အခန်း (၁၀၁) မျှော်လင့်မထားတဲ့ သဲလွန်စ

အခန်း (၁၀၁) မျှော်လင့်မထားတဲ့ သဲလွန်စ

သော်ထက်ဇင်

ဟောက်လမ်း၊ ဗေဒင်ကလပ်။

ကလိုင်းဟာ သက္ကလပ်ဦးထုပ်ကို အသာဖိဆောင်ပြီး တံခါးမကြီးဆီကို လှေကားအတိုင်း လျှောက်သွားပါတယ်။ 

သူဟာ ပုံမှန်ဝတ်နေကျ ရုံးတက်ဝတ်စုံကို မဝတ်ထားပါဘူး။ အဖြူရောင် ရှပ်အင်္ကျီ၊ အရောင်ဖျော့ဖျော့ စွပ်ကျယ်နဲ့ ခပ်ပါးပါး အနက်ရောင် လေကာအင်္ကျီကိုပဲ ဝတ်ဆင်ထားတာကြောင့် သူဟာ အရင်ကထက် ပိုပြီးတော့ တက်ကြွလန်းဆန်းပုံ ပေါ်နေပါတယ်။

ဒီနေ့ သူ ဝတ်ဆင်လာတဲ့ အဝတ်အစားတွေက တိုက်ခိုက်ရေးအတွက် ပိုသင့်တော်ပြီး တစ်ပေါင်ပဲ ပေးရပါတယ်။ ဒါတောင် ဒီထဲမှာ စွပ်ကျယ်ထဲ အတွင်း အိတ်ကပ်သေးသေးလေး ထပ်ချုပ်ခိုင်းတာလည်း ပါပါသေးတယ်။ သူ အရင်က ဝယ်ခဲ့တဲ့ ဝတ်စုံနဲ့စာရင် ဈေးချိုလွန်းလို့ မျက်ရည်ကျလုနီးနီးပါပဲ။

သူဟာ သေနတ်အိတ်ထဲက ခြောက်လုံးပြူးနဲ့ အတွင်းအိတ်ကပ် သေးသေးလေးထဲက သတ္တုပုလင်းလေးတွေကို ပွတ်သပ်လိုက်ပါတယ်။ အဲဒီနောက် ပုံတူပန်းချီကို ထုတ်ယူပြီး ဗေဒင်ကလပ်ထဲ ဝင်ပါတယ်။ 

အရင်လိုပဲ သူဟာ လှပတဲ့ အန်ဂျလီကာနဲ့ အရင်ဆုံး တွေ့ပါတယ်။

“မင်္ဂလာ မနက်ခင်းပါ မစ္စတာမိုရက်တီ... ရှင် လေးငါးရက်နေမှာ လာမယ်လို့ ထင်နေတာ” အန်ဂျလီကာဟာ သူ့ကို မြင်မြင်ချင်း အံ့အားသင့်သွားပေမဲ့ ချက်ချင်းပဲ ဝမ်းသာအားရ ပြုံးပါတယ်။

ကလိုင်းဟာ ဦးထုပ်ချွတ်ပြီး သက်ပြင်းချပါတယ်။

“မင်္ဂလာ မနက်ခင်းပါ မစ္စအန်ဂျလီကာ... ကျွန်တော် ဒီနေ့ခင်း အိပ်မက်မက်တယ်... မစ္စတာဟန်းနစ်ကို မက်တာ... ဗေဒင်ဆရာဆိုတော့ ဘယ်လို အိပ်မက်မျိုးကိုမှ ပေါ့ပြက်ပြက် သဘောထားလို့ မရဘူးလေ... ဘယ်လိုအိပ်မက်မျိုးမဆို နတ်ဘုရားရဲ့ ဆက်သွယ်မှု ဖြစ်နိုင်တယ်လေ”

သူ့ရဲ့ ဆရာယောင် စကားကြောင့် နားရှုပ်သွားတဲ့ အန်ဂျလီကာဟာ တွေးရင်း ခေါင်းညိတ်ပြီး စပ်စုပါတယ် “ရှင် ဘာအိပ်မက် မက်လို့လဲ”

