❝နိုင်ငံ့ခေါင်းဆောင်တစ်ယောက် လုပ်ဖို့ဆိုတာ အသက်အရွယ်ပေါ် မူတည်သလား❞
February 13, 2024

ဒီနေ့ခေတ်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံအုပ်ချုပ်တဲ့နေရာမှာ လူငယ်တွေကို ဦးစားပေးသင့်တယ်လို့ ပြောဆိုမှုတွေရှိနေကြသလို၊ အချို့နိုင်ငံတွေမှာ လူငယ်တွေတက်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အုပ်ချုပ်သူ နိုင်ငံ့အကြီး အကဲနေရာတွေမှာ လူငယ်တွေကို အစားထိုးသင့်တယ်ဆိုပြီး အွန်လိုင်းမှာ ပြောဆိုနေ ကြတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးပြောဆိုချင်ပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းဟာ သူ့သမိုင်းကြောင်းနဲ့သူ ဆက်လက်ရပ်တည် ရှင်သန်ခဲ့ ကြတာဖြစ်ပါတယ်။ တချို့နိုင်ငံတွေရဲ့ နိုင်ငံ့သမိုင်းကြောင်းဟာ ရိုးရှင်းတာတွေရှိခဲ့ကြ သလို၊ တချို့နိုင်ငံတွေမှာတော့ သမိုင်းအဆက်ဆက်ရှုပ်ထွေးခဲ့တဲ့ သမိုင်းကြောင်း အစဉ် အလာတွေ ရှိခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းကြောင်းကို လေ့လာကြည့်ရင် သမိုင်းအစဉ်အဆက်ရှုပ်ထွေးခဲ့တဲ့ နိုင်ငံရေးအခြေအနေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
သူ့ကျွန်ဘဝမှာ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ် သမိုင်းတစ်လျှောက် တောင်တန်းနဲ့ပြည်မကို သွေးခွဲအုပ်ချုပ်ခဲ့လို့ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ခဲ့ပြီး လွတ်လပ်ရေးရဖို့ကြိုးပမ်းခဲ့ရတယ်။ လွတ်လပ်ရေးရပြီးနောက် မကြာမီ ကာလမှာပဲ အမျိုးသားညီညွတ်ရေးဟာ ပြိုကွဲစပြုလာပြီး ၁၉၄၈ ခုနှစ်၊ မတ်လမှာ ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့ရဲဘော်ပါတီဝင်အချို့လည်း တောခိုခဲ့ကြသလို KNDO ခေါ် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး သီးခြားကရင်ပြည်နယ် တောင်းဆိုခဲ့ကြ ပြန်တယ်။ ၁၉၄၈-၁၉၄၉ ခုနှစ်များမှာ ရန်ကုန်အစိုးရလို့ နာမည်တွင်ခဲ့ရပြီး တိုင်းပြည် ပြိုကွဲ ပျက်စီးရတော့မယ့်အရေးကို တပ်မတော်က ရှိသမျှအင်အားဖြင့် ပြည်ထောင်စု ကြီးကို ကာကွယ်ခဲ့ရပါတယ်။
၁၉၅၈ ခုနှစ်ကြတော့ ဦးနုခေါင်းဆောင်သောအဖွဲ့နဲ့ ဦးဗဆွေခေါင်းဆောင်သော အဖွဲ့ဟူ၍ နှစ်ခြမ်းကွဲသွားပြန်ပါတယ်။ ဒါ့ကြောင့်ပဲ တိုင်းပြည်အခြေအနေပျက်စီးမည့် အရေးကိုကာကွယ်ဖို့ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလမှာ အိမ်စောင့်အစိုးရအမည်နဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်ပြီး အစိုးရဖွဲ့ကာ နိုင်ငံရဲ့အခြေအနေကို ထိန်းသိမ်း ပေးခဲ့ရပါတယ်။
၁၉၆ဝ ပြည့်နှစ်ရောက်တော့ ဗိုလ်ချုပ်ကြီး နေဝင်းက အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ ဦးနုအဖွဲ့က အစိုးရအဖွဲ့ကို ဖွဲ့စည်း ခဲ့ပါတယ်။ မကြာမီပင် အာဏာရပါတီ မညီမညွတ်ဖြစ်လာတဲ့ အခြေအနေကို အခွင့် ကောင်းယူကာ ဖက်ဒရယ်မူကိုတင်ပြ၍ ပြည်ထောင်စုပြိုကွဲစေရန် သီးခြားပြည်နယ် တောင်းဆိုလာကြတယ်။ တိုင်းပြည်ပြိုကွဲမည့်အရေးကြောင့် တပ်မတော်က ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ မှာ ဒီမိုကရေစီအရေးတောင်းဆိုမှုမှာ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုတွေ၊ ပြည်သူ ပိုင်အဆောက်အဦများ ဖျက်ဆီးတာတွေစတဲ့ နိုင်ငံအတွင်း အဘက်ဘက်မှ ပျက်စီးယိုယွင်း နေတဲ့အခြေအနေကို အချိန်မီထိန်းသိမ်းရန်အတွက် နိုင်ငံတော်တာဝန်ကို တပ်မတော်က ယူခဲ့ရပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံသမိုင်းမှာ အုပ်ချုပ်ခဲ့တဲ့တိုင်းပြည်ရဲ့ အခြေအနေ တွေပဲ ဖြစ်ပါတယ်။ အခြားဘယ်နိုင်ငံနဲ့မှမတူဘဲ ထူးခြားပြီး နိုင်ငံရေးရှုပ်ထွေးမှုတွေ ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ခေတ်စနစ်တိုင်းမှာ အကွဲအပြဲတွေ၊ ရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး သမိုင်းကြောင်းတွေ ရှိခဲ့တာဖြစ်ပါတယ်။
