Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.3


ဒီနေ့ဦးတေဇာတို့မိသားစုက ဦးတက်လူနဲ့အတူရွာထဲကအသိတွေရဲ့အိမ်တွေကိုလိုက်လည်ဖြစ်ခဲ့ကြသည်။


''ဒါကနင့်သမီးလားနီနီ''


''ဟုတ်ပါ့...သွန်းသံသာတဲ့''


''နင်နဲ့တော်တော်တူတာပဲဟ...တစ်ကယ့်အချောလေး''


လူကိုရှေ့ထားပြီးချီးကျူးနေတာကြောင့် သွန်းမှာမနေတတ်အောင်ရှက်ရွံ့နေရ၏။


''ဒါကငါ့သားတွေလေ...တေဇာဘုန်းမြတ်နဲ့တေဇာဘုန်းခန့်တဲ့''


''နင့်သား​တွေကလည်းနင်ငယ်ငယ်ကနဲ့တစ်ထေရာတည်းပါပဲ''


သွန်း သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေသောတေဇာဘုန်းခန့်အား မသိမသာခိုးကြည့်ရင်း ရင်ထဲမှာတလှပ်လှပ်နဲ့ဘယ်လိုကြီးမှန်းမသိပါ။


ညီအစ်ကိုနှစ်​​ယောက်လုံးချောတယ်ဆိုပေမယ့် သွန်းကအငယ်ကိုပိုပြီးသတိထားမိနေသည်ပင်။


သွန်း သူ့ကိုကြည့်နေတုန်းမှာပဲ သူကသွန်းကိုပြန်ကြည့်လာသည်နှင့်အကြည့်ချင်းဆုံကာ သွန်းရင်ထဲတဒိတ်ဒိတ်ဖြစ်သွားရပြီး ခေါင်းကိုအမြန်ငုံ့ချလိုက်မိ၏။


သူအတော်ချောလွန်းတာပဲ။


***


သွန်းတို့အိမ်ကပြန်လာတော့ဘုန်းခန့်ကအစ်ကိုနားကပ်ကာ...


''ကိုကြီး...သွန်းသံသာဆိုတဲ့ကလေးမလေ''


''အင်း''


''ကျွန်တော့်ကိုကြွေနေတဲ့မျက်လုံးတွေနဲ့ကြည့်နေတာသတိထားမိလား''


''သတိမထားမိပါဘူး''


''ကိုကြီးကလည်း...ဘာမှအားမကိုးရဘူး''


''နေပါဦး...မင်းကဘာလို့အဲဒါတွေလာပြောနေတာလဲ...သူများရိုးရိုးသားသားနေတာကိုသွားကစားဖို့မကြံနဲ့နော်ဘုန်းခန့်''


''သိပါတယ်ကိုကြီးရာ...မြို့ကမိန်းကလေးတွေကိုတောင်မှရင်ခုန်တာမဟုတ်ဘူး...သူ့လိုရွာသူမလေးဆိုရင်ပိုဆိုးသေးတယ်''


''ရင်မခုန်လို့ပဲတော်တော့တယ်ဘုန်းခန့်ရာ''


''ဒါကတော့ပျော်ချင်လို့လေ''


''တော်စမ်းပါကွာ''


သူတို့အိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့ကခုံတန်းလျားမှာရွာသားတစ်ယောက်ကိုတွေ့လိုက်ရလေသည်။


''ဟ...​သာကျော်ပါလား...ဘာကိစ္စရှိလို့လဲ''


ဦးတက်လူကနှုတ်ကမေးရင်း လူကလည်းတန်းလျားမှာဝင်ထိုင်လိုက်လေသည်။


''အုပ်ကြီးသမီးကိုလာတိုင်တာ''


ဘုန်းမြတ်နဲ့ဘုန်းခန့်တို့တစ်​ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြလေ၏။

ဒီကောင်မလေးဘာတွေမွှေပြန်ပြီလဲမသိ။


''ငါ့သမီးဘာဖြစ်လို့လဲ''


''ဘာဖြစ်ရမှာလဲ...မနက်ဖြန်ကျရင်ကျုပ်နဲ့စန်းရီရဲ့မင်္ဂလာပွဲရှိတာသိတယ်မလား''


''သိတယ်လေ''


''အဲဒါမနက်ဖြန်မင်္ဂလာပွဲမှာသုံးမယ့်ဘောလုံးတွေကို ရွာထဲကကလေးတွေကိုဝေပစ်လိုက်တယ်တဲ့...မနက်ဖြန်ပဲပွဲကစပြီ...ဒီဘောလုံးတွေမရှိတော့ဘယ်လိုအလှဆင်ရတော့မလဲဗျ''


''ဒီခွေးသမီးကတော့...''


