Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.8
''သားနဲ့သမီးတို့ မင်္ဂလာကိစ္စကိုဘယ်လိုစီစဥ်မယ်လို့စဥ်းစားထားလဲ''
ဘုန်းမြတ်ကခရီးသွားအေဂျင်စီကCEOဖြစ်ပြီး မနက်မိုးလင်းတာနဲ့အမြီးပါမမြင်ရတော့ပေ။
ဦးတေဇာကျော်နဲ့ဒေါ်ဒေဝီက သူတို့မိသားစုပိုင်ရတနာဆိုင်မှာပဲအချိန်ကုန်တာများသည်မို့ မနက်စာစားပြီးသည်နှင့် သူတို့လည်းဘုန်းမြတ်နဲ့ဘာမှမခြား။
ဘုန်းခန့်ကတော့သူ့သူငယ်ချင်းတွေနဲ့အတူ ကိုရီးယားစားသောက်ဆိုင်ကိုစပ်တူဖွင့်ထားသည်တဲ့။
သူကလည်းမနက်ဆိုအရိပ်ပါမမြင်ရ။
မိသားစုဝင်တိုင်းကကိုယ့်အလုပ်နဲ့ကိုယ်မို့ ညဘက်ရောက်မှပဲမိသားစုတွေကစကားလက်ဆုံပြောရသည်ထင်ပါရဲ့။
''ကျွန်တော်ကတော့အရမ်းပုံကြီးမချဲ့ချင်ဘူး...ဟိုတယ်တစ်ခုမှာပဲအရှေ့တိုင်းပုံစံနဲ့ဆောင်လိုက်ချင်တယ်''
''သမီးကရော''
''ကျုပ်ကမင်္ဂလာကိုမဆောင်ချင်တာ ကျုပ်နဲ့မသိတဲ့သူလည်းတစ်ယောက်မှမရှိတာကို''
''ဒါပေမယ့်ငါနဲ့သိတယ်လေ...ငါ့အသိုင်းအဝိုင်းမှာငါ့မိတ်ဆွေတွေကမင်းတို့ရွာတစ်ရွာစာလောက်ရှိတယ်''
''အော် ဟုတ်လား မိုက်တာပေါ့ အများကြီးပဲနော်...အံ့သြလွန်းလို့ကျုပ်မေးစေ့တောင်မှမြေကြီးကိုသွားရိုက်တော့မယ်...ပါးစပ်အဟောင်းသားဖြစ်သွားလို့လေ''
''မင်း...''
သူပြောမယ်လုပ်တော့သူအမေက...
''ကဲကဲ...ဘာမှမဟုတ်တာနဲ့ကိုကွယ် သားကလည်းကလေးနဲ့တုပြီးမဖြစ်ပါနဲ့...သမီးကသားထက်အများကြီးငယ်တယ်နော် အလျှော့ပေးပါကွယ်...သူ့ခမျာရပ်ရွာနဲ့ဝေးပြီးလာရတာ''
ဟူ၍ဝင်ပြောလာတာကြောင့် သူပါးစပ်ကိုပိတ်လိုက်ရသည်။
ကလေး,ကလေးနဲ့ဘာကလေးလဲ။
''ကဲ...ခုနကကိစ္စကိုဆက်ရအောင်...သားကဘယ်ဟိုတယ်မှာဆောင်မှာလဲ''
''အဲဒါကတော့အဆင်ပြေတဲ့ဆီပေါ့ ရတဲ့နေရာကိုပဲငှားလိုက်မယ်ဖေဖေ လောလောဆယ်ဝတ်စုံအရင်စီစဥ်ရမှာ ပြီးရင်ဟိုတယ်ငှားပြီးဖိတ်စာရိုက်ရမယ်''
''အင်း...သားဘာသာစီစဥ်မှာလား ဒါမှမဟုတ်သားမအားရင်လည်းဖေဖေတို့စီစဥ်ပေးရမလား''
''ကျွန်တော့်ဘာသာပဲစီစဥ်လိုက်ပါမယ်''
''ဟုတ်ပါပြီ...ဖေဖေတို့လည်းကူပေးမယ်''
''ဟုတ်ကဲ့''
ဒေါ်ဒေဝီက...
