အခန်း (၁၀၀) အဓိပ္ပာယ်ကောက်ခြင်း
သော်ထက်ဇင်“လူရွှင် ဆေးရည်ဆီ ညွှန်ပြတဲ့ သဲလွန်စများ”
...
ရှေးဟောင်း ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ ကလိုင်းဟာ ဗေဒင်တွက်မဲ့ စာကြောင်းကို ထပ်ခါထပ်ခါ ရွတ်ဆိုပြီးနောက် ကုလားထိုင်မှာ နောက်မှီထိုင်ပြီး အိပ်မောကျတဲ့ အခြေအနေထဲ ဝင်ရောက်သွားပါတယ်။
သူ့ပတ်ဝန်းကျင်ဟာ ခပ်မြန်မြန်ပဲ အေးချမ်းငြိမ်သက် တိတ်ဆိတ်သွားပါတယ်။ သူ့မြင်ကွင်းထဲမှာ ပုံပန်းမကျဘဲ ဝေဝါးပြီး မြူဆိုင်းနေတဲ့ မြင်ကွင်းမျိုးစုံ လျှပ်တစ်ပြက် ဖြတ်သန်းသွားပါတယ်။
တဖြည်းဖြည်းနဲ့ ကလိုင်းဟာ သူ့စိတ်ဝိညာဉ်ကို ဖမ်းဆုပ်မိပြီး သတိဝင်လာပါတယ်။
သူဟာ မီးလင်းဖိုတစ်ဖိုနဲ့ အဲဒီမီးလင်းဖိုရှေ့မှာ လှုပ်ကုလားထိုင်တစ်လုံး ရှိနေတာကို တွေ့လိုက်ရပါတယ်။ လှုပ်ကုလားထိုင်ပေါ်မှာတော့ အဖြူရောင်နဲ့ အနက်ရောင် ဝတ်ဆင်ထားတဲ့ အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး ထိုင်နေပါတယ်။
ဒီအမျိုးသမီးကြီးက ခေါင်းစိုက်နေတဲ့အတွက် သူဟာ ဒီအမျိုးသမီးကြီးရဲ့ မျက်နှာကို မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးကြီးက တော်တော်လေး အိုနေပြီဆိုတာတော့ သူ ပြောနိုင်ပါတယ်။
အမျိုးသမီးကြီးရဲ့ ရှေ့တည့်တည့်မှာ စားပွဲတစ်လုံး ရှိနေပါတယ်။ အဲဒီစားပွဲပေါ်မှာ သတင်းစာတွေနဲ့ ငွေစီထားတဲ့ သံဘူးတွေ ရှိနေပါတယ်။
“ဒါ...” ကလိုင်းဟာ သူ့ရှေ့က မြင်ကွင်းဟာ သူနဲ့ ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို မှတ်မိသွားပါတယ်။
ဒါက ရေးဘီဘာနဲ့ သူ့အမေ နေတဲ့နေရာပါ။
ဒီနေရာက သူ ဖောင်းကားရောင်ရမ်းနေတဲ့ ရုပ်အလောင်းကို ပထမဆုံးအကြိမ် တွေ့ခဲ့ရတဲ့နေရာပါ။
‘ဒီနေရာမှာ လူရွှင်ဆေးရည်ဆီ လမ်းညွှန်နိုင်တဲ့ သဲလွန်စတွေ ရှိနေတာလား...’ ကလိုင်း တွေးမိရုံ ရှိပါသေးတယ်။ သူ့ပတ်လည်က မြင်ကွင်းဟာ ပြောင်းလဲသွားပါတယ်။
ဒီတစ်ခါက တူညီတဲ့ အဆောက်အဦးပုံစံတွေရှိတဲ့ နေရာမှာ မထင်မရှား တည်ရှိနေတဲ့ ဖြူမိုင်းမိုင်း ကုန်လှောင်ရုံပါ။
အဲဒီမှာ အရိုးတွေ ပြန့်ကြဲနေပြီး ကျောက်တုံးကြီးနဲ့ ဖိချေခံထားရသလို အသားစ အသားနတွေ ပြန့်ကြဲနေပါတယ်။
