When Your Phone Was Lost

When Your Phone Was Lost

နွေဦးလုံခြုံရေး

ဒီကာလက လိုင်းကားစီးရတာ ဘယ်လိုမှ မနိပ်ပါဘူးဗျာ၊ အရင်ကမှ အဲကွန်းအေးအေးလေးနဲ့ ဘယ်သွားသွား နှစ်ရာ၊ အရာရာဟာ သက်သောင့်သက်သာဖြစ်လို့ ။  မအလအာဏာသိမ်းပြီး ကတည်းက လိုင်းကားဆိုတာ ဟိုအရင် ဗိုက်ပူကားကြီးတွေစီးရသလို လူကကြပ်၊ ရုပ်ကပျက်နဲ့ ကိုယ့်ချွေးနဲ့ကိုယ်ပြန်ချမ်းနေရတဲ့အကွက်တွေ ပြန်ဖြစ်နေပြီ။ အခုလည်း မြို့ထဲသွားမလို့ ကားပေါ် တက်လာတာ၊ ဖင်နေရာရဖို့ မပြောနဲ့ ၊ ခြေထောက်နေရာရဖို့တောင် သိပ်မသေချာချင်ဘူး။ ဒီကြားထဲ လက်မလွှတ်ရဲဘူး။​ သူတို့စခန်းတွေရှေ့ရောက်ရင် ကားမှာဝေ့ဝိုက်မောင်းရတာ၊​လူတွေဆို ရိုလာကိုစတာကို အလျားလိုက်စီးနေရသလိုပဲ၊ လူတွေက တန်းကြီးတွေကိုင်ပြီး ဘယ်ဘက်ကို ကပ်သွားလိုက်၊​ညာဘက်ကို ကပ်သွားလိုက်နဲ့ ၊ လက်များသာလွတ်သွားလို့ကတော့ မတွေးရဲဘူးဗျို့။


ကျားကုပ်ကျားခဲကားတွယ်စီးရတာလည်း လူတွေသတိလက်လွတ်ပါပဲ။ ငယ်ငယ်က လေယာဉ်ပြန်ပေးဆွဲတဲ့ ကားတွေမှတ်မိသေးတယ်မလား၊ အခုဆို လိုင်းကားတွေပါ ပြန်ပေးဆွဲနေပြီ။ ခါးပိုက်နှိုက်သတင်းတွေကလည်း မြို့တစ်ခွင် နားတောင်မဆန့်တော့ဘူး။ ကားစီးရင် ရင်ဘတ်လေးဖိဖိပြီး စီးရတယ်။ နှလုံးတုန်ရင်တုန်ဖြစ်ရတာတစ်ကြောင်း၊ အိပ်ကပ်ထဲက ဖုန်းလေး၊ ဟင် အိပ်ကပ်ထဲက ဖုန်းလေး ၊ ဟာ မရှိတော့ဘူး။ ဒါပေမယ့် အိမ်သာထဲက ပထမဆုံး အီးလေးတစ်တုံးကတော့ ထွက်သွားခဲ့ပါပြီ။