“မစ္စတာဟန်းနစ် တစ်ယောက်ယောက်နဲ့ စကားများနေတာကို မက်တာ...” ကလိုင်းဟာ သူ့လက်ထဲက ခေါက်ထားတဲ့ စက္ကူကို အန်ဂျလီကာဆီ လှမ်းပေးပါတယ်။

အန်ဂျလီကာက စက္ကူကို ယူပြီး ဖြန့်ကြည့်တဲ့အချိန်မှာ ကလိုင်းဟာ မျက်ခုံးလယ်ကို တောက်ပြီး သူမရဲ့ ခံစားချက်အ‌ရောင်တွေကို အကဲခတ်ပါတယ်။

“ဒီလူက...” အန်ဂျလီကာဟာ အသက်ဝင်လှတဲ့ ပုံရိပ်တူကို ကြည့်ပြီး အတွေးနက်သွားပါတယ်။

ကလိုင်းဟာ သူမရဲ့ ခံစားချက်က ပုံမှန် တွေးတောနေတဲ့ အပြာရောင် ပြောင်းသွားတာကို တွေ့လိုက်ရပါတယ်။

“ဒီလူက...” အန်ဂျလီကာ နောက်တစ်ခါ ထပ်ရေရွတ်ပြီး ခေါင်းမော့ကာ ပြောပါတယ် “ကျွန်မ သူ့ကို တစ်ခါ တွေ့ဖူးတယ်”

ကလိုင်းဟာ ချက်ချင်း ပြန်မေးပါတယ် “ဘယ်တုန်းကလဲ”

“သေချာတော့ မမှတ်မိတော့ဘူး... တစ်လကျော်လောက်က ဖြစ်မယ်... သူ မစ္စတာဗင်းဆင့်ကို တံခါးဆီ လိုက်ပို့ပြီး တစ်ခုခု ပြောနေတာပဲ မှတ်မိတယ်... ကျွန်မ သူ့ကို မှတ်မိနေတာက သူ့ရဲ့ ရှုပ်ပွနေတဲ့ မျက်ခုံးတွေနဲ့ မစ္စတာဗင်းဆင့်က ရှားရှားပါးပါး ပြုံးခဲ့လို့ပဲ” အန်ဂျလီကာဟာ ပြန်တွေးရင်း ပြောပါတယ် “သူ့မှာ မီးခိုးပြာရောင် မျက်လုံးတွေနဲ့ သူ့အသက်အရွယ်ပိုင်းက လူတွေလို ခေါင်းမှာလည်း ဆံပင်နည်းနည်းပဲ ရှိတယ်”

“မစ္စအန်ဂျလီကာ သူ့ကို အဲဒီအရင်နဲ့ နောက်ပိုင်းရော တွေ့မိသေးလား”

အန်ဂျလီကာဟာ ခေါင်းခါပါတယ်။

“မတွေ့မိဘူး... အဲဒါတော့ သေချာတယ်... ကျွန်မ သူ့နာမည်တောင် မသိဘူး... အမှန်အတိုင်း ပြောရရင် တစ်ယောက်ယောက်ကသာ ကျွန်မကို ဒီပုံတူပြပြီး တစ်ခုခု မေးခဲ့ရင် မစ္စတာဗင်းဆင့် သေဆုံးရတဲ့ အကြောင်းရင်းကို လာစုံစမ်းတဲ့ ရဲအရာရှိလို့ သံသယဝင်မိမှာ... ခစ်ခစ်... ဒါပေမဲ့ ရှင်က အမြင်ဆရာစစ်စစ်ဆိုတော့ ဘယ်လိုဆက်သွယ်မှုမျိုးပဲရရ မထူးဆန်းပါဘူးလေ”