ကုန်လှောင်ရုံရဲ့ အလယ်မှာ လက်သီးဆုပ်အရွယ် ဖြူမှိုင်းမှိုင်း အရာဝတ္ထုတစ်ခု ရှိနေပြီး အဲဒီအရာဝတ္ထုရဲ့ မျက်နှာပြင်ဟာ မြောင်းကလေးတွေနဲ့ ပြည့်နေပါတယ်။ အဲဒီအရာဝတ္ထုဟာ နူးညံပေမဲ့ လိုသလို ပုံသွင်းယူလို့ရမဲ့ ပုံစံ ရှိပါတယ်။ သက်ရှိတစ်ယောက်ဆီကနေ ထုတ်ထားရုံ ရှိသေးတဲ့ ဦးနှောက်တစ်ခုလိုပါပဲ။
ကလိုင်းဟာ ဒီမြင်ကွင်းကို သိတာကြောင့် တစ်စုံတစ်ခုကို ပြန်တွေးနေတုန်းမှာပဲ သူ့ရှေ့က မြင်ကွင်းဟာ လှိုင်းထသလို ဂယက်ထပြီး နောက်ထပ် ဝေဝါးတဲ့ မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။
အဝတ်ဗလာနဲ့ ခန္ဓာကိုယ်တစ်ခုဟာ စားပွဲရှည်ပေါ်မှာ လဲလျောင်းနေပြီး အဝတ်ဖြူတစ်စက အဲဒီခန္ဓာကိုယ်ကို ဖုံးအုပ်ထားပါတယ်။ အလောင်းရဲ့ အရေပြားပေါ်မှာ အရောင်ပျက်နေတဲ့ ပြာလဲ့လဲ့ အကွက်တချို့လည်း ရှိနေပါတယ်။
ကလိုင်းဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ရေရွတ်မိလိုက်ပါတယ် “ပထမက ရေးဘီဘာ ပုန်းနေတဲ့နေရာနဲ့ သူ့ရဲ့လက်ကျန် အပိုင်းအစတွေ... အခု ဝတ်စုံနဲ့လူပြက်... ဝတ်စုံနဲ့ လူပြက်ရဲ့ လက်ကောက်ဝတ်ပေါ်က တံဆိပ်နဲ့ ပတ်သက်နေတာလား...”
ဒီမြင်ကွင်းတွေ ဘာကိုဆိုလိုလဲဆိုတာ သူ ကြိုးစား တွေးတောနေတုန်းမှာပဲ သူ့ရှေ့က မြင်ကွင်းဟာ ရုတ်တရက်ဆိုသလို ထပ်ပြီးတော့ ပြောင်းလဲသွားပြန်ပါတယ်။
စကျင်ကျောက် ကော်ဖီစားပွဲနဲ့ သားရေဆိုဖာနှစ်လုံး။ မျက်နှာကြက်မှာ မီးပန်းဆိုင်း ဆွဲထားပါတယ်။
အဲဒီမှာ လူသုံးယောက် ရှိနေပါတယ်။ အနက်ရောင်ဆံပင် အညိုရောင်မျက်လုံးနဲ့ ပညာရှင်ပုံစံရှိတဲ့ ကလိုင်းမိုရက်တီ၊ အသားအရောင် ဖျော့ဖျော့ သူဌေးသား ဝတုတ်နဲ့ ဇာလက်အိတ် ဝတ်ထားတဲ့ ချောမောလှပတဲ့ မိန်းမပျိုတစ်ယောက်ပါ။
အဲဒီနောက် နောက်ထပ်လူသုံးယောက်နဲ့ အရာဝတ္ထုတစ်ခု ပေါ်လာပါတယ်။ လူသုံးယောက်က အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး အညိုရောင်ဆံပင် ထိုးထိုးထောင်ထောင်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ အသားအရောင် ဖျော့ဖျော့ သူဌေးသား ဝတုတ်တစ်ဦးနဲ့ မျက်ခုံးမွေးရှုပ်ရှုပ် အညိုရောင်ဆံပင်ပါပါး မီးခိုးပြာရောင် မျက်လုံးတွေနဲ့ အသက်ငါးဆယ်အရွယ်ရှိတဲ့ လူကြီးတစ်ဦးပါ။ အရာဝတ္ထုကတော့ သူတို့သုံးယောက်အလယ်က စားပွဲဝိုင်းမှာ တင်ထားတဲ့ ရှေးကျတဲ့ အနက်ရောင် မှတ်စုစာအုပ် တစ်အုပ်ပါ။
‘အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်...’