ဦးတက်လူကထိုသို့ဆဲတော့ ဘုန်းခန့်ကကြိတ်ရယ်သည်။

သမီးကိုဆဲတာလားသူ့ကိုယ်သူဆဲတာလားမသိ။


ထိုအချိန်မှာပဲ အမွှေစိန်ခင်ချူးကအိမ်သို့ပြန်ရောက်လာလေ၏။


သာကျော့်ကိုမြင်သည်နှင့် ခင်ချူး​တို့ကလာရင်းအကြောင်းကိစ္စကိုသိပြီးသား။


''ဟော...ပေါ်လာပါပြီ...ကြွခဲ့ပါဦးမယ်မင်းကြီးမရယ်''


ခင်ချူးကမထီတထီရုပ်နဲ့ပဲ ဖအေဖြစ်သူဆီလျှောက်လာခဲ့လိုက်သည်။


''မိချူး...ညည်းဘာတွေလုပ်ထားလဲ''


''ဒီလိုပါအဘရယ်...ကလေးတစ်ယောက်ကဘောလုံးလိုချင်တယ်ဆိုလို့ သာကျော့်ဆီမှာတစ်လုံးလောက်ပါဆိုပြီးသွားတောင်းတာကို သူကမပေးဘူးလေ...အဲဒါကြောင့်သူ့ကိုအမြင်ကပ်ပြီး ရှိသမျှဘောလုံးတွေကိုခိုးပြီးရွာထဲကကလေးတွေကိုပေးလိုက်တာလေ''


''မိချူး!...ညည်းကလေ ငါ့ကိုအတော်ပြဿနာရှာတယ်နော်''


''အုပ်ကြီး...ဒီကိစ္စကိုကျုပ်မကျေနပ်ဘူးနော်''


''အောင်မာ...မကျေနပ်တော့နင်ကဘာလုပ်ချင်လို့လဲ''


ခင်ချူးကလက်သီးတရွယ်ရွယ်နဲ့ရန်စောင်တော့ သူမနားကဘုန်းခန့်ကပဲဆွဲထားလိုက်ရသည်။


''အခုကဘောလုံးပဲမရှိတာနော်...ထပ်ပြီးရှည်လာရင် နင့်ဟာကိုပျောက်အောင်လုပ်ပြီး မင်္ဂလာပွဲပါမရှိတော့အောင်လုပ်ပစ်လိုက်မယ်''


''ခင်ချူချူးခိုင်!...နင်ပါးစပ်မပိတ်သေးဘူးလား...နင်ကတော့ကြိမ်လုံးစာမိချင်ပြီထင်တယ်''


ခင်ချူးကမျက်နှာစူပုပ်ပုပ်နဲ့ပဲ သူမလက်မောင်းကိုကိုင်ထားတဲ့ဘုန်းခန့်လက်ကိုဖြုတ်ချကာ အိမ်ပေါ်သို့ဆောင့်အောင့်တက်သွားလေတော့သည်။


သာကျော်ဆိုတဲ့ကောင်တော့ခင်ချူးအကြောင်းသိဦးမယ်။


***


''တက်လူ...မင်းရဲ့သမီးလေးကိုမင်းလိုက်မရှာဘူးလား''


မနေ့ကသာကျော်ပြန်သွားတော့ သူသမီးဖြစ်သူအားကောင်းကောင်းကြီးဆူပစ်လိုက်၍ မယ်မင်းကြီးမလေးကစိတ်ကောက်ပြီး ဒီနေ့မနက်အစောကြီးကတည်းကအိမ်ကထွက်သွားတာ မနက်စာလည်းမစားသွားသလို နေ့လည်စာလည်းပြန်မစား။


''ဘာမှပူမနေနဲ့...သူကဒီရွာထဲမှာမျက်လုံးမှိတ်ပြီးတောင်လျှောက်သွားနိုင်တယ်...သူ့ကိုယ်သူလည်းအငတ်မခံဘူး...ကြုံရာအိမ်မှာဝင်​ပြီးစားလိမ့်မယ်''


''ဘာပဲဖြစ်ဖြစ်ပေါ့ကိုတက်လူရယ်...ခင်ချူးကသမီးမိန်းကလေးလေ...တစ်ခုခုဖြစ်သွားမှဖြင့်''


ဦးတက်လူကဘာမှပြန်မပြော။


ထိုစဥျ...


