Z Fighter

Z Fighter

Z Fighter

KNUနှင့် စစ်ကောင်စီ ၂၀၂၃အတွင်း တိုက်ပွဲပေါင်း အကြိမ်လေးထောင်ကျော်ဖြစ်ခဲ့ဟု ထုတ်ပြန်


▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်tayဆုံးခဲ့ဟု ဖော်ပြ


🛑Z Fighter January 18🛑


ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် စစ်ကောင်စီတပ်တို့ ယမန်နှစ်က တိုက်ပွဲပေါင်း အကြိမ် ၄,၀၀၀ကျော်ဖြစ်ခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၁၈ရက်တွင် သတင်းထုတ်ပြန်သည်။


KNU ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုကို ဖော်ပြခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ နှင့် စစ် ကောင်စီအကြား တိုက်ပွဲပေါင်း ၄,၆၂၃ ကြိမ်ထက်မနည်းဖြစ်ခဲ့သည်ဟု ဖော်ပြသည်။


စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲနှင့် ဒရုန်းစစ်ဆင်ရေး တိုက်ပွဲကြီးငယ် အကြိမ်အရေအတွက်ကို KNUက စုပေါင်းဖော်ပြခဲ့ခြင်းဖြစ်သည်။


အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရာရှိအရာခံအပါအဝင် တပ်သား စုစုပေါင်း ၅,၀၀၅ ဦးသေဆုံးကာ ၃,၃၄၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်သည်။


KNLAနှင့် KNDO ဦးဆောင်မှုအောက်ရှိတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များဘက်မှ ၁၅၄ဦးကျဆုံးကာ ၅၉၇ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။


တိုက်ပွဲများအတွင်း အဘက်ဘက်မှ ရှုံးနိမ့်လာရသော အာဏာသိမ်းစစ်ကောင်စီတပ်များမှလည်း ပြည်သူလူထုများအား အညှိုးကြီးစွာ ရန်သူသဖွယ် ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမျိုးမျိုးသော အကြမ်းဖက် လုပ်ရပ်များကို တစ်နေ့ တစ်ခြား တိုးမြှင့်လုပ်ဆောင်လာကြောင်း ထုတ်ပြန်သည်။


ထို့ကြောင့် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ မှ ၂၀၂၃အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ခုနစ်သိန်းခွဲကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် စစ်အာဏာရှင်စနစ်ကို လက်ရှိ ခေတ်ကာလ၌ အဆုံးသတ်အောင် မလုပ်နိုင်ပါက ပြည်သူတစ်ရပ်လုံး၏ အနာဂတ် ဘ၀ ရပ်တည်ရေး အာမချက် ရှိနိုင်မည်မဟုတ်၍ စစ်ပွဲများလာခဲ့ပါက တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အနာဂတ် အကျိုးစီးပွားအတွက် ဖြစ်သည်ကို နားလည်ထားရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ၂၀၂၃ ဒီဇင်ဘာလတွင် ပြောကြားထားသည်။


KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း KNU အနေဖြင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင် တိုက်ပွဲဝင်လျက်ရှိရာ အာဏာသိမ်းစမှ ၂၀၂၃ စက်တင်ဘာအထိ တိုက်ပွဲ ၁၁,၆၀၀ကျော် ဖြစ်ခဲ့သည်ဟု ပြောကြားထားသည်။


"ဒီလိုတစ်သောင်းကျော်တဲ့တိုက်ပွဲအကြိမ်ပေါင်းမှာ အကြမ်းဖက်စစ်ကောင်စီဖက်က ကျွန်တော်တို့ သုတ်သင်ပြီးသွားတဲ့ အရေအတွက်က (၁၀၇၄၁) ယောက်ဖြစ်ပါတယ်။ အဲ့ဒါအပြင် ထိခိုက် ဒဏ်ရာရယူပေါင်းက (၇၇၇၉) ယောက်ဖြစ်ပါတယ်။ အဲ့ဒီသေချင် ဒဏ်ရာရသူပေါင်းကို ပြန်ပေါင်း တဲ့အခါမှာ စစ်ကောင်စီဘက်က အရေအတွက်ဘယ်လောက်ထိတိုးသွားလဲဆိုတော့ ၁၈၅၂၀ ဖြစ်ပါတယ်။ ဒီအရေ အတွက်ဟာ စစ်ကောင်စီအတွက် အင်မတန်မှဘဲ သွေးပျက်စရာကောင်းလှပါတယ်”ဟု ပဒိုစောတောနီးက ၂၀၂၃ နိုဝင်ဘာလလယ် ပြည်သူသို့ သတင်းစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။


လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံရေး၊ စစ်ရေးအရ ဆောက်တည်ရာမရသည့် အနေအထားမျိုး ကြုံနေရသကဲ့သို့ KNU အပါအဝင် တော်လှန်ရေးတပ်များအနေဖြင့်လည်း စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပဒိုစောတောနီးက ပြောသည်။


"စစ်ကောင်စီခေါင်းဆောင်ရဲ့ လက်အောက်မှာ အမှုထမ်းနေတဲ့ စစ်သည်တော်အပေါင်းကို ကျွန်တော်ပန်ကြားလိုတာကတော့ ဒီနေ့တိုက်ပွဲဟာ အဖြူ၊ အမဲ သဲသဲကွဲကွဲ ဖြစ်ပေါ်လာနေပါပြီး။ ဒီ စစ်အုပ်စုရဲ့ လက်အောက်မှာတာဝန်ထမ်း ဆောင်နေတဲ့လူတွေဟာ မနှေးနဲ့အမြန် ကျွန်တော်တို့ရဲ့ လက်ချက် နဲ့ဘဲ ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အဲ့ဒါ ကြောင့်မို့ ကျွန်တော်တို့ဟာ ဒီလိုမျိုး ကျွန်တော်တို့ တိုင်းပြည်မှာရှိနေတဲ့ လူသားအချင်းချင်း ကျွန်တော်တို့ညီကိုအချင်းချင်းတွေ ဒီလိုဖြစ်တယ် ဆိုတာ ကျွန်တော်တို့မမြင်ချင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ အချိန်မနှောင်းခင်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် ကျွန်တော်တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး ဘက်ပြောင်းလာပါလို့ ကျွန်တော်တို့တောင်းဆို ချင်ပါတယ်”ဟု ပဒိုစောတောနီးက ပြောကြားထားသည်။[People's Spring][Z_F]


(၂၀၂၃အတွင်း ကရင်ပြည်နယ်၌ ဖြစ်ပွားခံ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU)


#Adm_1

#PS

#z_fighter

Report Page