ကလိုင်းဟာ ရုတ်တရက် ကောက်ထိုင်လိုက်ပြီး အိပ်မက်လည်း ပျောက်ကွယ်သွားပါတယ်။ သူဟာ ခန်းမအပြင်ဘက်က အဆုံးမရှိတဲ့ မီးခိုးရောင်မြူခိုးတွေနဲ့ ကြက်သွေးရောင်ကြယ်တွေကို ကြည့်ရင်း တစ်ချိန်တည်းမှာ အံ့အားလည်း သင့်သလို ဝေခွဲမရလည်း ဖြစ်သွားပါတယ်။
‘ငါက လူရွှင်ဆေးရည်ဆီ ညွှန်ပြတဲ့ သဲလွန်စကို တွက်နေတာလေ... အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်က ဘာဖြစ်လို့ ပေါ်လာရတာလဲ’
‘စဉ်းစားစမ်း... စဉ်းစားစမ်း... အဲဒီဝတုတ်က ဝဲလ်ဖြစ်မယ်... ဟုတ်တယ်... ကံဆိုးရှာတဲ့ ဝဲလ်က အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ဝယ်မိပြီး ဒီကိစ္စတွေကို ဖြစ်ပေါ်စေခဲ့တာပဲ... ဇာလက်အိတ်နဲ့ ချောမောလှပတဲ့ မိန်းမပျိုက နာယာဖြစ်မယ်...’
‘သတိရပြီ... အဲဒီစကျင်ကျောက် ကော်ဖီစားပွဲနဲ့ သားရေဆိုဖာနှစ်လုံးက ဝဲလ်နေတဲ့ နေရာပဲ... ငါ နတ်ဝင်သည်ဒေလီကို အဲဒီမှာ တွေ့ခဲ့တာလေ’
‘တခြားစကားနဲ့ ပြောရရင် ငါ မြင်ခဲ့တာက ဝဲလ်ရဲ့ ဧည့်ခန်းပဲ... အရင်ကလိုင်းနဲ့ သူ့အတန်းဖော်နှစ်ယောက် မှတ်စုစာအုပ်အကြောင်း ဆွေးနွေးနေတဲ့ မြင်ကွင်း ဖြစ်မယ်’
ကလိုင်းဟာ စိတ်ငြိမ်အောင်ထိန်းပြီး ကြေးစားပွဲရှည်ရဲ့ အစွန်းကို စည်းချကျကျ တောက်ပါတယ်။
‘အဲဒါဆိုရင် နောက်ဆုံး မြင်ကွင်းက ဘာကို ရည်ညွှန်းတာလဲ... မှတ်စုစာအုပ် ပေါ်လာတယ်... ဝဲလ် ပေါ်လာတယ်... သူ အဲဒီစာအုပ်ကို ဝယ်ခဲ့တဲ့ မြင်ကွင်းလား...’
‘အဲဒီလူနှစ်ယောက်ထဲမှာ တစ်ယောက်က ရင်းရင်းနှီးနှီး ရှိတယ်လို့ ခံစားရတယ်... ငါ အဲဒီအနက်ရောင်ဝတ်ရုံနဲ့ လူလတ်ပိုင်း အမျိုးသားကို တစ်နေရာမှာ မြင်ဖူးသလိုပဲ... အညိုရောင်ဆံပင် ထိုးထိုးထောင်ထောင်တွေနဲ့ မျက်ကွင်းညိုတွေ... ဟုတ်သားပဲ... သူက ဟန်းနစ်ဗင်းဆင့်ပဲ... ဆယ်လီနာ မှော်မှန်ဗေဒင်ကိစ္စကြောင့် ကပ္ပတိန် သူ့အိပ်မက်ထဲ ဝင်ကြည့်လို့ အေးအေးချမ်းချမ်း သေသွားတဲ့ ဗေဒင်ကလပ်က ဟန်းနစ်ဗင်းဆင့်ပဲ’
‘မဖြစ်နိုင်တာ... သူက ဝဲလ်ကို မှတ်စုစာအုပ် ရောင်းလိုက်တာလား...’