''သားငယ်နဲ့သမီးသွန်းကသတို့သား သတို့သမီးအရံလုပ်လိုက်ကြ''
ဟုပြောလိုက်တော့ ဘုန်းခန့်ကအလန့်တကြားဖြစ်သွားလေ၏။
''ဗျာ!''
''ဘာဖြစ်တာလဲသားရဲ့''
''ဘာမှမဖြစ်ပါဘူးမေမေ''
သူကစိတ်ညစ်သွားသလောက် သွန်းကတော့မျက်နှာမှာအပြုံးမစဲနိုင်အောင်ဖြစ်သွားရသည်။
ဒါကနမိတ်ပဲထင်တယ်။
မကြာခင်မှာသူနဲ့သွန်းကသတို့သားနဲ့သတို့သမီးဖြစ်လာမယ့်နမိတ်လေ။
***
''ဟင့်...အင့်''
ညသန်းခေါင်ကြီး ပတ်ဝန်းကျင်ကတိတ်ဆိတ်ငြိမ်သက်နေချိန်မှာ ငိုသံသဲ့သဲ့ကြားလိုက်ရ၍ ဘုန်းမြတ်အိပ်ရာကနေနိုးလာရလေ၏။
သူဘေးဘီကိုကြည့်လိုက်တော့ခင်ချူးကကုတင်အောက်မှာထိုင်ပြီးတရှုံ့ရှုံ့ငိုနေတာပင်။
သူလည်းကုတင်ပေါ်ကနေဆင်းပြီးသူမဘေးမှာသွားထိုင်လိုက်လေ၏။
''ခင်ချူး...ဘာဖြစ်လို့ငိုနေတာလဲ''
''ကျုပ်...ကျုပ်အဘကိုလွမ်းလို့...အီးးးး...ကျုပ်အဘကိုအရမ်းသတိရတာပဲ တစ်ခါမှအခုလိုမခွဲဖူးဘူး...အီးဟီး...အဲဒါခင်ဗျားကြောင့်...ခင်ဗျားဘာလို့ကျုပ်အခန်းထဲဝင်လာတာလဲ အဲဒါခင်ဗျားကြောင့်ဖြစ်တာ...ခင်ဗျားကိုအရမ်းမုန်းတာပဲ''
သူမကသူ့ကိုထုရိုက်ရင်း ပြောပြောပြီးငို၏။
''ဟုတ်ပါတယ် ငါ့အမှားပါ ငါတောင်းပန်တယ်...မငိုနဲ့တော့''
ဘုန်းမြတ် သူမနောက်စေ့လေးကိုကိုင်ပြီး သူ့မအားသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
''တိတ်တော့...ငါနဲ့လက်ထပ်လိုက်ရလို့မင်းအတွက်မနစ်နာစေရဘူး...စိတ်လည်းမညစ်စေရဘူး မင်းအဖေဆီကိုလည်းငါအမြဲလိုက်ပို့မယ်...ဒါငါတို့ဖူးစာကံကြမ္မာပဲ အဲဒါကိုမင်းဘက်ကလက်ခံနိုင်ရမယ်ခင်ချူး''
''လက်မခံဘူး...ကျုပ်ကခင်ဗျားနဲ့ကွာရှင်းမှာ ပြီးရင်ရွာပြန်မှာ ဒီကိုလည်းပြန်မလာဘူး...ခင်ဗျားကိုလည်းမုန်းတယ်...ဟင့်''
ဘုန်းမြတ်ကသူမခေါင်းလေးကိုခပ်ဖွဖွပွတ်ပြီးကျောလေးကိုပါပုတ်နေတာမို့ ခင်ချူးလည်းအငိုတိတ်သွားပြီး တဖြည်းဖြည်းနဲ့အိပ်ငိုက်လာပါတော့သည်။
