Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.2
''လာကြ...ထိုင်ကြ''
ဦးတက်လူက ဦးတေဇာတို့မိသားစုအားခရီးဦးကြိုပြု၏။
''မလာရတာကြာတော့ရွာကတော်တော်လေးပြောင်းလဲသွားတာပဲကွ''
''မင်းကတော့မပြောင်းလဲဘူးတေဇာ အရင်လိုချောတုန်းပဲ''
''အချင်းချင်းကိုလာမြှောက်နေသေးတယ်မင်းကလည်း...''
''တစ်ကယ်ပြောတာပါ...ဒါနဲ့သူတို့ကမင်းရဲ့သားတွေပေါ့''
''အေးလေ''
''သူတို့တောင်ဒီအရွယ်ရောက်နေကြပြီပဲ နောက်ဆုံးတစ်ခေါက်လာတုန်းကသူတို့ငယ်ငယ်လေးရှိသေးတာနော်''
''ဟုတ်တယ်...အဲတုန်းကသားကြီးက13နှစ် သားငယ်က8နှစ်လေ...အခုသားကြီးက28နှစ် သားငယ်က23နှစ်ရှိပြီ''
''နာမည်တွေကဘယ်သူ''
''ကျွန်တော်ကတေဇာဘုန်းမြတ်ပါအန်ကယ်''
''တေဇာဘုန်းခန့်ပါ''
''အေးအေး...ဦးလေးနာမည်ကဦးတက်လူတဲ့ ဒီရွာရဲ့အုပ်ချုပ်ရေးမှူး ဥက္ကဌပေါ့ကွာ''
''ဟုတ်ကဲ့''
''တက်လူ...မင်းရဲ့သမီးလေးရော''
''မရှိ....''
ဦးတက်လူစကားမဆုံးခင်မှာပဲ သမီးတော်ကကြက်ဖတစ်ကောင်ကိုပိုက်ပြီး ခြံထဲသို့ဒေါကြီးမောကြီးနဲ့ဝင်ချလာပါတော့သည်။
''တောက်!...ဘာမှကိုအဆင်မပြေဘူး...-ီးလိုပဲ''
သူမကခုံတန်းလျားမှာဝင်ထိုင်လိုက်ပြီး လက်ထဲကကြက်ဖကိုအောက်ချကာ စားပွဲပေါ်ကရေနွေးအိုးကိုဆွဲယူ၍ ကြွေခွက်တစ်ခွက်ထဲသို့ရေနွေးတွေကိုလောင်းထည့်လိုက်၏။
''မိချူး...ဘာဖြစ်လာတာလဲ''
သူမကရေနွေးကိုအရင်သောက်ပြီးမှ လက်ထဲကခွက်ကိုစားပွဲပေါ်သို့ခပ်ဆောင့်ဆောင့်ချကာ...
''ဘာဖြစ်ရမှာလဲ ကြက်တိုက်တာကျုပ်ရှုံးလာတယ်အဘရ...အဲဒါအဘကြောင့် ဟိုတစ်ခါဖဲဝိုင်းပျက်ပြီးကတည်းကဘာမှကိုအဆင်မပြေဘူး...နောက်တစ်ခါဆိုကျုပ်လောင်းကစားလုပ်နေရင်လာလာမဖမ်းစမ်းပါနဲ့အဘရာ...အခုဘူပိတ်နေပြီ''
ဧည့်သည်တွေရှေ့မှာတောင်မရှောင်ဘဲပြောချင်ရာပြောနေသောသမီးကြောင့် ဦးတက်လူခမျာမျက်နှာကြီးနီရဲသွားရသည်။
''မိချူး...ဧည့်သည်တွေနဲ့နော်''
ထိုအခါမှခင်ချူးကသူမနဲ့မျက်နှာချင်းဆိုင်ကဧည့်သည်တော်တွေကိုလှည့်ကြည့်လိုက်လေ၏။
''အဘဟိုနေ့ကပြောထားတဲ့သူတွေလား''
''ဟုတ်တယ် နှုတ်ဆက်လိုက်''
''ကျုပ်နာမည်ကခင်ချူးချူးခိုင်ပါ''
''အန်ကယ့်နာမည်ကဦးတေဇာကျော် ဒီဘက်ကအန်ကယ့်ဇနီး ဒေါ်ကလျာဒေဝီတဲ့...သူတို့ကအန်ကယ့်သားတွေ သူကအကြီး တေဇာဘုန်းမြတ်တဲ့...သူကအငယ် တေဇာဘုန်းခန့်''
ခင်ချူးက ရုပ်ချင်းဆင်သောညီအစ်ကိုနှစ်ယောက်အား တစ်လှည့်စီကြည့်လိုက်ပြီး...