‘အကုန်လုံးက ဆက်စပ်နေတယ်... လောကကြီးက တကယ်ကို ကျဉ်းတာပဲ... မဟုတ်ဘူး... တကယ်က ထင်းဂန်မြို့ ကျဉ်းတာ... သေချာတွေးကြည့်ရင် ဟန်းနစ်ဗင်းဆင့်က သာမန်ရိုးရိုး ဗေဒင်ဆရာတစ်ယောက် မဖြစ်နိုင်ဘူး... ဂမ္ဘီရနယ်ပယ်ထဲကို နက်နက်နဲနဲ လေ့လာမိလို့ မကောင်းဆိုးဝါး နတ်ဘုရားတစ်ပါးပါးရဲ့ အာရုံစိုက်တာကို ခံခဲ့ရတာနဲ့ တူတယ်... သူ့မှာ လျှို့ဝှက်ဂိုဏ်းကနေ မတော်တဆ ထွက်လာတဲ့ မှတ်စုစာအုပ်ကို ရယူနိုင်တဲ့ လမ်းကြောင်းရော အရည်အချင်းရော အခွင့်အရေးရော ရှိတယ်...’
‘ကပ္ပတိန်တို့တွေ ဝဲလ် မှတ်စုစာအုပ်ကို ဘယ်ကနေ ဝယ်ခဲ့လဲဆိုတာ ရှာမရတာ အံ့ဩစရာ မရှိတော့ပါဘူး... သူတို့စုံစမ်းတဲ့ ဦးတည်ချက်က လုံးဝ မှားနေတာကို... ရှေးဟောင်းပစ္စည်း ရောင်းဝယ်တဲ့ဈေးကိုပဲ စုံစမ်းတော့ ဘယ်လိုလုပ် တွေ့မှာလဲ... နောက် မှတ်စုစာအုပ်ရဲ့ တည်နေရာအမှန်လည်း သိရရော သူတို့တွေ အဲဒါကို ထပ်မစုံစမ်းဖြစ်တော့ဘူး...
‘နှမြောဖို့ကောင်းလိုက်တာ... ဟန်းနစ်ဗင်းဆင့်က မကြာသေးခင်ကမှ သေသွားတယ်... မဟုတ်ရင် ငါတို့တွေ မှတ်စုစာအုပ်နဲ့ ပတ်သက်ပြီး သေချာပေါက် တစ်ခုခု ရှာတွေ့မှာ... သူက ဂမ္ဘီရနယ်ပယ်ကို နက်နက်နဲနဲ လေ့လာခဲ့တာဆိုတော့ မှတ်စုစာအုပ်ကိုလည်း သုတေသနလုပ်ခဲ့မှာပဲ... သူ သေဆုံးတာကလည်း တိုက်ဆိုင်လွန်းတယ်’
‘ဒါပေမဲ့ မြင်ကွင်းထဲမှာ အသက် ၅၀ လောက်ရှိတဲ့ လူတစ်ယောက် ရှိသေးတယ်... ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူ နည်းနည်းတော့ သိလောက်တယ်’
ကလိုင်းဟာ စားပွဲစွန်းကို လက်ချောင်းတွေနဲ့ တောက်နေတာရပ်ပြီး သူ့အိပ်မက်ဗေဒင်ထဲက မြင်ကွင်းတိုင်းကို တစ်ခေါက် ထပ်ကြည့်ပါတယ်။