''အုပ်ကြီး...အုပ်ကြီးသမီး လယ်တောထဲမှာဖားတွေလိုက်ကောက်နေတယ်''


ဟူ၍ အိမ်ရှေ့ကဖြတ်သွားတဲ့လူတစ်ဦးကအော်သွားလေ၏။


''တွေ့လား...သူကစိတ်ပူလည်းအလကားပဲ''


''ဦးလေး...သူဖားကောက်နေတဲ့လယ်တောကဘယ်နားမှာလဲ''


ဘုန်းခန့်အမေးကြောင့် အကုန်လုံးရဲ့အကြည့်ကသူ့ထံသို့ရောက်လာခဲ့လေသည်။


တစ်ဖက်တွင်...


ဖားတွေလိုက်ကောက်နေသောခင်ချူးအား သွန်းကလယ်စပ်နားမှာထိုင်ကြည့်ရင်းမှ...


''ခင်ချူး...တော်ပါတော့ဟာ...တက်ခဲ့တော့''


ဟူ၍ လှမ်းအော်ခေါ်နေ၏။


''မလုံလောက်သေးဘူးဟ''


ဘုန်းမြတ်တို့ညီအစ်ကိုနှစ်ယောက် ရွာသားကလေးလေးရဲ့လမ်းပြမှုနဲ့အတူ ခင်ချူးရှိနေတဲ့နေရာသို့ရောက်လာလေ၏။


သူတို့ရောက်သွားတော့ ခင်ချူးကလယ်တောရဲ့အလယ်ကျကျနေရာမှာရှိနေပြီး ကုန်းကွကွနဲ့ဖားတွေလိုက်ကောက်နေသည်ပင်။


''ဟိတ်''


အသံလာရာကိုမော့ကြည့်လိုက်တော့ မြို့ကညီအစ်ကိုနှစ်ယောက်ဖြစ်နေ၍ သွန်းထိုင်နေရာမှအမြန်ထရပ်လိုက်သည်။


''ကိုတေဇာဘုန်းမြတ်နဲ့ကိုတေဇာဘုန်းခန့်''


''ကိုဘုန်းမြတ်ဆိုရပါပြီ''


''ဟုတ်ကဲ့''


သွန်းကဘုန်းခန့်ကိုတစ်ချက်ကြည့်ပြီးမှ ခင်ချူးဘက်ကိုပြန်လှည့်ကာ..


''ခင်ချူး...ဒီမှာကိုဘုန်းမြတ်နဲ့ကိုဘုန်းခန့်တို့ရောက်နေတယ်''


ဟုလှမ်းအော်ခေါ်လိုက်၏။


ခင်ချူးကတစ်ချက်သာလှမ်းကြည့်ပြီး ဖားဆက်ကောက်နေလေသည်။


''အဲ့ကောင်မလေးကတစ်ကယ်အချိုးမပြေတာပဲ...လူမှုရေးကိုမသိတတ်ဘူး အဲဒါကြောင့်မင်းကို​ပြောတာ မလာချင်ပါဘူးဆို''


ဘုန်းမြတ်ကမကြည်သလိုပြောတော့သွန်းက...


''ခင်ချူးကအဲ့အတိုင်းပဲနေတတ်လို့ပါ...စိတ်ရင်းကတော့ကောင်းရှာပါတယ်''


ဟူ၍သူငယ်ချင်းဘက်ကရှေ့နေလိုက်ပေးရှာ၏။


''သူကအဲ့ဖားတွေကိုချက်စားမလို့လား''


ဘုန်းခန့်ကသူမကိုစကားပြောလာတာကိုပဲသွန်းကရင်ခုန်နေမိတာပင်။


''မဟုတ်ဘူး...လုပ်စရာရှိလို့တဲ့''


''ဘာလုပ်မှာလဲ''


''သိချင်လား''


ဘုန်းခန့်ကသိချင်တယ်ဆိုတဲ့သဘောနဲ့ သွန်းရဲ့မျက်နှာကိုစိတ်ဝင်တစားကြည့်လာလေသည်။


''သိချင်ရင် ဒီညခင်ချူးသွားတဲ့နောက်ကိုလိုက်ချောင်းလိုက်...အသည်းထိတ်စရာတစ်ခုခုတွေ့ရလိမ့်မယ်''


ဘုန်းခန့်ကအစ်ကိုဖြစ်သူကို'ဘယ်လိုလဲ'ဆိုတဲ့သဘောနဲ့မေးဆတ်ပြတော့ ဘုန်းမြတ်ကမျက်နှာကိုမဲ့ပြီးခေါင်းရမ်းပြသည်။


ဘုန်းခန့်ကတော့ ဒီညခင်ချူးနောက်ကိုလိုက်ချောင်းဖို့ဆုံးဖြတ်ပြီးနေပါပြီ။


***


C.4ဆက်ရန်

Report Page