''ဂေးရုပ်တွေနဲ့နော်''
ဟုပေါ်တင်ဝေဖန်၏။
''ဘာ!''
''မဟုတ်လို့လား...နေပူမိထားတဲ့မုန်လာဥဖြူတွေလိုပဲ ပျော့ဖပ်ဖပ်နဲ့''
သူတို့ဘဝမှာအခုလိုတစ်တစ်ခွခွအပြောခံရတာပထမဆုံးပဲမို့ ဘုန်းမြတ်နဲ့ဘုန်းခန့်တို့မှာ အတော်လေးဒေါသထွက်ရသည်။
''ဒါပေမယ့် ကျုပ်တို့ရွာကကာလသားတွေထက်တော့ချောပါတယ်...နော်အဘ''
''ဒီကောင်မလေးကတော့...ပါးစပ်ကစည်းမရှိကမ်းမရှိနဲ့...သွားသွား ရေသွားချိုး...ညစ်ပတ်ပေရေနေတာပဲ''
ခင်ချူးကအထွန့်တက်မနေတော့ဘဲ နေရာကနေထထွက်လာခဲ့လိုက်၏။
''အဲဒါပဲကြည့်တော့တေဇာရေ...ငါ့သမီးကဘယ်နေရာမှကိုမိန်းမမပီသတာ...သမီးမိန်းကလေးမွေးထားပါတယ် ထမင်းချက် အဝတ်လျှော် အိမ်သန့်ရှင်းရေးအတွက်သူများကိုပိုက်ဆံပေးပြီးခိုင်းရတယ်...ယောကျ်ားတွေပဲလုပ်တတ်တဲ့အလုပ်တွေကျအကုန်လုပ်တယ်ဗျာ...ဖဲရိုက် ကြက်တိုက်အစုံပဲ သူမလုပ်ရဲတာဘာမှမရှိဘူး ငါ့တူတို့လည်းဦးလေးသမီးပြောတာကိုစိတ်ထဲမထားနဲ့နော် သူကဂေါက်ကြောင်''
''ဒီလိုတက်တက်ကြွကြွနဲ့နေတတ်တာကကောင်းတာပေါ့ကွ''
''ဟုတ်တယ်ကိုတက်လူရေ...ကျွန်မတို့ကသမီးမိန်းကလေးမရှိတော့ မိန်းကလေးတွေဆိုရင်တအားချစ်တာ...အခုကိုတက်လူသမီးလေးကိုတောင်မှမြင်ကတည်းကချစ်နေပြီ...သမီးကချစ်မွှေးပါပါတယ်''
မိဘများကချီးကျူးထောပနာပြုနေပေမယ့် ဘုန်းမြတ်နဲ့ဘုန်းခန့်ကတော့ခုနကအပြောခံလိုက်ရတာနဲ့ပတ်သက်ပြီးစိတ်ထဲမှာသိပ်မကြည်ချင်တော့ပေ။
တစ်ကယ်ဘာကောင်မလေးမှန်းကိုမသိတာပါ။
***
ခင်ချူးတို့ရဲ့ထမင်းဝိုင်းကသားအဖနှစ်ယောက်တည်းရှိတုန်းကနဲ့လားလားမျှမဆိုင်ဘဲ ဟင်းပွဲတွေအများကြီးနဲ့စိုပြေနေလေ၏။
''ကဲ...သုံးဆောင်ကြ...ဘာမှအားမနာနဲ့နော်''
''ဟင်းတွေကများလိုက်တာ...အဲလောက်ထိမလိုပါဘူးတက်လူရာ''
ဦးတေဇာစကားကိုကြားတော့ခင်ချူးက...