‘ရေးဘီဘာရဲ့အိမ်၊ ရေးဘီဘာပုန်းတဲ့နေရာ၊ ရေးဘီဘာရဲ့ လက်ကျန်အပိုင်းအစတွေ၊ ဝတ်စုံနဲ့လူပြက်ရဲ့ လက်ကောက်ဝတ်ပေါ်က အမှတ်နဲ့ ဝဲလ်ရဲ့အိမ်... ဝဲလ်၊ နာယာနဲ့ အရင်ကလိုင်း... ဝဲလ်၊ ဟန်းနစ်ဗင်းဆင့်နဲ့ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ရဲ့ အုပ်စုလိုက်ဓာတ်ပုံ... ဟီးဟီး... ဝတ်စုံနဲ့လူပြက်ရဲ့ လက်ကောက်ဝတ်ပေါ်မှာရှိတဲ့ အမှတ်ကလွဲရင် ကျန်တာအားလုံးက အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်နဲ့ တိုက်ရိုက် ပတ်သက်ဆက်နွှယ်နေတယ်’
‘ဒါပေမဲ့ ငါ လူရွှင်ဆေးရည်အတွက် သဲလွန်စကို တွက်ချက်တာလေ... ဒါက ကျိုးကြောင်းမကျဘူး... ဂမ္ဘီရအရလည်း အဓိပ္ပာယ် မရှိဘူး...’
အမြင်ဆရာ ဖြစ်လာပြီးနောက် ကလိုင်းဟာ ဝဲလ် အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ဘယ်ကနေ ဝယ်လာခဲ့လဲဆိုတာ တွက်ချက်ဖို့ ကြိုးစားကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူဟာ မီးခိုးရောင်မြူခိုးထက်မှာရှိတဲ့ လောကရဲ့ ထူးခြားမှုကို အသုံးချဖို့ စိတ်ကူးမရခဲ့ပါဘူး။ အဲဒါကြောင့် အဖြေမရခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ တစ်စုံတစ်ခုကို သီးခြားခွဲတွက်ရင်းနဲ့ အမှန်တရားကို သိခဲ့ရပါပြီ။
စက္ကန့်နှစ်ဆယ်လောက် အသက်ရှူလေ့ကျင့်ခန်းလုပ်ကာ စိတ်ငြိမ်အောင် ထိန်းပြီးနောက် ကလိုင်းဟာ ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီမှာပါတဲ့ အချက်အလက်တွေကို အကျဉ်းချုံးကာ သူ့အိပ်မက်ဗေဒင်က ဘာကိုဆိုလိုလဲဆိုတာ အဓိပ္ပာယ်ကောက်ဖို့ ကြိုးစားပါတယ်။
‘ပထမဆုံး ဖြစ်နိုင်ခြေက... ဇာရဒို... လျှို့ဝှက်ဂိုဏ်းပဲ ပြောရမလား... သူတို့က အန်တီဂိုနပ်မိသားစုရဲ့ အမွေအနှစ်တွေကို လိုက်ရှာနေတယ်... အဲဒီတော့ ဒီအိပ်မက်ရဲ့ အဓိပ္ပာယ်က လူရွှင်ဆေးရည် ဖော်မြူလာကိုရဖို့ အန်တီဂိုနပ်မိသားနဲ့ ပတ်သတ်တဲ့ကိစ္စတွေ သုံးပြီး လျှို့ဝှက်ဂိုဏ်းကို မျှားရမယ်လို့ ဆိုလိုတာပဲ...’