‘တောင်းပန်ပါတယ်... ငါက ရဲအရာရှိပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ ခွန်းတုံ့ပြန်ရင်း သက်ပြင်းချပါတယ် “အမြင်ဆရာစစ်စစ်က ကျယ်ပြောလှတဲ့ ကံကြမ္မာနဲ့ နှိုင်းယှဉ်ရင် သူက ဘယ်လောက်ထိ သေးငယ်တယ်ဆိုတာကို နားလည်တယ်... ကျွန်‌တော်တို့တွေက ဝေဝါးနေတဲ့ အပိုင်းအစလေး တစ်ခုကိုပဲ မြင်ရတာ... အမြဲတမ်း အမြင်တွေ ရတယ်ဆိုပေမဲ့ အဖြေတွေတော့ မဟုတ်ဘူး... အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြန်သုံးသပ်ပြီး ကြောက်ရွံ့ လေးစားစိတ်ကို ထိန်းသိမ်းထားရတယ်... ဒီအရိပ်အမြွက်တွေကို သေချာဂရုတစိုက် အဓိပ္ပာယ်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် ကံတရားကို ထိန်းချုပ်တဲ့လူလို့ မမြင်အောင် ကြိုးစားရတယ်”

ပြီးခဲ့တဲ့ အပတ်တွေမှာ သူ ရှာတွေ့ခဲ့တာတွေကို အကျဉ်းချုံးပြီးနောက် ကလိုင်းဟာ သူ့စိတ်ဝိညာဉ်အာရုံ ရုတ်တရက် ကြည်လင်ပြတ်သားတွေ့တာကို တွေ့လိုက်ရပါတယ်။ အန်ဂျလီကာရဲ့ ရောင်ဝါတွေထဲက အသေးစိတ် ပြောင်းလဲမှုတွေကိုတောင် မြင်နိုင်သွားပါတယ်။

အဲဒီတစ်ဒင်္ဂအတွင်းမှာပဲ သူဟာ မျက်စိမှုန်တဲ့ လူတစ်ယောက် သူနဲ့ သင့်တော်တဲ့ မျက်မှန်တစ်လက် တပ်မိလိုက်သလိုမျိုး ခံစားလိုက်ရပါတယ်။

‘ဒါ... ငါ့ရဲ့ အမြင်ဆရာ ဆေးရည်ကို လုံးဝ ချေဖျက်နိုင်မဲ့ လက္ခဏာ စပေါ်လာတာလား...’ ကလိုင်းဟာ သူ့ကိုယ်သူ မယုံနိုင်ဘဲ အံ့ဩမှင်တက်သွားပါတယ်။

“ရှင်လိုမျိုး အမြင်ဆရာ တစ်ယောက်က ကံကြမ္မာကို ဒီလိုလေးစားပြီး ကြောက်ရွံ့လိမ့်မယ်လို့ကျွန်မ ထင်မထားမိဘူး... တကယ်ကို လေးစားအားကျဖို့ ကောင်းတယ်” အန်ဂျလီကာက လေးလေးနက်နက် ပြောပါတယ်။

သူမဟာ ဗေဒင်ကလပ်ထဲမှာ ဗေဒင်လေး သုံးလေးမျိုး သင်ပြီးတာနဲ့ အမှန်တရားကို ထိုးထွင်းသိမြင်ကာ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်လို့ ယူဆတဲ့ လူအများကြီးကို တွေ့ဖူးပေါင်း များလှပါပြီ။

ကလိုင်းဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး တစ်ချက် ရယ်ပါတယ် “ပိုပြီးတော့ သိလေလေ ကိုယ်က ဘယ်လောက် သေးငယ်တယ်ဆိုတာကို နားလည်လာလေလေပဲ”

ဒီစကားပြောရင်းနဲ့ သူဟာ သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးပြီး အရင်တုန်းက အတွေ့အကြုံတွေကို ပြန်သုံးသပ်ပါတယ်။ သရုပ်ဆောင်တဲ့ နည်းလမ်းရဲ့ အနှစ်သာရကို အကျဉ်းချုံးလိုက်ရင် ဆေးရည်ရဲ့ နာမည်အတိုင်း လိုက်ပါလုပ်ဆောင်တာပါ။ အဲဒီဇာတ်ကောင်ကို အုပ်ချုပ်ထားတဲ့ ကွယ်ဝှက်နေတဲ့ နိယာမတွေကို နားလည်ပြီး အဲဒီနိယာမတွေကို တင်းတင်းကြပ်ကြပ် လိုက်နာတာပါ။

