂီတ ခန်းမဆောင်မှာ...”
…
ဒူဝီဗို စာကြည့်တိုက်အတွင်း။
ကလိုင်းဟာ သူအိတ်ကပ်ထဲက သက်သေခံကဒ်ကို ထုတ်ပြီး စာကြည့်တိုက်ဝန်ထမ်းတွေကို ပြပါတယ်။
“ငါက အာဝါခရိုင် အထူးစစ်ဆင်ရေးဌာနက အစမ်းခန့်ရဲအုပ်ပဲ... အမှုစုံစမ်းတဲ့နေရာမှာ ပူပေါင်းပါဝင်ပေးပါ” သူ ကြည့်ဖူးတဲ့ ရဲဇာတ်လမ်းတွေကို ပြန်တွေးပြီး ကလိုင်းဟာ အသံနက်နဲ့ ပြောလိုက်ပါတယ်။
စာကြည့်တိုက်ဝန်ထမ်းတွေဟာ သက်သေခံကဒ်ကို ကြည့်ပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ခေါင်းညိတ်ကြပါတယ်။
“မေးပါ ရဲအရာရှိ... ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပါ့မယ်”
ကလိုင်းဟာ ရှေးဟောင်းသုတေသန အကြောင်း ရေးသားတဲ့ ဂျာနယ်နာမည်တွေကို ရွတ်ပြပြီး။
“လွန်ခဲ့တဲ့နှစ်လအတွင်း အဲဒီဂျာနယ်တွေ ငှားထားတဲ့ မှတ်တမ်းကို လိုချင်တယ်”
စာကြည့်တိုက်ဝန်ထမ်း တစ်ယောက်က သူ့ကို အရင်က စာအုပ်ပြပေးခဲ့တဲ့လူပါ။ ဒါပေမဲ့ သူ့ကို မှတ်မိပုံ မပေါ်ပါဘူး။
“ဟုတ်ကဲ့ပါ... ခဏလောက်စောင့်နော်” စာကြည့်တိုက် ဝန်ထမ်းတွေဟာ မှတ်တမ်းတွေကို စရှာပြီး ကလိုင်းပြောထားတဲ့ ဂျာနယ်ငှားရမ်း မှတ်တမ်းတွေကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားပါတယ်။
ကလိုင်းဟာ မှတ်တမ်းတွေကို မျက်နှာသေကြီးနဲ့ လှန်ကြည့်ပြီး သူနဲ့ ဂျာနယ်တူငှားတဲ့လူကို ရှာဖွေပါတယ်။
နာမည်တွေက အများကြီး မရှိပါဘူး။ တစ်ယောက်တည်းပါ။ သူက ကလိုင်း ဖတ်ခဲ့တဲ့ ဂျာနယ်တွေအပြင် တခြားဂျာနယ်တွေကိုလည်း ငှားထားပါသေးတယ်။ အစောဆုံး ငှာရမ်းထားတာက မေလကုန် အပတ်မှာဖြစ်ပြီး လွန်ခဲ့တဲ့ စနေနေ့က နောက်ဆုံး ငှားရမ်းခဲ့ပါတယ်။ အဲဒီနေ့က ဟန်းနစ်ဗင်းဆင့် မသေမီ တစ်ရက်အလိုပါ။
ကလိုင်းဟာ စာအုပ်ငှားသမားရဲ့ အချက်အလက်ပေါ် လက်ညှိုးထောက်ပြီး အလွတ်မှတ်ပါတယ်။
‘ဆီးရီးယပ်(စ်) အဲရက်ဗစ်... အထည်ကုန်သည်... အမှတ် (၁၉) ဟောက်လမ်း...’
မြန်မာပြည် ငြိမ်းချမ်းပါစေ။