‘ဒုတိယ ဖြစ်နိုင်ခြေက... လူရွှင်ဆေးရည် ဖော်မြူလာကို အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ထဲမှာ မှတ်တမ်း တင်ထားတာပဲ... ဇာရဒိုမိသားစုက အန်တီဂိုနပ်မိသားစု အမွေအနှစ်တွေကို လိုက်ရှာနေတယ်ဆိုတော့ သူတို့ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူးလို့ ပြနေတာပဲ... သူတို့တွေက မိတ်ဆွေ မဟုတ်ရင် ရန်သူ ဖြစ်လိမ့်မယ်... အဲဒီလိုဆိုရင် အန်တီဂိုနပ်မိသားစုက သူတို့ရဲ့ ဆုံမှတ် တစ်စိတ်တစ်ပိုင်းကို ပိုင်ထားတာ ကျိုးကြောင်းကျတယ်... မိတ်ဆွေတွေဆိုရင် ဒါက မှားစရာမရှိဘူး... ရန်သူတွေဆိုရင်လည်း တစ်ယောက်အကြောင်းကို တစ်ယောက် မိတ်ဆွေတွေထက် ပိုသိမှာပဲ”
‘ဒါပေမဲ့ ဒုတိယ ဖြစ်နိုင်ခြေက ဝတ်စုံနဲ့လူပြက် လက်ကောက်ဝတ်ပေါ်မှာရှိတဲ့ အမှတ်အသားနဲ့ ဆက်စပ်မှု မရှိဘူး... ဟင်း... ဒုတိယ ဖြစ်နိုင်ခြေက မှန်ပါစေလို့ပဲ ဆုတောင်းပါတယ်... ဒါဆို သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က မှတ်စုစာအုပ်ကို ဘာသာပြန်နိုင်တဲ့လူ ရှာတွေ့တာနဲ့ ငါ လူရွှင်ဆေးရည်ကို ဘာစွန့်စားစရာမှ မလိုဘဲ ရနိုင်တယ်’
‘ကြည့်ရတာ ပထမ ဖြစ်နိုင်ခြေက အဖြစ်နိုင်ဆုံးပဲ... ဒီသင်္ကေတရဲ့ နောက်ကွယ်မှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခုခု ရှိရမယ်လို့ ငါ့ရဲ့ အမြင်ဆရာ ခံစားချက်က ပြောနေတယ်’
ကလိုင်းဟာ နဖူးကို နှိပ်နယ်ပြီး တွေးတောနေရင်းက အမြင်ဆရာ တစ်ယောက်ရဲ့ အကန့်အသတ်တွေကို ရုတ်တရက် သဘောပေါက်သွားပါတယ်။
အရမ်းရိုးရှင်းပြီး တဲ့တိုးနိမိတ် မဟုတ်ရင် အမြင်ဆရာတစ်ယောက်က အဓိပ္ပာယ်ကောက်တဲ့နေရာမှာ တော်တော်လေးကိုမှ ဂရုစိုက်ဖို့ လိုပါတယ်။ ချောက်ကမ်းပါးအစွန်းမှာ လမ်းလျှောက်နေရသလိုမျိုး ရေခဲပြင်ပါးပါးလေးပေါ်မှာ လမ်းလျှောက်နေရသလိုမျိုးပါပဲ။
ဝတ်စုံနဲ့လူပြက်ရဲ့ ရလဒ်က အဓိပ္ပာယ်ကောက်မှားရင် ဒါမှမဟုတ် အဓိကအချက်ကို မဖော်ထုတ်နိုင်ရင် ဘယ်လို ခံရမယ်ဆိုတာ အကောင်းဆုံး သင်ခန်းစာပါ။
အဲဒီတဒင်္ဂမှာပဲ ကလိုင်းဟာ အမြင်ဆရာ တစ်ယောက်ရဲ့ အနှစ်သာရကို သိရှိသွားတယ်လို့ ဝိုးတိုးဝါးတား ခံစားလိုက်ရပါတယ်။ နောက်ထပ် ခြေတစ်လှမ်း လှမ်းရင် အမြင်ဆရာ ဆေးရည်ကို လုံးဝ ချေဖျက်နိုင်မဲ့ပုံပါပဲ။
“အသက်နဲ့ရင်းပြီး ငါ့ကို အသိဉာဏ်ဖွင့်ပေးတဲ့အတွက် ကျေးဇူးပဲ... အရှင်မအား ချီးကျူးကြလော့...” ကလိုင်းဟာ တစ်ကိုယ်တည်း ရေရွတ်ပြီး ရင်ဘက်မှာ ကြက်သွေးရောင်လပုံ ထိလိုက်ပါတယ်။