Digital Mishaps

အဖြစ်ကဒီလို။ လိုင်းကားပေါ်စတက်တော့ လုံးဝနေရာမရ၊ အနောက်တိုးဝင်ရင်း တိုးဝင်ရင်း ဘယ်လိုမှ ဆက်တိုးလို့မရတော့လို့ရပ်လိုက်တဲ့အခါ ကိုယ့်ထက်အရပ်ရှည်ပြီး ရင်ဘတ်မွှေးတွေရှိတဲ့ ဗိုက်ပူပူဘဲကြီးတစ်ပွေနဲ့ မျက်နှာချင်းဆိုင်ပြီးရပ်မိလျက်သားဖြစ်နေတယ်။ ကိုယ်ကလည်း သူနဲ့ အရပ်သိပ်မကွာနေတော့ ဘဲကြီး နဲ့ ကိုယ့်မှာ မျက်နှာချင်းမငြားအောင် သူရောကိုယ်ရော မျက်နှာကို ဟိုဘက်တွေဒီဘက်တွေလွှဲလိုက်နဲ့ နေရထိုင်ရတွေခက်နေကြရော။​မဖြစ်ဘူး ပိုစက်ရှင်ပြောင်းမှ ဖြစ်မယ်ဆိုပြီး လှုပ်ရှားမယ်ကြံတော့ အောင်မလေး ဖြတ်ကျော်ရပြန်ပြီ၊ သူတို့စခန်းက လမ်းတစ်ဖက်ပိတ်သံဆူးဂိတ်တွေ။ လူတွေက ကားပေါ်မှာ ဘယ်ကိုယိမ်း၊ ညာကိုတိမ်းလိုက်နဲ့  အရှ့ကဘဲကြီးနဲ့ဆို ဗိုက်တွေပါ ပွတ်မိနေပြီ။ လမ်းတွေဘာတွေ ကွေ့ပြီဆိုရင် ဖိပါဖိမိတယ်။ ကိုယ်ကလည်း မနက်က မုန့်ဟင်းခါး ငရုတ်သီးနိုင်းချင်းလေးနဲ့ “ ငါတို့က အစားစားရင် စပ်စပ်လေးမှ “ စိတ်ထဲတွေးစားခဲ့တာ၊ နည်းနည်းတော့ စိုးရိမ်သွားသေးတယ်၊ ကံကလည်း သိပ်ကောင်းတယ်လေ၊ ဗိုက်လေးက တစ်ဖြည်းဖြည်းရစ်လာ ဘဝကိုက သိပ်ချစ်စရာလေး။ ကြာတော့ ဇောချွေးလေးတွေပါ ပြန်လာတာ။ လူတွေကလည်း ကြပ်နေတာ့ အပြင်ကိုကြည့်လို့တောင် မမြင်ရ၊​ကိုယ်တိုင်လည်း ဘယ်ရောက်လို့ ရောက်နေမှန်းကို မသိတာ။​ မဖြစ်တော့ဘူး၊ မဖြစ်တော့ဘူး ။ကိုယ့်ကိုကိုယ်အသိဆုံး။ အခုသာ မဆင်းရင်း ကားပေါ်လူတွေရှင်းကုန်တော့မယ်။  


“ ကားဆရာရေ၊ ရှေ့မှတ်တိုင်ဆင်းမယ်ဗျို့ “


အသောတရော ပြေးဆင်း၊ ပတ်ဝန်းကျင်ကို ပြူးပြဲကြည့်၊ အိမ်သာရှာရတယ်။ လူက ရုပ်ပျက်နေပြီ။ ကိုယ့်နဖူးသာ မားစ်ကို သွားချထားရင် ၃ နှစ်အတွင်း သက်ရှိတွေပြန်ဖြစ်ထွန်းလောက်တယ်။ ဝမ်းကပူ၊​စိတ်ကပူနဲ့ ရှာတာ မျက်စိရေ့မှာ ကယ်တင်ရှင် စူပါမားကတ်ကြီး တစ်ခုကို ဂုဏ်ကျက်သရေရှိလှစွာကို တွေ့တော့ လူမှာ သက်ပြင်းရှည်ကြီးကို တစ်ထစ်ချင်း ချလိုက်ရတယ်။


အများကြီးတစ်ပြိုင်တည်းချလိုက်ရင် တစ်ပါတည်း ကိုယ်တွင်းပစ္စည်းတွေပါ ထွက်သွားနိုင်တယ်။ ဒီလိုနဲ့ စူပါမားကတ်ထဲ ဖင်လေးကြုံပြီး ဝင်သွား၊ အိမ်သာလိုက်ရှာပြီး ဘိုထိုင်ပေါ်ထိုင်၊ ပထမဆုံး အီးတုံးရှည်ကို စိတ်ချလက်ချ လွှတ်ချတာ တစ်ဝက်တိတ်အရောက်မှာ အိမ်သာတက်တုန်း ဖုန်းသုံးဖို့ ရင်ဘတ်လေး ဖိကြည့်မိတဲ့အခါမှာတော့ ဘာမှမရှိတော့ပါဘူး။ အိပ်ကပ်ထဲ ငုံ့ကြည့်လိုက်တော့ ရင်ဘတ်မွေးတချို့က ကိုယ့်ကို ခပ်လှောင်လှောင်ပြန်ကြည့်နေပါတော့တယ်။