အဲဒီလို လုပ်ဆောင်မှပဲ သူ့ရဲ့ ခန္ဓာကိုယ်၊ နှလုံးသားနဲ့ ဝိညာဉ်ကို ဆေးရည်ထဲမှာ ကျန်ရှိနေတဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ နီးစပ်အောင် လုပ်နိုင်ပြီး ဖြည်းဖြည်းချင်း ချေဖျက်နိုင်မှာပါ။

အမြင်ဆရာအဖြစ် နာမည်ခံတာက အပေါ်ယံ အစိတ်အပိုင်းတစ်ခုပဲ ရှိပါတယ်။ စိတ်ဝိညာဉ်ချင်း နီးစပ်ဖို့က ဗေဒင်တွက်တာရဲ့ တုံ့ပြန်မှုတွေဖြစ်တဲ့ အောင်မြင်မှု မှန်ကန်မှုစတဲ့ အချက်အလက်တွေပေါ် မူတည်ပါတယ်။ ဒီတုံ့ပြန်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုရှိလာပြီး ကိုယ့်အစွမ်းအစကို ပိုသိလာပြီး ကိုယ့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အမြင်ဆရာ ဆေးရည်မှာကျန်တဲ့ လက်ကျန် စိတ်ဝိညာဉ်စွမ်းအားနဲ့ ပိုနီးစပ်စေပါတယ်။ နောက်ဆုံး ဒီဆောင်ရွက်မှုတွေ စုပေါင်းပြီး အမြင်ဆရာ ဆေးရည်ကို ချေဖျက်ဖို့ လိုအပ်တဲ့ နိယာမတွေ ဖြစ်တည်လာပါတယ်။

တခြားလူတွေကို နိမိတ်ဖတ်ပေးပြီး ပိုကောင်းတဲ့လမ်းဆီရောက်အောင် လမ်းညွှန်ပေးပေမဲ့ ကံကြမ္မာအပေါ် ကြောက်ရွံ့ လေးစားစိတ်ကို ဆက်ထိန်းသိမ်းထားရပါတယ်။ တစ်ကိုယ်ကောင်း ဆန်လွန်းလို့ မရသလို မာနကြီးလို့လည်း မရပါဘူး။ ကိုယ့်ရဲ့ ဟောပြောချက်တွေကို မျက်စိစုံမှိတ်ပြီး ယုံကြည်လို့လည်း မရပါဘူး။

ဒါက လောလောဆယ်မှာ သူတွေးလို့ရတဲ့ နိယာမတွေပါ။ ရှေ့ဆက် သူ့ကို ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ လမ်းညွှန်ပေးမဲ့ အနှစ်သာရတွေဆိုရင်လည်း မမှားပါဘူး။ ဒီအတိုင်း ဆက်သွားရင် သူ နှစ်ဝက်တောင် မလိုပါဘူး။ နှစ်လ သုံးလအတွင်း ကံကောင်းရင် နှစ်ပတ် သုံးပတ်အတွင်း ဆေးရည်ကို အကုန်အစင် ချေဖျက်နိုင်မှာပါ။

‘ဒီလက္ခဏာက သိသာလွန်းတယ်... မစ္စတာဇာရဒိုက သာလွန်သူတွေ ဆေးရည်ကို ကုန်စင်အောင် ချေဖျက်ပြီးရင် သူ့ဘာသာ သိလိမ့်မယ်လို့ ပြောတာ အံ့ဩစရာ မရှိတော့ပါဘူး... တကယ်ကို ဘယ်သူမှ သင်ပေးစရာ မလိုဘူး... ခုနက ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံ နည်းနည်း ကြည်သွားတယ်... ဒါက ချေဖျက်တဲ့ ဖြစ်စဉ်မှာ မှတ်တိုင်တစ်ခုပဲ ရှိသေးတယ်... နောက်ဆုံး လမ်းဆုံးကို မရောက်သေးဘူးဆိုတာ ငါ ကောင်းကောင်းကြီး သိတယ်’