သမိုင်းကြောင်းရှုပ်ထွေးတဲ့မြန်မာနိုင်ငံမှာ တပ်မတော်ခေါင်းဆောင်တွေက အဆင့်ဆင့် လက်ဆင့်ကမ်းပြီးတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အစဉ်အဆက်ထိန်းသိမ်း တာဝန်လွှဲပြောင်းရယူခဲ့ကြတာကို တွေ့ကြရမှာပါ။ ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင် ခဲ့ကြသော တပ်မတော်ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လွှဲပြောင်းပေးအပ်ခဲ့တဲ့ သမိုင်းပေးတာဝန်တွေဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ဦးလည်မသုန် တာဝန်ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ရတာပဲဖြစ်ပါ တယ်။ ဒီလို သမိုင်းပေးတာဝန် ထမ်းဆောင်တဲ့နေရာမှာ အရေးအကြီးဆုံးက နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းသိရှိမှုနဲ့ အတွေ့အကြုံရှိမှုပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာပဲလားဆိုတော့ အခြားနိုင်ငံတွေမှာလည်း သူတို့နိုင်ငံရဲ့အစဉ်အလာ သမိုင်းကြောင်းတွေကို အဆင့်ဆင့်လက်ဆင့်ကမ်း လွှဲပြောင်းတာဝန်ပေးကြတာကို တွေ့မြင် ရမှာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် သက်ဆင်ရှင်နာဝပ်က ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီးနောက် ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်က ဝန်ကြီးချုပ်အဖြစ် ထပ်မံတာဝန်ယူခဲ့သလို၊ သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်သူ Paetongtarn Shinawatra ကလည်း နိုင်ငံရေးလောကထဲ ဝင်ရောက်လာပြီး တစ်ချိန်မှာ ဝန်ကြီးချုပ်နေရာကို လွှဲပြောင်းရယူမယ့်သူအဖြစ် ရေပန်းစားနေသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဆိုရင်လည်း သူ့ရဲ့ပုဂ္ဂိုလ်ရေးသမိုင်းကြောင်းကိုကြည့်ရင် သူ့ရဲ့ဖခင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။ အမေရိကန်မှာ ဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အရွေးချယ်ခံမယ့် ကနေဒီဂျူနီယာဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးသူ ဂျွန်ဖရန့်ကနေဒီရဲ့မြေးဖြစ်သလို ၁၉၆၈ ခုနှစ်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သမ္မတလောင်း ရောဘတ်ဖရန့်ကနေဒီရဲ့ သားဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ရာထူးနေရာကို သူ့ရဲ့ အကြီးဆုံးသား ဟွန်မာနေးကို လွှဲပေးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဖိလစ်ပိုင် သမ္မတ ဟောင်း ဖာဒီနန်မားကို့စ်ရဲ့ သားဖြစ်သူ ဘွန်ဘွန်မားကို့စ်က သမ္မတအဖြစ် ဆက်ခံခဲ့ သလို သမ္မတဟောင်း ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေးကာပီယိုက ဒုတိယ သမ္မတအဖြစ် ဆက်ခံတာဝန်ယူခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေဟာ ပုဂ္ဂိုလ်ရေး သမိုင်းကြောင်းအရ အစဉ်အဆက် လက်ဆင့်ကမ်းလုပ်ဆောင်ရမယ့် ကိစ္စတွေကို သမိုင်းပေးတာဝန်အရ ဆက်လက်လုပ်ဆောင်ရတဲ့သဘောကို တွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းပြည်တစ်ပြည်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေ အများကြီးလိုအပ်တယ်ဆိုတာ အားလုံးအသိပါ။ ပညာအရည်အချင်း၊ စီမံခန့်ခွဲမှုစတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်တတ်မြောက်နေဖို့လိုအပ်သလို အခက်အခဲဆုံးဖြစ်တဲ့ အုပ်ချုပ်မှုပညာရပ်နယ်ပယ်မှာပါ နားလည်တတ်ကျွမ်းနေဖို့ လိုအပ်ပါတယ်။ တော်ရုံ တန်ရုံ အရည်အချင်းလောက်နဲ့ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် တိုးတက်လာတဲ့ ဒီနေ့လိုခေတ်ကြီးမှာ ခေတ်နဲ့အညီ ရင်ပေါင်တန်းနိုင်တဲ့ အရည်အချင်းမရှိရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒီနေရာမှာ စဉ်းစားစရာဖြစ်လာတာက ခေတ်နဲ့အညီ ရင်ပေါင်တန်းနိုင်ဖို့ လူငယ် လူရွယ်တွေသာ နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်သလားဆိုတာပါ။ တိုးတက်နေတဲ့နိုင်ငံ တွေက ခေါင်းဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ သူသမ္မတတာဝန်ထမ်းဆောင်ချိန်မှာ အသက် ၆၀ နှစ် ရှိပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၇၁ နှစ် ရှိနေ ပြီလည်းဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီဆိုရင်လည်း ၂၀၁၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ သူဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီး လက်ရှိအချိန်ထိ တာဝန် ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၇၄ နှစ်ရှိနေပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဆိုရင်လည်း ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ သူဝန်ကြီးချုပ် အဖြစ် ပြန်လည်အရေွးခံရချိန်မှာ အသက် ၆၂ နှစ်ရှိပြီး လက်ရှိအချိန်ထိ တာဝန် ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၇၇ နှစ် ရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဆိုရင်လည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ သူဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ အသက် ၇၅ နှစ် ရှိပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၇၇ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ ဆေထာထဝီဆင်ဆိုရင်လည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ သူဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ချိန်မှာ အသက် ၆၁ နှစ် ရှိနေပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၆၂ နှစ် ရှိနေပြီဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုခီရှီဒဆိုရင်လည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ သူဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၆၇ နှစ် ရှိနေပြီဖြစ်ပါတယ်။ ကိုရီးယား သမ္မတ ယွန်းဆော့ယော ဆိုရင်လည်း ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့ သူသမ္မတ တာဝန်စတင်ထမ်းဆောင်ချိန်မှာ အသက် ၆၂ နှစ်ရှိပြီး လက်ရှိအချိန်ထိ တာဝန် ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၆၄ နှစ် ရှိနေပြီဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင် ဆိုရင်လည်း ၂၀၁၂ ခုနှစ်၊ မေလ ၇ ရက်နေ့ ဒုတိယအကြိမ် သမ္မတတာဝန် ထမ်းဆောင်ချိန်မှာ အသက် ၆၀ နှစ်ရှိပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ် သလို အသက်အားဖြင့် ၇၂ နှစ် ရှိနေပြီဖြစ်ပါတယ်။ ယခင်အမေရိကန်သမ္မတ ထရမ့် ဆိုရင်လည်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ သူသမ္မတတာဝန် ထမ်းဆောင်ချိန် မှာအသက် ၇၁ နှစ်ရှိပြီးအသက် ၇၅ နှစ်မှ အနားယူခဲ့တာဖြစ်ပါတယ်။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ဆိုရင်လည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ သူသမ္မတတာဝန် ထမ်းဆောင်ချိန်မှာ အသက် ၇၉ နှစ် ရှိပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ် သလို အသက်အားဖြင့် ၈၂ နှစ် ရှိနေပြီ ဖြစ်ပါတယ်။