အဲဒီနောက် သူဟာ အက်ဇစ်ဆီမှာ ရည်ရွယ်ချက်ကောင်း ရှိရဲ့လား ဒါမှမဟုတ် သူက သာလွန်သူလား ဆိုတာကို တွက်ချက်ကြည့်ပါတယ်။ အဖြေကတော့ သူ့ခန်းမှန်းချက် နှစ်ခုစလုံး မှန်ပါတယ်။
ဆက်တိုက် ဗေဒင်တွက်ရတာက ကလိုင်းကို အားတော်တော် ကုန်သွားစေပါတယ်။ အဲဒါကြောင့် သူဟာ ရွေးချယ်စရာမရှိဘဲ လျှောက်တွေးနေတာရပ်ပြီး အရေးကြီးတဲ့ကိစ္စကို အာရုံပြန်စိုက်ပါတယ်။
‘ငါ ဝဲလ်၊ ဟန်းနစ်ဗင်းဆင့်၊ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်တို့နဲ့ တစ်မြင်ကွင်းတည်းမှာ အတူတူပေါ်လာတဲ့ တတိယူလူကို တက်နိုင်သလောက် မြန်မြန် ရှာရမယ်’
‘ငါ ဗေဒင်ကလပ်ကနေ စရှာရမယ်’
‘ငါ မစ္စတာအက်ဇစ်ကို ထိပ်တိုက်တွေ့လို့ မဖြစ်ဘူး... သူက ဘဝအတွေးကျောင်းက အလတ်တန်း သာလွန်သူ ဖြစ်နိုင်တယ်... သတင်းအချက်အလက်က မပြည့်စုံတော့ ငါ အဖြေတိတိကျကျသိအောင် တွက်ချက်လို့ မရဘူး’
“ဟူး...”
ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်ပြီး မျက်ခုံးရှုပ်ရှုပ် အညိုရောင်ဆံပင်ပါးပါပါးနဲ့ မီးခိုးပြာရောင် မျက်လုံးတွေရှိတဲ့ အသက်ငါးဆယ်အရွယ် လူကြီးရဲ့ ပုံတူကို သူ့ရှေ့က သိုးသားရေစမှာ ပေါ်လာအောင် လုပ်လိုက်ပါတယ်။
ဒီလူက အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို အရောင်းအဝယ် လုပ်တဲ့နေရာမှာ ရှိနေခဲ့တဲ့ တတိယမြောက်လူပါ။ ဒီလူရဲ့ပုံတူပန်းချီကို ကြည်ပြီး ကလိုင်းဟာ ရုတ်တရက်ဆိုသလို အကျပ်ရိုက်သွားပါတယ်။
‘ငါ ပုံမဆွဲတက်ဘူး... မူလတန်းကျောင်းမှာတုန်းက ပုံဆွဲတာနဲ့ ပတ်သက်ရင် အပြောခံရဆုံးက ငါပဲ’
‘ငါ လူအိုကြီးနီးလ်လိုမျိုး အစီအရင် သုံးသင့်လား... ဒါပေမဲ့ အဲဒါက နတ်ဘုရားမကို ဆုတောင်းရတာ... ဒီနေရာမှာ ဆုတောင်းရင် သူတို့တွေ ဒီနေရာရဲ့ ထူးခြားမှုကို ရှာတွေ့သွားနိုင်တယ်... အဲဒါဆို ငါ ပြဿနာ အကြီးကြီး တက်လိမ့်မယ်’
‘နေဦး... ငါ့ကိုယ်ငါ ပြန်ပြီးတော့ ဆုတောင်းလို့လည်း ရတာပဲ... ပုံရိပ်တွေပို့တာနဲ့ အသံပို့တာက ဘာကွာလို့လဲ... ငါ မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ်စွမ်းအားကို လောလောဆယ် အပြည့်အဝ မသုံးနိုင်သေးဘူးဆိုပေမဲ့ ဒီလောက်ကတော့ အေးဆေးလုပ်လို့ရတယ်’
ဒါကို တွေးမိလိုက်တဲ့ ကလိုင်းဟာ ချက်ချင်းပဲ သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအားနဲ့ လွှမ်းမိုးပြီး အောက်ပြုတ်ကျသွားသလို ခံစားလိုက်ပါတယ်။