ခင်ချူးကသူ့ရင်ခွင်ထဲမှာငြိမ်သက်သွား၍သူငုံ့ကြည့်လိုက်တော့ သူမကအိပ်ပျော်နေပါပြီ။
ပြတင်းပေါက်ကနေဖြာကျနေတဲ့လရောင်ကြောင့် သူမမျက်နှာကိုသူသေချာမြင်နေရသည်။
မျက်လုံးတွေကမို့အစ်နေပြီး မျက်နှာလေးကအမ်းနေသည်မို့ ဘယ်အချိန်ကတည်းကငိုနေလဲမသိ။
သူမကတစ်ချိန်လုံးအဖေဖြစ်သူအပေါ်မှာကလေးလိုဆိုးခဲ့တာမို့ အခုလိုရုတ်တရက်ကြီးခွဲခွာလိုက်ရချိန်မှာ သူမနှလုံးသားကခံနိုင်ရည်မရှိရှာဘူးထင်ပါရဲ့။
သူတို့ရွာမပြန်ခင်ညက ဦးတက်လူပြောလိုက်တဲ့စကားတွေကိုသူပြန်ပြီးကြားယောင်လာရလေ၏။
''မောင်ဘုန်းမြတ်...မင်းကိုဦးလေးမှာလိုက်ချင်တာလေးတွေရှိလို့ပါ''
''ဟုတ်ကဲ့ ပြောပါဦးလေး''
''တစ်ခြားတော့မဟုတ်ပါဘူး...ဦးလေးရဲ့သမီးလေးကိုမင်းအနွံတာခံပေးပြီးသည်းခံပေးဖို့ပါကွယ်...သမီးကအရမ်းဆိုးတယ်ဆိုပေမယ့် တစ်ကယ်ကစိတ်ခံစားလွယ်တဲ့ကလေးပါ...ဦးလေးကသူ့အမေနဲ့မေတ္တာသက်ဝင်ပြီးမှလက်ထပ်ခဲ့ကြတာမဟုတ်တော့ အိမ်ထောင်ရေးကသိပ်အဆင်မပြေခဲ့ဘူး...အဲဒါတွေနဲ့ပတ်သက်ပြီး သမီးရဲ့ရင်ထဲမှာစိတ်ဒဏ်ရာတွေရှိတယ်...သမီးကထုတ်မပြောဘဲနဲ့ အပေအတေငဆိုးမလေးပုံစံနဲ့သူ့ရင်ထဲကခံစားချက်တွေကိုဖုံးကွယ်ထားတာ...ငယ်ငယ်ကတည်းကမိသားစုဆိုတဲ့ခံစားချက်ကိုသမီးကမခံစားဖူးတော့ မင်းကပဲမိသားစုရဲ့နွေးထွေးမှုလေးတွေကိုသမီးသိအောင်ပြောပြပေးပါ...သမီးကချော့ပြောရင်ရတဲ့ကလေးမို့သေချာလေးနားဝင်အောင်ချော့ပြောရင် သမီးကစကားနားထောင်မှာပါ..အဲဒါကြောင့် မောင်ဘုန်းမြတ်ကပဲသမီးလေးကိုစိတ်ရှည်သည်းခံပေးပါလို့ ဦးလေးကတောင်းဆိုချင်တာပါ''
''ဟင့်''
သူမထံမှရှိုက်သံလေးသဲ့သဲ့ထွက်လာမှ သူမတွေးတွေပြ.တ်တောက်သွားခဲ့ရသည်။
သူ့ရင်ဘတ်မှာပါးအပ်ပြီးအိပ်မောကျနေသောသူမကိုငုံ့ကြည့်ပြီး သူနှုတ်ခမ်းကိုတွန့်ချိုးကာပြုံး၍ သူမကိုယ်လေးအားပွေ့ချီလိုက်၏။
ပြီးတော့အိပ်ရာပေါ်အသာတင်ပြီးစောင်ပါသေချာခြုံပေးလိုက်လေသည်။
အခုသူကသူမအဖေရဲ့နေရာကိုယူပေးရမယ်ထင်ပါရဲ့။