ပြီးတော့ ဖိလစ်ပိုင်သမ္မတ ဘွန်ဘွန်မားကို့စ်ဆိုရင်လည်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ သူသမ္မတတာဝန်ထမ်းဆောင်ချိန်မှာ အသက် ၆၅ နှစ်ရှိပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၆၇ နှစ် ရှိနေပြီဖြစ်ပါတယ်။ ယခင် သမ္မတဖြစ်တဲ့ ဒူတာတေး ဆိုရင်လည်း ၂၀၁၆ ခုနှစ် သူသမ္မတဖြစ်ချိန်မှာ အသက် ၇၁ နှစ် ရှိပြီဖြစ်ပြီး ၇၆ နှစ်ကျော်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဆိုရင်လည်း ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရပြီး တာဝန်ထမ်း ဆောင်ချိန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၇၃ နှစ်ရှိပြီး လက်ရှိ အချိန်ထိ တာဝန်ထမ်းဆောင်ဆဲဖြစ်သလို အသက်အားဖြင့် ၇၅ နှစ် ရှိနေပြီဖြစ်ပါတယ်။ ယခင်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်တဲ့ ဟွန်ဆန်ဆိုရင်လည်း ၁၉၈၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၇၃ နှစ်မှ အနားယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေကို ပြန်ကြည့်မယ် ဆိုရင်လည်း ဦးနေဝင်းဟာ အသက် ၇၈ နှစ်မှာမှ နိုင်ငံ့ခေါင်းဆောင်တာဝန်ကနေ အနား ယူခဲ့ပြီး ဦးသန်းရွှေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ထမ်းဆောင် ချိန်မှာ အသက် ၅၉ နှစ်ရှိပြီး တာဝန်ကနေ အနားယူသွားချိန်မှာ အသက် ၇၈ နှစ် ရှိပြီ ဆိုတာ တွေ့ရမှာပါ။
လက်ရှိမြန်မာနိုင်ငံရဲ့ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ထမ်းဆောင်ချိန်မှာ အသက် ၅၅ နှစ်အရွယ်နဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်မှာ အသက် ၆၅ နှစ်ကျော်နေပြီဆိုပေမယ့် တပ်ထဲမှာ ဖြတ်သန်းလာတဲ့ သူ့အတွေ့အကြုံ၊ တိုင်းပြည်ကာကွယ်ရေး အတွေ့အကြုံ၊ နိုင်ငံတကာအတွေ့အကြုံ စတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေ အများကြီး ရှိပြီး လုပ်နိုင်ကိုင်နိုင်သေးတဲ့ သူ့အသက်အရွယ်အရ နိုင်ငံကို ကောင်းကောင်းစီမံအုပ်ချုပ် နိုင်တဲ့ အရည်အချင်းကောင်းတွေနဲ့ ပြည့်စုံနေသူဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို သမိုင်းကြောင်းရှုပ်ထွေးပြီး လူမျိုးစုတွေများပြား၊ လက်နက်ကိုင်အဖွဲ့တွေများပြားပြီး ပထဝီ တည်နေရာ အနေအထားအရ အင်အားကြီးနိုင်ငံတွေရဲ့ မျက်စိကျနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်လုပ်ဖို့ဆိုရင် ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းတွေကို သိနားလည်ဖို့ လိုအပ်သလို ဖြေရှင်းနိုင်တဲ့ အတွေ့အကြုံတွေလည်း ရှိနေဖို့လိုအပ်ပါတယ်။
လက်ရှိနိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ၁၉၇၂ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာကို တစ်နှစ်ခွဲတက်ရောက်သင်ကြားခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ စစ်တက္ကသိုလ်ဗိုလ်လောင်းဘဝမှစပြီး ဒုဗိုလ်အရာရှိငယ်အဆင့်မှ ဗိုလ်ချုပ်မှူးကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဆင့်ထိ ဖြတ်သန်းခဲ့တဲ့ သမိုင်းအတွေ့အကြုံများစွာ ရှိပါတယ်။ တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာဒေသတွေကိုကြည့်ရင်လည်း အရာရှိငယ် ဘဝမှာ မိခင်တပ်ရင်းအဖြစ် အမှတ်(၁)ရှမ်းသေနတ်ကိုင်တပ်ရင်းမှာ တာဝန်ထမ်းဆောင် ခဲ့သလို၊ ခမရ(၁၁၁)ဝန်းသို၊ ခလရ(၈၆)တနိုင်း နဲ့တပ်ရင်းမှူးဘဝမှာ ခမရ(၃၆၉) ဟုမ္မလင်း တို့မှာလဲ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ရှမ်းပြည်နယ်၊ ကလော မြို့က စစ်ဦးစီးတက္ကသိုလ် သင်တန်းနည်းပြဘဝနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် တပ်မ(၃၃)ဗျူဟာမှူးမှတစ်ဆင့် တပ်မ(၄၄)တပ်မမှူးဘဝမှာ မွန်တိုင်းရင်းသား ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့သလို၊ တိုင်းမှူးဘဝမှာ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကစထမှူး ဘဝ မှာလည်း ရှမ်းပြည်နယ် ဘက်မှာပဲ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် EAOs တွေနဲ့ ဆက်စပ်တဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ထိတွေ့ဆက်ဆံမှု အတွေ့အကြုံရှိသလို၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာနဲ့ သဘောသဘာဝကို ကောင်းကောင်းသိရှိနားလည် ထားသူဖြစ်ပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ၁၉၆ဝ-၁၉၆၂ ခုနှစ်အထိ ပြည်ထောင်စု(ပထစ)အစိုးရလက်ထက်နဲ့ ၁၉၆၂ - ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်မှာ တက္ကသိုလ်ကျောင်းသားဘဝ၊ မဆလ၊ နဝတ၊ နယက အစိုးရ လက်ထက်တွေမှာ တပ်မတော်အရာရှိဘဝနဲ့ ဒီမိုကရေစီအစိုးရ လက်ထက်တွေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်တွေ ထမ်းဆောင်လာခဲ့ရတဲ့ အတွေ့အကြုံတွေဟာ များပြားလှပါတယ်။ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေနဲ့ အရည်အချင်းတွေဟာ နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ကောင်းကောင်းအုပ်ချုပ်ဖို့ လုံလောက်ပါတယ်။
ပြောရမယ်ဆိုရင် တခြားကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ယှဉ်ရင် သူ့ရဲ့ အသက်အရွယ်ဟာ နိုင်ငံကောင်းရာကောင်းကျိုးအတွက် အများကြီးလုပ်နိုင်ကိုင်နိုင်စွမ်း ရှိသေးတဲ့ အရွယ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာတောင် အသက် ၇၀ ကျော်တွေက တိုင်းပြည် ရဲ့ခေါင်းဆောင်လုပ်နေကြတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အသက်အရွယ်ဟာ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး၊ ပြည်သူအတွက် ကောင်းရာကောင်းကျိုး အများကြီးလုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ အရွယ်ဖြစ်ပါ တယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်းအတွက် တခြားနိုင်ငံတွေလို အသက်အရွယ်ကို ကြည့်နေလို့မရပါဘူး။
ပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ သာမန်အခြေအနေမဟုတ်တဲ့ အရေးပေါ်ကာလ အခြေအနေဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးရဲ့ သဘောတူညီဆုံးဖြတ်ချက်များအရ လည်းကောင်း၊ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ အရေးပေါ်ကာလကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို တပ်မတော်က ဆက်လက်တာဝန် ထမ်းဆောင်နေရတာဖြစ်ပါတယ်။ ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်အပ် တာဝန်ပေးတာကလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၂ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ရတာဖြစ်ပါတယ်။ အခုအချိန်နိုင်ငံတော်ရဲ့ အခြေအနေဟာလည်း သာမန် မဟုတ်တဲ့ အရေးပေါ်ကာလ ကြေညာထားရတဲ့ အခြေအနေဖြစ်တဲ့အတွက် ယာယီ သမ္မတ ဦးမြင့်ဆွေကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ တာဝန် အရပ်ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ အပ်နှံထားရတဲ့ အခြေအနေဖြစ် ပါတယ်။ ဒါ့ကြောင့် ဒီလိုသာမန်မဟုတ်တဲ့ လက်ရှိအခြေအနေမျိုးမှာ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ကို တခြားသူတစ်ယောက်ကို ပြောင်းလဲခန့်အပ် တာဝန်ပေးဖို့ဆိုတာကလည်း လုံးဝမဖြစ် နိုင်ပါဘူး။ အပြောအရသာ လွယ်ကူပေမယ့် တကယ်တမ်း လုပ်ကိုင်တဲ့အခါမှာ အခက်အခဲပေါင်းများစွာကို ကြုံတွေ့ရမှာပါပဲ။ လက်ရှိ နိုင်ငံ့ခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ အသက်အရွယ်အရလည်း အရွယ်ကောင်းဖြစ်သလို ကျန်းကျန်း မာမာရှိနေပြီး သူတာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်ပယ်၊ သူဖြတ်သန်းလာခဲ့တဲ့ ဘဝအတွေ့ အကြုံတွေအရ အတွေ့အကြုံကောင်းတွေ အများကြီးရှိပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ အချိန်ပါ။ တပ်မတော်ထဲက တခြားမျိုးဆက်သစ်တွေကို ကြည့်မယ်ဆိုရင်လည်း သူ့လောက် အတွေ့အကြုံများတဲ့သူ၊ သူ့လောက်လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့သူ၊ သူ့လောက် အရည်အချင်းသင့်တော်တဲ့သူ မတွေ့ရသေးပါဘူး။ ဒါ့ကြောင့် သမိုင်းအစဉ်အလာအရ အတွေ့အကြုံကောင်းတွေ၊ အရည်အချင်းကောင်းတွေရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ဆက်လက် တာဝန်ထမ်းဆောင်သင့်တယ်လို့ မြင်ပါတယ်။