Why Facebook is down?
နွေဦးလုံခြုံရေး
Instant View ကို နှိပ်၍ သတင်းများကို ဖတ်ပါ။
မကြာသေးခင်ကပဲ Facebook ကုမ္ပဏီပိုင် Whatsapp, Instagram အစရှိတဲ့ ဆိုရှယ်မီဒီယာ တွေအကုန်လုံး အလုပ်မလုပ်တော့တာကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နာရီအနည်းငယ်ကမှ CBS News ရဲ့ 60 minutes အစီအစဥ်မှာ Facebook မှာ အရင်ကအလုပ်လုပ်ခဲ့တဲ့ Frances Haugen ဆိုတဲ့ အမျိုးသမီးဟာ အမြတ်ကလွဲလို့ ဘယ်အရာကိုမှ အခရာမထားတဲ့Facebook ရဲ့ သဘောထားကို ကုမ္ပဏီရဲ့ ဌာနတွင်း သုတေသနအချက်အလက်တွေကို ဖောက်ချ ပြောဆိုလိုက်တာဖြစ်ပါတယ်။

Frances ဟာ Facebook ရဲ့ Civic Integrity Team မှာ အလုပ်လုပ်ခဲ့တာပါ။ ဒေတာပညာရှင်တစ်ဦး ဖြစ်သလို Harvard စီးပွားရေး တက္ကသိုလ် ဆင်း တစ်ဦးလည်းဖြစ်ပြီး Facebook မတိုင်ခင် Google၊ Pinterest အစရှိတဲ့ နည်းပညာကုမ္ပဏီကြီးတွေမှာလည်း လုပ်ခဲ့ပါသေးတယ်။ သူမဟာ Facebook ကို သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး ကို အားစိုက်လုပ်ချင်လို့ ဝင်ခဲ့တာဖြစ်ပေမယ့် ကုမ္ပဏီက ဘယ်သူသေသေငတေမာရင်ပြီးရော စိတ်ဓါတ်နဲ့ သုံးစွဲသူလူထုအပေါ်၊ ဒီမိုကရေစီအပေါ် ဥ ပေက္ခာ ပြုပြီး အသပြာနောက် ကောက်ကောက်ပါအောင်လိုက်သွားခြင်းကို မကျေနပ်တာကြောင့် အခုလို အရဲစွန့်ဖော်ကောင် လုပ်ရတာလို့သိရပါတယ်။
ပြီးခဲ့တဲ့ လကတည်းက Facebook ကို ဝန်ထမ်းဟောင်းတစ်ဦးက ဖက်ဒရယ်တရားရုံးမှာ အမှုဖွင့်ထားတယ်လို့ ကြားရကတည်းက Facebook ဟာ ဂနာမငြိမ်ဖြစ်နေခဲ့တာပါ။ ဒီနေ့ကတော့ Frances ဟာ သူမရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ပထမဆုံး ထုတ်ပြခြင်းဖြစ်ပါတယ်။ ဒါကို 60 Minutes အစီအစဥ်မှာ လွှင့်လိုက်ပြီး သိပ်မကြာခင်မှာပဲ Facebook ရဲ့ ဝန်ဆောင်မှုတွေ ဒေါင်းသွားတာဖြစ်ပါတယ်။ မည်သို့မည်ပုံ ဒေါင်းသွားကြောင်းအသေးစိတ်ကို တော့ ဆက်လက် စောင့်ကြည့် လေ့လာကြည့်ရဦးမှာဖြစ်ပါတယ်။

Frances ရဲ့ စွပ်စွဲချက်တွေထဲက စိတ်ဝင်စားစရာ အချက်တချို့ကတော့....
- US Election မတိုင်ခင် Civic Integrity အဖွဲ့ကို ဖွဲခဲ့ပြီးတော့ Hateful content တွေကို သေချာစောင့်ကြည့်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးချိန်ရောက်တော့ Civic Integrity ကို ဖျက်သိမ်းခဲ့တယ်။ Content တွေကို ကန့်သတ်ရင် Platform ကို လူသုံးချိန် လျော့သွားမယ်။ ကြော်ငြာကြည့်အားကျမယ်။ ကုမ္ပဏီ အကျိုးအမြတ်ကြီးထွားမှုမှာ အဟန့်အတားဖြစ်စေတယ် ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဖျက်သိမ်းခဲ့တယ်။
- Facebook ရဲ့ Algorithm က အသုံးပြုသူတွေကို သူတို့ အရင် ဘာကို အကြိမ်အများဆုံးကြည့်ခဲ့လဲဆိုတာနဲ့တိုင်းပြီး အများဆုံးကြည့်ခဲ့တာကို ပြန်ပြန်ပြတာဖြစ်တယ်။
Engagement များများရဖို့က အဓိကပဲ။ ဒါပေမယ့်ဒီလိုလုပ်တာဟာ လူတွေကို ပိုပြီး အမုန်းတရားပွားများစေတယ်၊ အမြင်တစ်ခုတည်းကို ဇွတ်ယုံစေတယ်၊ တစ်ယောက်နဲ့တစ်ယောက် အစေးမကပ်မှုတွေပိုများလာစေတယ်၊ ဒေါသကိုပဲ ပွားစေတယ် ဆိုတာကို သူတို့ကိုယ်တိုင်လုပ်တဲ့ သုတေသနတွေက ရှင်းရှင်းလင်းလင်းပြနေလျက်သားနဲ့ Algorithm ကို ပြောင်းလိုက်ရင် လူသုံးနည်းမယ်၊ ဝင်ငွေထိခိုက်မယ် ဆိုပြီး မပြောင်းပဲ ထားထားတာ ဖြစ်ပါတယ်။
- Instagram ဟာ ဆယ်ကျော်သက်အမျိုးသမီးလေးတွေကို စိတ်ကျရောဂါစွဲကပ်စေတယ်။ Instagram ရဲ့ Content တွေကို စားသုံးလေလေ ပိုပိုပြီး စိတ်ဓါတ်ကျလေဖြစ်ပြီး Instagram သုံးရတာကိုပဲ ပိုစွဲလန်း လာစေတယ်ဆိုတာကိုလည်း သူတို့ရဲ့ သုတေသနကဖော်ပြထားပြီးဖြစ်တယ်။ Facebook က ကောင်းကောင်းသိတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘူး။

WhistleBlower ရဲ့ ဖော်ထုတ်မှု ပြီးသွားတဲ့ နောက်မှာ ဉရောကက နိုင်ငံရေးသမားတွေဟာ Facebook ကို ထပ်မံ ရုံးတင်စစ်ဆေးဖို့ ပါလီမန်မှာ စာတင်ထားကြပါတယ်။ သတင်းစကားများအရလည်း facebook ဟာ တစ်ပတ်ကြာကြာလောက် သုံးမရဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။
အသေးစိတ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ဆိုင်တဲ့ သတင်းတွေ အမြဲသိရဖို့ နွေဦးလုံခြုံရေး Telegram channel ကို Join ထားပါ။