အိပ်ခန်းထဲ ပြန်ရောက်သွားတဲ့အခါ သူဟာ ဓာတ်ငွေ့မီးအိမ်ထွန်းပြီး ဆုတောင်းပါတယ်။
“ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး”
“သင်ဟာ မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူပါ”
“သင်ဟာ ကံကောင်းခြင်းကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်ပါ”
“ကျွန်တော် မြင်တွေ့ခဲ့ရတာကို ချဆွဲနိုင်ရပါစေ”
မန္တန်ကို ရွတ်ဆိုပြီးနောက် ကလိုင်းဟာ ရေမွှေးတွေ မဖြန်းသလို ဘယ်ဆေးပင်ကိုမှလည်း မီးမရှို့ပါဘူး။ သူ့ကိုယ်သူ ပြန်ဆုတောင်းတာဆိုတော့ ဒါတွေ မလိုပါဘူး။
အဲဒီနောက် သူ့နားထဲမှာ ရေရွတ်သံတွေ ရုတ်တရက် ကြားလာရပြီး သူ့လက်ဖဝါးနောက်မှာ စတုရန်းပုံ အနက်ရောင် အစက်လေးစက် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
သူဟာ နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်း လေးလှမ်း လှမ်းပြီး မန္တန်ရွတ်ဆိုကာ မီးခိုးမြူခိုးထက်က လောကဆီ ပြန်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ သူဟာ ဘယ်ကြက်သွေးရောင်ကြယ်မှ ကျုံ့သွားတာ ကျယ်ပြန့်သွားတာကို မမြင်ရပါဘူး။ ဒါပေမဲ့ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးထိုင်ခုံနောက်က ထူးဆန်းတဲ့ သင်္ကေတဟာ နည်းနည်း တောက်ပလာပြီး ဆုတောင်းသံ အရိပ်အယောင်ကို ထုတ်လွှတ်ပါတယ်။
ကလိုင်းဟာ သေချာနားထောင်ပြီး မှန်ပြီဆိုတာ သေချာမှ ခုနကလူရဲ့ပုံတူကို စိတ်ထဲမှာ တွေးပြီး ထူးဆန်းတဲ့သင်္ကေတဆီ ပို့လိုက်ပါတယ်။
အကုန်လုံး လုပ်ပြီးသွားတဲ့အခါ သူဟာ မီးခိုးရောင်မြူခိုးထက်ကနေ ချက်ချင်း ထွက်ခွာပြီး အိပ်ခန်းထဲ ပြန်ပါတယ်။ သူ လက်တွေ့လောကကို ပြန်ရောက်တယ်ဆိုရင်ပဲ သူ့မျက်လုံးရှေ့မှာ ပုံတူပန်းချီတစ်ခု ချက်ချင်း ပေါ်လာပါတယ်။
သူဟာ ဖော့ပင်ကို ကောက်ယူပြီး စာရွက်လွတ်တစ်ရွက်ပေါ်မှာ တတိယလူရဲ့ပုံကို ဆွဲချင်တယ်လို့ စိတ်ကူးလိုက်ပါတယ်။ ချက်ချင်းဆိုသလို သူ့ညာလက်ကို သူ့အလိုလို လှုပ်ရှားပြီး မျဉ်းကြောင်းတွေ စဆွဲပါတယ်။
မကြာခင်မှာပဲ အသက်ဝင်နေတဲ့ တတိယလူရဲ့ပုံ ပေါ်လာပါတယ်။
ဆံပင်အရောင် မျက်လုံးအရောင်နဲ့ တခြားကိုယ်လက္ခဏာ အသွင်အပြင်တွေကို ချရေးပြီးနောက် ကလိုင်းဟာ လက်ကိုက်နေတာကို မမူဘဲ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ သူ့မျက်လုံးရှေ့က ပုံရိပ်ယောင်ဟာလည်း ခပ်မြန်မြန်ပဲ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။