ဒါကို တွေးမိလိုက်တဲ့ ကလိုင်းဟာ အသက်နဲ့ရင်းပြီး သူ့ကို သင်ကြားလမ်းပြပေးခဲ့တဲ့ ဝတ်စုံနဲ့လူပြက်ကို ကျေးဇူးမတင်ဘဲ မနေနိုင်အောင် ဖြစ်သွားရပါတယ်။

ဝတ်စုံနဲ့လူပြက်ကြောင့်သာ မဟုတ်ရင် သူ ဗေဒင်ကလပ်မှာ လပေါင်းများစွာ အချိန်ကုန်ခံပြီး အမြင်ဆရာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို စမ်းသပ်မှုပေါင်း များစွာကနေ အနှစ်ချုပ်ပြီး ပိုကောင်းလာစေလား ပိုဆိုးလာစေလားဆိုတာကို ရှာဖွေရမှာပါ။ ပြီးတော့မှ အဲဒီစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် လိုက်နာ သရုပ်ဆောင်ပြီး ဆေးရည်ကို ချေဖျက်နိုင်မှာပါ။

“မစ္စတာမိုရက်တီ... တစ်ခါတစ်လေကျရင် ရှင်က ဒဿနိကဗေဒ ပညာရှင်လို့တောင် ကျွန်မ ထင်မိတယ်” သူ့စကားကို ကြားလိုက်ရတဲ့ အန်ဂျလီကာဟာ သက်ပြင်းချပြီး ပြန်ပြောပါတယ်။

“ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ ဒဿနိကဗေဒ ပညာရှင်ဆိုတဲ့ အသုံးအနှုန်းက တစ်ယောက်ယောက်ကို ဆူပူကြိမ်းမောင်းဖို့ သုံးတာ” ကလိုင်းဟာ စိတ်ကောင်းဝင်နေပါတယ်။

အဲဒီနောက် သူဟာ ဦးညွှတ် ဦးထုပ်ပြန်ဆောင်းပြီး နှုတ်ဆက်ကာ ဗေဒင်ကလပ်ကနေ ထွက်လာခဲ့ပါတယ်။

အန်ဂျလီကာက ပုံတူပန်းချီထဲက လူကို မသိပေမဲ့ ကလိုင်းဟာ စိတ်ဓာတ်မကျပါဘူး။ သူ အခု သိခဲ့ရတာနဲ့တင် သူ့အစီအစဉ်ရဲ့ နောက်တစ်ပိုင်းကို လုပ်ဆောင်ဖို့ လုံလောက်ပါတယ်။

...

အမှတ် (၃၆) ဇိုးတလန်လမ်း၊ ဆူးနက်လုံခြုံရေး ကုမ္ပဏီအတွင်း။

ဒန်းစမစ်ဟာ ကလိုင်းလက်ထဲက ပုံတူပန်းချီကို မီးခိုးရောင် မျက်လုံးတွေနဲ့ ကြည့်နေပါတယ်။

“မင်း ဒီလူကို ရှာချင်တာလား”

“ဟုတ်တယ်” ကလိုင်းဟာ ဒီကိစ္စအတွက် အကြောင်းပြချက် ရှာထားပြီးပါပြီ။

“ကပ္ပတိန်... ကျွန်တော် ဗေဒင်ကလပ်ဆီသွားပြီး သူတို့တွေ ဟန်းနစ်ဗင်းဆင့် ရုတ်တရက် သေဆုံးသွားတာကို ဘယ်လို တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်မယ်လို့ ပြောခဲ့တယ်မလား... မနေ့က ကျွန်တော် ဘာမှ မရခဲ့ဘူး... ဒါပေမဲ့ ဒီနေ့ တစ်ခု ရခဲ့တယ်... ဒီလူက ဟန်းနစ်ဗင်းဆင့်နဲ့ တစ်ခါပေါ်လာပြီး တစ်ခုခုကို ကြိတ်ဆွေးနွေးခဲ့တယ်လို့ ပြောတယ်... စောစောက ကျွန်တော် အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို လှန်ကြည့်တော့ ဒီလူနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မတွေ့ရဘူး”