ဘယ်နေရာမှာ မှားသွားလဲ၊ ပြန်စဉ်းစားကြည့်လိုမရအောင်ကို အိမ်သာတက်ဖို့ ဇောကပ်နေတာနဲ့ ဖုန်းကို ကာကွယ်ဖို့၊ ခါးပိုက်နှိုက်တွေကို မျက်စိလည်ရှာနေဖို့ကို မတတ်နိုင်ခဲ့တာ အခုတော့ ဖုန်းလေးက ပါသွားခဲ့ပါပြီ။ ထပြေးလိုက်ရှာဖို့လည်း ကျန်သေးတဲ့ အီးတုံးရှည်တစ်ဝက်ကို လွှတ်ချထားခဲ့လို့လည်း မဖြစ်တာလေ။ အဲ့ဒီတော့လည်း စိတ်လျှော့လက်လျှော့၊ ဗိုက်လည်း အကြောလျှော့ရင်း ဘယ်လိုလုပ်ရမလဲပဲ တွေးရတော့တာပေါ့..


ဒါပေမယ့် ကိုယ်လည်း ခေသူဘယ်ဟုတ်မလဲ၊ ဖုန်းထဲမှာ Google ရဲ့ Find My Device ကို ကြိုထည့်ထားတယ်လေ။ အိမ်ပြန်ရောက်တော့ သူ့ဖုန်းကို ခေါ်ကြည့်ပါသေးတယ်။ ကဒ်ဖြုတ်လိုက်ပြီပေါ့။ သူ့ Gmail အကောင့်ကို မထွက်လိုက်ဖို့ ဆုတောင်းရင်း လပ်တော့ထဲကို Google အကောင့်ကို ပြန်ဝင်၊​ Find a lost Device ထဲကနေ သူ့ဖုန်းကိုရွေးပြီး တည်နေရာရှာကြည့်တော့ ပေါ်လာတယ်ဗျာ။ အဲ့မှာဆို ဖုန်းကို မက်ဆေ့လှမ်းပို့တာတို့၊ ဖုန်းကို Ringtone မြည်အောင်လုပ်တာတို့လည်း လုပ်လို့ရသေးတယ်။ ဒါပေမယ့် အဲ့တာတွေတွေ့သွားရင် အကောင့်ကို ထွက်လိုက်တာမျိုး လုပ်မှာစိုးလို့ မလုပ်သေးဘဲ အသာထားလိုက်တယ်။ အဲ့နေရာကို သွားရှာမယ်။ သူငယ်ချင်းတွေလည်း ခေါ်သွားပြီး ဖုန်းကို ခေါ်၊ ခါးပိုက်နှိုက်ကို ဖမ်းပြီး ဖုန်းပြန်တောင်းမယ်ပေါ့။ ညကျထပ်ပြီး တည်နရာပြန်ကြည့်တော့ မပေါ်တော့ဘူး။ အင်တာနက်ကို ပိတ်လိုက်တာ၊ ဖုန်းကို စက်ပိတ်လိုက်တာ ၊ နှစ်ခုတည်းက တစ်ခုခုတော့ လုပ်လိုက်ပြီဆိုတာ သေချာသွားပြီဆိုတော့ ပြန်ပဲ ဆက်ရှာရမလား။ ဖုန်းကိုပဲ Erase Device လုပ်ပြီး အထဲက ကိုယ့်ပုံတွေ၊ ဖိုင်တွေကို လှမ်းဖျက်လိုက်ရမလား။ အရမ်းတွေဗျာများ၊ တစ်ညလုံး နှဖူးပေါ်လက်တင်စဉ်းစားပြီး မနက်ကျတော့ ဖုန်းလေးကို အမျှဝေပြီး Wipe Out လုပ်လိုက်ရပါတော့တယ်။ ကိုယ့်ပုံတွေ သူများ မရသွားတာကပဲ တော်ပါသေးတယ်တွေးပြီး ကံဆိုးလွန်းတဲ့ ကိုယ့်ဘဝကြီးအကြောင်း ကောင်းကင်ကြီး မော့ကြည့်ပြီးသာ တွေးတောနေမိပါတော့တယ်။ ဒါလည်း ငှက်တစ်ကောင်က မဖြစ်ဖြစ်အောင် ချီးပါချသွားသေးတာပါပဲ။ ဘဝများကတော့ သိပ်ကိုစိတ်ချမ်းသာစရာ ကောင်းနေတာပဲဗျို့............








Report Page