The Thing (1982)

The Thing (1982)

By Ariel

IMDb – 8.2/10, Rotten 🍅 - 85%


 IMDb – 8.2/10, Rotten Tomatoes – 85% The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲက တစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖိုတန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါးကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter… သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို သတ်မှတ်ကြတယ်။


 သူ့ကို ခင်ဗျားတိုမသိရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင် ခင်ဗျားတို သူ့ကားတွေနဲ့ ဘယ်လိုမှမကင်းနိုင်ဘူး။ Halloween (1978), The Fog (1980), Escape from New York (1981) နဲ့ Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူကိုယ်တိုင်ရိုက်ခဲ့တာပဲ။ 


သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ဟောလိုးဝင်းနောက်ထွက်ကားတွေမှာ သူဟာ ဂီတနောက်ခံတေးသွားဖန်တီးသူအဖြစ်ရော Executive Producer အဖြစ်ပါ ပြန်ပါဝင်လာခဲ့တယ်။ မနှစ်ကထွက်ခဲ့တဲ့ ဟောလိုးဝင်းကားအထိပေါ့။ကာပန်တာဟာ ဘတ်ဂျက်နည်းနည်းနဲ့ အမြတ်အစွန်းများအောင် လုပ်နိုင်တဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်ပဲ။ သူရွေးထားတဲ့လိုင်းကလည်း ဟော်ရာဖြစ်နေသကိုး။ 


ဒါပေမဲ့ The Thing ကတော့ သူ့အတွက် ပြောင်းပြန်ဖြစ်ခဲ့တယ်။ ရှေ့က သူ့အောင်မြင်မှုတွေအားလုံးကို ရိုက်ချိုးခဲ့တဲ့ကားဖြစ်ခဲ့တယ်။ The Thing အတွက် သူဘတ်ဂျက်တော်တော်သုံးခဲ့ပေမဲ့ စိတ်ညစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကလည်း မကြိုက်ကြသလို သူနောက်ရိုက်ရမယ့်ကားတွေကိုပါ မရိုက်ရတော့တဲ့အထိ သက်ရောက်ခဲ့တယ်။ The Thing ဟာ သူ့ဘဝကို ဖျက်ခဲ့တဲ့ရုပ်ရှင်လို့တောင်ပြောရမယ်။ Worst Musical Score ဆုကိုပါ Razzie Awards မှာရလိုက်သေးတယ်။


 ဒါပေမဲ့လည်း ခေတ်တစ်ခေတ်ကို ကျော်လွန်အပြီးမှာတော့ The Thing ကို ဟော်ရာရုပ်ရှင်တွေရဲ့ မိုင်တိုင်တစ်ခုအဖြစ်သတ်မှတ်လာကြသလို The Thing ဟာ ကလပ်စစ်တန်းဝင် ဟော်ရာကားတစ်ကားဖြစ်လာခဲ့တယ်။ The Thing ဟာ ဂျွန်ကာပန်တာရဲ့ အထင်ကရအဖြစ်ဆုံးကားလည်းဖြစ်လာခဲ့တယ်။


ဇာတ်လမ်းကတော့ အန္တာတိကတိုက်မှာ သုသေသနလုပ်ဖို့ သိပ္ပံပညာရှင်တစ်စု စခန်းချနေကြတာနဲ့ အစပျိုးထားတယ်။ တစ်နေ့မှာတော့ အနီးနားမှာရှိတဲ့ တခြားနိုင်ငံက သုသေသနစခန်းဖက်က ရဟတ်ယာဉ်တစ်စီး စက်သေနတ်ရမ်းရင်း သူတို့နားမှာ ပျက်ကျသွားတယ်။ အကြောင်းအရင်းကို စုံစမ်းဖို့နဲ့ အကူအညီလိုရင် ကူညီပေးဖို့အတွက် သူတို့တွေ အိမ်နီးချင်းစခန်းဆီကိုသွားတဲ့အခါမှာ အသက်ရှင်နေတဲ့ လူတွေကို မတွေ့ရတော့ဘူး။


အဲဒီစခန်းက အလောင်းတစ်လောင်းကို စစ်ဆေးကြည့်ဖို့ သူတို့စခန်းကိုပြန်သယ်လာပြီး စစ်ကြည့်နေတုန်းမှာ ထူးဆန်းတာတွေ တွေ့လာရပြီးတော့ သူတို့ရဲ့ ခွေးလှောင်အိမ်ထဲမှာ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်ရောက်နေတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့…(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)




Report Page