သူ့စကားမှာ ဟာကွက် တစ်ကွက်မှ မရှိပါဘူး။ ဒန်းစမစ် ဒီပုံတူပန်းချီကိုယူပြီး ဗေဒင်ကလပ်ဆီ သွားမေးရင်တောင် အန်ဂျလီဆီကာကနေ ဒီအဖြေပဲ ရမှာပါ။

ဒန်းစမစ်ဟာ ပုံတူပန်းချီကနေ အကြည့်ဖယ်ပြီး တစ်ချက် ရယ်ပါတယ်။

“ကြည့်ရတာ လျော်ကြေးရန်ပုံငွေက အလကား မဖြစ်ဘူးပဲ”

‘... ကပ္ပတိန်... ကပ္ပတိန်ရဲ့ မှတ်ဉာဏ်က မကောင်းဘူး မဟုတ်ဘူးလား... ဘာဖြစ်လို့ ဒီအချိန်မှာ ဒီအကြောင်း ပြောရတာလဲ...’ ကလိုင်းဟာ ပြုံးရုံသာပြုံးပြီး စကားတစ်လုံးမှ မပြောပါဘူး။

“ဒါ မင်းဆွဲထားတာလား” ဒန်းစမစ်က မေးပါတယ်။

“ဟုတ်တယ်... ကျွန်တော် အစီအရင်ရဲ့ အကူအညီနဲ့ ဆွဲထားတာ” ကလိုင်းဟာ အမှန်အတိုင်း ဖြေပါတယ်။ အမှန်အတိုင်းဖြေတာနဲ့ အမှန်အတိုင်း အကုန်လုံးပြောတာက မတူညီတဲ့ ကိစ္စနှစ်ခုပါ။

ဒန်းစမစ်ဟာ အသာခေါင်းညိတ်ပါတယ် “လူအိုကြီးနီးလ်ဆီသွားပြီး နောက်လေးငါးပုံလောက် ဆွဲခိုင်းလိုက်... ငါ ကင်လီနဲ့ ရိုင်ရွယ်ကို စုံစမ်းခိုင်းပြီး ရဲဌာနဆီကနေ အကူအညီ တောင်းခိုင်းလိုက်မယ်... ဒီသဲလွန်စက အသုံးဝင်မယ်ဆိုရင် မင်း အကျိုးဆောင်မှုကြီး ထပ်လုပ်လိုက်တာပဲ”

“အရှင်မက ကောင်းချီးပေးပါစေ” ကလိုင်းဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ ထိလိုက်ပါတယ်။ လုံးဝ သက်ဝင်ယုံကြည်သူလိုပါပဲ။

သူ့အတွက် လိုအပ်တာက ဒန်းစမစ်တို့တွေ ဒီလူရဲ့ နာမည်နဲ့ ဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်ဖို့ပါ။ ဒါမှ သူ မီးခိုးရောင် မြူခိုးထက်ကနေ ဒီလူရဲ့ တည်နေရာကို တွက်ချက်နိုင်မှာပါ။

...

ပိတ်ရက်ဆိုပေမဲ့ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီကနေ ထွက်ပြီးနောက် အိမ်ကို ချက်ချင်း တန်းမပြန်ပါဘူး။ အိမ်ပြန်မဲ့အစား ဆိပ်ကမ်းကို အများသုံး မြင်းလှည်းစီးသွားပြီး မိစ္ဆာနဂါးဘားရှေ့ ရောက်သွားပါတယ်။

သူ စဉ်းစားထားသလောက် အမြင်ဆရာက ရန်သူနဲ့ တိုက်ရိုက် တိုက်ခိုက်ဖို့ အဆင်မပြေပါဘူး။ မန္တန်တွေကို လျင်လျင်မြန်မြန် ထုတ်သုံးနိုင်စွမ်းလည်း မရှိပါဘူး။ ဒါပေမဲ့ တိုက်ခိုက်နိုင်တဲ့ နည်းလမ်းက အဲဒီနည်းလမ်းတွေတင် မဟုတ်ပါဘူး။ တိုက်ပွဲတိုင်းက ရင်ဆိုင်တွေ့တာ မဟုတ်ပါဘူး။ သူ့မှာသာ ပြင်ဆင်ဖို့အချိန် အလုံအလောက် ရှိရင် အမြင်ဆရာတစ်ယောက်က အစီအရင်ကို သုံးပြီး ရန်သူကို ရင်ဆိုင်နိုင်ပါတယ်။ သူ ဆယ်လီနာရဲ့အိမ်မှာ မှော်မှန်ဗေဒင်ကို ဖြေရှင်းခဲ့သလိုမျိုးပေါ့။

