WINTER ON FIRE- Movie Recommendation

📽နွေဦးလုံခြုံရေးက ရောင်းရင်းတို့ရေ🎞
ဒီအပတ်မှာတော့ အားလုံးနှလုံးသားနဲ့ရင်းပြီး ထပ်တူခံစားနိုင်မယ့် Documentary တစ်ခုနဲ့အားလုံးကို ညွှန်းပေးပါရစေ။
ဒီနေ့ Recommend လုပ်ပေးမယ့် Documentary လေးကတော့ “Winter On Fire” ပါ။ ဇာတ်ကားရဲ့ နာမည်လေးအတိုင်း မီးလျှံကြားက ဆောင်းရာသီဆိုတဲ့အတိုင်း ဖြူလွလွနှင်းမြူတွေကြားထဲမှာ နိုင်ငံရဲ့ မနက်ဖြန်တွေကို ကောင်းစားစေချင်တဲ့ လူထုရဲ့ သွေးစက်တွေနဲ့ ရက်စက်သူတို့ကြောင့် တောက်လောက်နေတဲ့ မီးလျှံတွေကို ဒီ Documentary ထဲမှာ တွေ့မြင်ရမှာပါ။
◆ ၁၉၉၁ ခုနှစ် ဆိုဗီယက်ကနေခွဲထွက်ပြီး လွတ်လပ်သောနိုင်ငံအဖြစ်ကြေငြာနိုင်ငံခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ အာဏာရှင်တစ်ပိုင်း သမ္မတဖြစ်ချင်တဲ့ ယာနူကိုဗစ်ချ်လက်ကနေ ဘယ်လိုက်ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရာလေးကို အခြေခံထားတာပါ။
ရုရှားလို အာဏာရှင်ဆန်တဲ့ နိုင်ငံနဲ့ အလွမ်းသင့်တဲ့ ယာနူကိုဗစ်ချ် ဟာ ၂၀၁၀ မှာ ယူကရိန်းသမ္မအဖြစ် အနိုင်ရခဲ့ပါတယ်။ ၂၀၀၄ မှာ သူဟာ မဲမသမာမှုပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူပါ။ EU နဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုမယ်ဆိုပြီး လူထုကို မဲဆွယ်ခဲ့တဲ့ ယာနူကိုဗစ်ချ် အစိုးရရဲ့ ဝန်ကြီးချုပ် အာဇာရော့ဗ်ဟာ EU နဲ့ ကုန်သွယ်ရေးစာချုပ်ကို လက်မှတ်မထိုးတော့ပါဘူးလို့ ကြေငြာလိုက်ချိန်မှာတော့
◆ လူထုဟာ ဆိုဗီယက်ခေတ်အထိ နောက်ပြန်ဆွဲသွားတယ်ဆိုတဲ့ ခံစားချက်၊
◆ မျိုးဆက်သစ်တွေရဲ့ အနာဂါတ်တွေ ပျောက်ဆုံးပါပြီကွာဆိုတဲ့ရင်နှင့်မှုတွေနဲ့အတူ ၂၀၁၃ နိုဝင်ဘာရဲ့ တစ်ခုသော နေ့ရက်မှာ နိုင်ငံရဲ့ အနာဂါတ်အတွက် မိန်ဒန်ရဲ့ လွတ်လပ်ရေးရင်ပြင်မှာ စတင်စုရုံးခဲ့ကြပါတယ်။ ပါတီအလံကို ကိုင်ပြီးရောက်လာတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ အလံကို ရုတ်သိမ်းခိုင်းခဲ့တဲ့ အခန်းလေးဟာ ဘာကိုဖော်ပြနေသလဲဆိုရင် လူထုဟာ ပါတီစွဲနဲ့ ယူကရိန်းရဲ့ တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲခဲ့တာမဟုတ်ဘူးဆိုတာပါပဲ။
ဒီလူထုရဲ့ တော်လှန်ရေးကို အာဏာရှင်တစ်ပိုင်းဖြစ်ချင်တဲ့ ယာနူကိုဗစ်ချ်က ရက်စက်တဲ့ နည်းမျိုးစုံနဲ့ ဖြိုခွဲပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေတွေထုတ်ပြီးတော့ တင်းကြပ်တာတွေလုပ်ခဲ့ပါတယ်။ ဘယ်လိုဥပဒေတွေတောင်ပါခဲ့တာလဲဆိုရင်
◆ ဆိုင်ကယ်ဦးထုတ်အမာ မဆောင်းရဘူး၊ လူ (၅) ယောက်စုပြီး ကားမစီးရဘူး၊ မင်္ဂလာဆောင်နဲ့ ဈာပနတွေမှာ လူမစုရဘူး စတဲ့ ကြောင်တောင်တောင် ဥပဒေတွေတောင် ထုတ်ပြန်ခဲ့တာပါ။
ဒီလိုဖိနှိပ်မှုတွေကနေ ယူကရိန်းလူထုက ဘယ်လိုတုန့်ပြန်ခဲ့သလဲ၊ လှပတဲ့ ဆောင်းနှင်းတွေကြားက တောက်လောက်ခဲ့ရတဲ့ မီးတောက်နဲ့ သွေးစက်တွေကြားမှာ ဘယ်လိုခွန်အားတွေနဲ့ ဖြတ်သန်းပြီး ယာနူကိုဗစ်ချ် ကိုဖြုတ်ချခဲ့ရ သလဲဆိုတာကို Winter on Fire Documentary လေးကြည့်ရင် ယူကရိန်းလူထုရဲ့ ဒီမိုကရေစီတိုက်ပွဲကြားက အချစ် အကြမ်း အလွမ်း အဆွေးတွေကို သက်ဝင်ကြည့်ပါဦးဗျိို့…
လက်ရှိ ကိုယ့်တိုင်းပြည်အခြေအနေလေးတွေနဲ့လဲတိုက်ဆိုင်တဲ့ ပုံရိပ်တွေကို တွေ့မြင်ရမှာမလို့ မျက်ရည်မခိုင်ရင်တော့ လက်ကိုင်ပဝါးလေးတစ်ထည်လောက်ဆောင်ထားပါလို့ ပြောပါရစေဗျာ…အရေးတော်ပုံ အောင်နိုင်ပါစေကြောင်း တောင်းဆုပြုရင်း.....
Movie Link: https://moviesjoy.to/movie/winter-on-fire-ukraines-fight-for-freedom-5332