Z-F 048 [PL]
မိုင်းလိုက်ဖော်တဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး
📍 Z Fighter January 13 📍
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာက ပျူစောထီးတွေနဲ့ ကပစ ၂၄ က စစ်သားတွေဟာ ကင်းပတ်ရင်း မိုင်းတွေလိုက်ဖော်နေချိန် ဇန်နဝါရီလ ၁၂ ရက်မနေ့ကနေလယ်ပိုင်းက တိုက်မိုင်းမိတဲ့အပြင် မိုင်းခွဲတိုက်ခိုက်တာကိုပါ ခဲ့ရတယ်လို့ သိရပါတယ်။
ကုက္ကိုစုရွာအနီးက ချောင်းရဲ့အနောက်ဘက်ကမ်းမှာ မိုင်းဖော်နေတဲ့ အင်အား ၃၀ ပါအဆိုပါ စစ်အုပ်စုကို နေ့လည် ၁၂ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦးသေဆုံးခဲ့တယ်လို့ Anonymous Special Task Force -Pauk မှ ရဲဘော်စင်္ကြာက ပြောပါတယ်။
“ချောင်းက စတက်လာချင်း ကျနော်တို့ထောင်ထားတဲ့ တိုက်မိုင်းမိတယ်၊ တိုက်မိုင်းမိပြီး သေနက်တွေနဲ့ အချက် ၂၀၀ လောက်ပစ်ဖောက်တယ်။ ပစ်ဖောက်ပြီးရှေ့ဆက်တိုးလာတာမှာ ကျနော်တို့ရဲဘော်တွေက remove ဆားကစ်နဲ့တွဲထားတဲ့ ပေပါမိုင်းတခု ခွဲလိုက်တယ်၊ သူတို့ထပ်ထိကြတယ်” လို့ ပြောပါတယ်။
သေဆုံးမှုကို ချက်ချင်းမသိရှိခဲ့ရပဲ ဒီမနက်ပိုင်းမှာမှ ၂ ဦးသေဆုံးတယ်ဆိုတာနဲ့ ၂ ဦးက ဆေးကုသနေရတယ်ဆိုတာကို မြေပြင်ကင်းထောက်တွေရဲ့ပြောပြချက်အရ သိရတယ်လို့လည်း ဆိုပါတယ်။
“ပစ်ဖောက်ရင်း သူတို့ပြန်ဆုတ်သွားတယ်။ မနေ့ညက သတင်းထောက်ကြည့်တာမှာ ၄ ယောက်ထိတယ်။ မနေ့ညက အသေဆုံးမရှိသေးဘူး။ ဒီနေ့ ထပ်သတင်းထောက်လိုက်တော့ ၄ ယောက်ထဲက ၂ ယောက်ကတော့ သေသွားပြီး ၂ ယောက်ကတော့ ဆေးကုသခံနေဆဲလို့သိရတယ်” လို့ ရဲဘော်စင်္ကြာကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Anonymous Special Task Force -Pauk နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် တပ်ရင်း ၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်ကလည်း ပေါက်မြို့နယ်၊ ကုက္ကိုစုရွာရှိ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပျူစောထီးတွေ ရွာအပြင်ကင်းပတ်နေချိန်မှာ ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ပါသေးတယ်။
[ MyayLatt Athan ][ Z-F ]
#Adm_9
#z_fighter