အဲဒါကြောင့် အမြင်ဆရာတစ်ယောက်က ရေမွှေးဆီ၊ ဆေးပင်တွေနဲ့ ဖယောင်းတိုင် သေးသေးလေးတွေကို ကိုယ်နဲ့မကွာ ဆောင်ထားတာ အကောင်းဆုံးပါ။ အဲဒါမှ အလိုအပ်ဆုံးအချိန်မှာ ပစ္စည်းတွေ မရှိလို့ အစီအရင် ထုတ်မသုံးနိုင်ဘဲ ကူကယ်ရာမဲ့ မသေမှာပါ။ လူတိုင်းက ဆယ်လီနာလိုမျိုး ဂမ္ဘီရနဲ့ဆိုင်တဲ့ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ရှိနေနိုင်တာ မဟုတ်ပါဘူး။

သူ ကုမ္ပဏီဆီကနေ တင်ပြတောင်းခံထားတာက သူ မကြာခဏ လေ့ကျင့်တာနဲ့တင် ကုန်ပါတယ်။ ကျန်တဲ့ နည်းနည်းပါးပါးကိုတော့ သူ့ အတွင်းအိတ်ကပ်လေးထဲမှာ ထည့်ထားပါတယ်။

သူဟာ အိတ်ကပ်ထဲက ပိုက်ဆံကို တစ်ချက်ပုတ်ပြီး မိစ္ဆာနဂါးဘားရဲ့ တံခါးကို တွန်းဖွင့်ကာ အထဲဝင်လိုက်ပါတယ်။ နေ့ခင်းဘက်မလို့ ဘားထဲမှာ ဖောက်သည်တွေ သိပ်မရှိပါဘူး။ ကြွက်လိုက်ပွဲတို့ လက်ဝှေ့ပွဲတို့လည်း မရှိပါဘူး။ စည်စည်ကားကားမရှိဘဲ တိတ်ဆိတ်နေပါတယ်။

ကလိုင်းဟာ ဘီယာသောက်နေတဲ့ ဧည့်သည်တွေနဲ့ ဖဲကစားနေတဲ့ ဧည့်သည်တွေကို တစ်ချက် အကဲခတ်ပြီးနောက် မြေအောက်ဈေးဆီ ဦးတည်တဲ့ ဘိလိယက်ခန်းဆီ လျှောက်သွားပါတယ်။

အဲဒီအချိန်မှာ ဂျက်ကတ်တစ်ထည် ပခုံးပေါ်တင်ထားတဲ့ ကြွက်သား အဖုအထစ်တွေနဲ့ လူတစ်ယောက် ထွက်လာတာ တွေ့လိုက်ရပါတယ်။

“မင်းက လူအိုကြီးနီးလ် အရင်တစ်ခေါက်က ခေါ်လာတဲ့ မိတ်ဆွေလား” အရက်ခိုးဝေပြီး အပြာရောင်မျက်လုံး အညိုရောင် ဆံပင်ရှုပ်တွေနဲ့ လူကြီးက ကလိုင်းကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး ရယ်ပါတယ်။

ကလိုင်းဟာ ဒီလူ ဘယ်သူလဲဆိုတာကို ခန့်မှန်းမိတာမလို့ ဦးထုပ်ချွတ်ပြီး ဦးညွှတ်ပါတယ်။

“ဟုတ်ပါတယ်... ကျွန်တော် လူကြီးမင်းကို ဘယ်လိုခေါ်ရမလဲ မသိဘူး”

“လူအိုကြီးနီးလ်က မင်းအကြောင်း မကြာခဏပြောတယ်... ငါက ဒီဘားရဲ့ သူဌေးဆွင်းပဲ” ဒီမျက်လုံးပြာနဲ့ လူကြီးရဲ့ လက်မောင်းတွေက တောင့်တင်း ကြံ့ခိုင်ပါတယ်။ ကြွက်သားတောင့်တောင့်နဲ့ စစ်အရဲရှိတစ်ဦးးလိုပါပဲ။