***
သူ့ရဲ့မာတာမိခင်က သူမတို့ကိုအပြင်ခေါ်သွားပေးဖို့အမိန့်ပေးလာ၍ ဘုန်းခန့်ကခင်ချူးနဲ့သွန်းကိုအပြင်သို့ခေါ်လာပေးခဲ့၏။
ဘုန်းမြတ်ကသူ့အလုပ်ကိစ္စတွေအပြင် မင်္ဂလာပွဲအတွက်ဟိုတယ်ပါငှားရမည်နှင့်အလုပ်ရှုပ်နေ၍သူတို့နဲ့အတူလိုက်မလာ။
သူ့အမေကသူ့ကိုပိုက်ဆံပါပေးလိုက်ပြီး သူမတို့အတွက်အဝတ်အစားတွေပါဝယ်ခိုင်းလိုက်သေးသည်။
''အစ်ကို...သွန်းတို့ကိစ္စကို ခင်ချူးကိုပြောလိုက်ကြမလားဟင်''
ခင်ချူးကသူတို့ရှေ့ကနေသွားနေပြီး သူတို့ကနောက်ကနေခပ်ဖြည်းဖြည်းလိုက်လာရင်းမှ သွန်းကပြောလာသည်။
ဘုန်းခန့်ကသူတို့ကိစ္စကိုဘယ်သူ့ကိုမှမသိစေချင်ဘူးဆို၍ သွန်းကခင်ချူးကိုတောင်မှမပြောပြထားပေ။
အကယ်၍ခင်ချူးသာသိရင် သူ့ကိုမပြောရကောင်းလားဆိုပြီးဒေါသထွက်စိတ်ဆိုးမှာသေချာ၏။
''ဘာလို့ပြောမှာလဲ မပြောပါနဲ့ဦး...အခုကကိုကြီးရဲ့မင်္ဂလာကိစ္စအတွက်နဲ့အားလုံးအလုပ်ရှုပ်နေကြတာလေ ကိုကြီးရဲ့မင်္ဂလာပွဲပြီးမှပြောကြတာပေါ့''
''အင်းပါ...အစ်ကို့သဘောပါ''
ထိုအခိုက် ခင်ချူးကသူတို့ကိုလှည့်ကြည့်လာပြီး...
''ဟိုနှစ်ယောက်မြန်မြန်လာ''
ဟုလှမ်းခေါ်၍ သွန်းကခင်ချူးထံသို့ခပ်သွက်သွက်လျှောက်သွားလိုက်လေ၏။
ဘုန်းခန့်ကလည်းဆံပင်တွေကိုထိုးဖွ၍ သက်ပြင်းတွေပဲလှိမ့်ချပစ်လိုက်တော့သည်။
သူဒီမိန်းကလေးကိုအမြန်ဖြတ်မှပါပဲ။
သူမဘက်ကအတော်လေးငြိတွယ်နေပြီဆိုမှသူ့ဘက်ကဖြတ်လိုက်ရင် အခြေအနေတွေပိုဆိုးသွားတော့မှာ။
သွန်းသံသာကသူ့ကိုတစ်ကယ်ကြီးစိတ်ဒုက္ခပေးနိုင်သည်ပဲ။
***
ညနေ ဘုန်းမြတ်ပြန်လာတော့ခင်ချူးတစ်ယောက်ကိုမတွေ့၍သူအပေါ်ထပ်ကသူတို့အခန်းဆီသို့တက်ခဲ့လိုက်သည်။
အခန်းထဲရောက်တော့ခင်ချူးကကုတင်မှာခြေဆင်းလက်ပိုက်ကာထိုင်နေပြီး ကြမ်းပေါ်မှာလည်းအင်္ကျီတွေကပြန့်ကြဲနေ၍ သူတစ်ထည်ချင်းလိုက်ကောက်ပြီးသူမဘေးမှာဝင်ထိုင်လိုက်လေ၏။
''ဒါတွေကဘာလုပ်ထားတာလဲ''
''မကြိုက်လို့''