‘ထင်းဂန်မြို့ ဒဏ်ခတ်သမားတွေရဲ့ ကပ္ပတိန်ဟောင်း... တော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့ဖူးတယ်လို့ ပြောကြတယ်...’ ကလိုင်းဟာ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေပါတယ် “ဟုတ်ပါတယ်”

“မင်း ပိုက်ဆံလိုရင် ငါ့ဆီ အချိန်မရွေး လာလို့ရတယ်” ဆွင်းဟာ ရယ်ကာမောကာ ပြောရင်းနဲ့ ဘားကောင်တာဆီ လျှောက်သွားပါတယ်။

အဲဒီအချိန်မှာ ကလိုင်းဟာ ဖျတ်ခနဲ အတွေးတစ်ခု ဝင်လာပြီး ချက်ချင်း ပြောလိုက်ပါတယ် “ခဏလေး... မစ္စတာဆွင်း... ကျွန်တော် မေးစရာလေးရှိလို့...”

ဆွင်းဟာ ခြေလှမ်းတန့်သွားပြီး တစ်ဝက်လှည့်ကာ အပြုံးနဲ့ ပြောပါတယ် “မင်းက... တကယ်ကို တူတယ်”

‘မဟုတ်ဘူး... ကျွန်တော်က ပိုက်ဆံချေးမလို့ မဟုတ်ဘူး...’ ကလိုင်းရဲ့ နှုတ်ခမ်းထောင့်ဟာ တွန့်တက်သွားပါတယ်။ သူဟာ လက်ထဲက ပုံတူပန်းချီကို ပြပြီး...။

“မစ္စတာဆွင်း... ဒီလူကို အရင်ကို တွေ့ဖူးလား မသိဘူး”

သူဟာ ဆယ်လီနာကို ဟန်းနစ်ဗင်းဆင့်က မြေအောက်ဈေးဆီ ခေါ်လာဖူးတယ်လို့ ရုတ်တရက် တွေးမိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်လီနာရဲ့ သူငယ်ချင်းဖြစ်တဲ့ အဲလစ်ဇဘတ်က မိစ္ဆာနဂါးဘားအကြောင်းကို သိနေလို့ပါပဲ။ အဲဒါကြောင့် ဟန်းနစ်ဗင်းဆင့်နဲ့ ဆက်ဆံရေးရှိတဲ့ ပုံတူပန်းချီထဲကလူဟာ ဒီကို လာကောင်း လာနိုင်ပါတယ်။

ဆွင်းဟာ ပုံတူပန်းချီကို သေချာကြည့်ပြီး တိတိကျကျ ပြောပါတယ် “ငါ သူ့ကို သိတယ်... ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ရှိလားလို့ ငါ့ကို တစ်ခါ မေးဖူးတယ်”

‘ဟွန်းနားဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ...’ ကလိုင်းဟာ တအံ့တဩ ဖြစ်သွားပြီး ရုတ်တရက်ဆိုသလို နောက်ထပ် ကိစ္စတစ်ခုနဲ့ ဆက်စပ်မိလိုက်ပါတယ်။

သူ ဒူဝီဗိုစာကြည့်တိုက်မှာ ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်နဲ့ ပတ်သက်တဲ့ ဂျာနယ်တွေ ငှားဖတ်တုန်းက တစ်ယောက်ယောက် ငှားပြီး ပြန်လာအပ်ရုံ ရှိသေးတယ်လို့ စာကြည့်တိုက်ဝန်ထမ်းက ပြောခဲ့ပါတယ်။ သူ အဲဒါကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေပါသေးတယ်။ သူ အဲဒီမှာ သွားစစ်ကြည့်လို့ ရပါတယ်။

‘အဲဒီလူက ဒီပုံတူပန်းချီထဲက လူများလား... အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ် ရောင်းဝယ်တဲ့နေရာမှာ ရှိနေခဲ့တဲ့လူလေ...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

 


Report Page