''ဘယ်သူဝယ်ပေးတာတွေလဲ''
အင်္ကျီတွေကတံဆိပ်ပင်မဖြုတ်ရသေးတာမို့သူအခုလိုမေးရခြင်းသာ။
''ကျုပ်ဘာသာဝယ်တာ''
''ဟမ်...ကိုယ့်ဘာသာဝယ်လာပြီးမကြိုက်ဘူးဆိုတော့ဘယ်လိုကြီးလဲ''
''ဝယ်တုန်းကကြိုက်တယ် အခုမကြိုက်တော့ဘူး''
''ခင်ချူး...မင်းတမင်ပြဿနာရှာနေတာမလား...ဘာတွေဂျီကျနေတာလဲ ဘာတွေကိုစိတ်မကြည်နေတာလဲ''
''အကုန်လုံးပဲ...အထူးသဖြင့်ခင်ဗျားကို ဒီမှာနေရတာလည်းကျုပ်တစ်စက်မှမပျော်ဘူး ကျုပ်ငိုချင်တာပဲသိတယ်...ဟင့်''
''ကဲကဲ...ငိုတော့မငိုပါနဲ့ကွာ...မင်းပျော်သွားအောင်ကိုယ်ဘာလုပ်ပေးရမလဲပြော''
သူကိုယ့်ကိုယ်ကို'ကိုယ်'လို့သုံးလိုက်မိ၍မျက်နှာပူသွားပေမယ့် သူမကတော့သတိတောင်မထားမိဘူးထင်ပါရဲ့။
''မသိဘူး...စိတ်ညစ်လာပြီ ဒေါသတွေလည်းထွက်တယ်''
''ကိုယ်ပြောတာသေချာနားထောင်ခင်ချူး...အခုကိုယ်တို့ကဇနီးမောင်နှံတွေဖြစ်နေပြီ ပြန်ပြင်ဆင်လို့လည်းမရတော့ဘူး အဲတော့စိတ်ညစ်နေမယ့်အစားလက်ရှိအခြေအနေကိုပျော်အောင်နေသင့်တယ်...ယောက္ခမကြီးကပြောလိုက်တယ်...ခင်ချူးကတစ်ကယ်တမ်းလိမ္မာပါတယ်တဲ့ ချော့ပြောရင်စကားနားထောင်တဲ့ကလေးပါတဲ့''
''ဘာမှ...ကျုပ်ကမလိမ္မာဘူး''
''လိမ္မာပါတယ်...ခင်ချူးပျင်းနေတယ်ဆိုရင်မနက်ဖြန်ကျရင်ကိုယ်နဲ့အပြင်ထွက်လည်ကြမယ်...ခင်ချူးဘယ်သွားချင်လဲ ကိုယ်အကုန်လိုက်ပို့ပေးမယ်''
''ဒီနေ့သွားပြီးပြီ...ဘာမှမထူးခြားဘူး''
''ကိုယ်နဲ့သွားရရင်ထူးခြားမှာပါ...ကိုယ်အကုန်လိုက်ပို့ပေးမယ်...နော်''
သူမကမျက်နှာလေးမှုန်ကုပ်ကုပ်နဲ့...
''မသိဘူး သဘောပဲ''
ဟုဆိုကာ ကုတင်ပေါ်ကဆင်းပြီးအခန်းထဲကထွက်သွားလေတော့သည်။
''ဟင်းးး...တော်တော်ဆိုးတဲ့ကလေးမ''
သူ့ဘဝမှာဘယ်သူ့ကိုမှအခုလိုစိတ်ရှည်လက်ရှည်မချော့မြှူဖူးပါ။
အခုခင်ချူးကသူချော့ပြောလိုက်တော့လည်းရတာမို့ သူမကိုသူကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ထင်ရတာပဲ။
***
Chapter.9ဆက်ရန်