''ကျုပ်အဘကအဲတိုင်းပဲ...ဧည့်သည်တွေလာရင် ရှင်ဘုရင်ပွဲတော်တည်သလိုဧည့်ခံတာ သားအဖနှစ်ယောက်တည်းဆိုရင်အသားဟင်းတစ်ခွက် ဟင်းကြမ်းတစ်ခွက်အပြင်မပိုဘူး''
ဟူ၍ ပါးစပ်ကပြောပြီး လက်ကလည်းဝက်သားတစ်တုံးကိုခပ်၍ အဖေဖြစ်သူပန်းကန်ထဲထည့်ပေးလိုက်လေသည်။
''သမီးကကျောင်းပြီးပြီလား''
''နွားလား...နွားကကျောင်းစရာမလိုဘူးလေ...အလုပ်သမားငှားထားတယ်...ကျုပ်ကဖားကောက် ဂဏန်းနှိုက်ပဲကျွမ်းတာ...နွားတော့မကျောင်းတတ်ဘူးဗျ''
''ဟားဟား''
သူမစကားကိုကြားတော့ဦးတေဇာကသဘောတကျရယ်လေသည်။
''အန်ကယ်ပြောတာကအတန်းပညာကိုပြောတာပါ''
''အော်...အဲဒါလား...ဆယ်တန်းကိုသုံးနှစ်ကျတယ်...ကျုပ်လည်းစိတ်ပျက်လို့ဆက်မတက်တော့ဘူး''
''အော်''
''ကဲပါ...ထမင်းအရင်စားကြ''
ထိုသို့ဖြင့် သူတို့ထမင်းဝိုင်းကတိတ်ဆိတ်သွားလေတော့သည်။
***
ဒီမှာကရေချိုးခန်းမရှိဘဲ ခြံထဲကလူမြင်ကွင်းကြီးမှာပဲရေချိုးရသည်မို့ သူတို့ညီအစ်ကိုအတွက်အဆင်မပြေလှပါ။
''ကိုကြီး...တစ်ခုခုနဲ့ကာဖို့လုပ်ပါဦး ဒီအတိုင်းကြီးရေချိုးရမှာကအဆင်မပြေဘူး...ရှက်စရာကြီး''
''ငါလည်းရှက်တာပဲ...ဒါပေမယ့်ဘယ်တတ်နိုင်မှာလဲ...ငါလည်းဘာမှမကြံတတ်ဘူး''
မိုးလင်းကတည်းကအိမ်ကထွက်သွားပြီးဂေါ်လီလုပ်နေသောခင်ချူးတစ်ယောက် နေ့လည်စာစားဖို့အိမ်ပြန်လာချိန်မှာ ဟိုညီအစ်ကိုနှစ်ယောက်ကရေကန်နားမှာအပေါ်ပိုင်းဗလာတွေနဲ့ရပ်နေပြီး တစ်ခုခုကိုတွန့်ဆုတ်နေပုံပေါ်တာကြောင့် သူမခြေလှမ်းတွေကိုသူတို့ညီအစ်ကိုဆီသို့ဦးတည်လိုက်လေ၏။
''တေဇာညီနောင်...ဘာလုပ်နေကြတာလဲ''
သူမအသံကြားတော့ သူတို့ကသူတို့ခန္ဓာကိုယ်ကိုလက်နဲ့ကာလိုက်ကြသတဲ့။
''မင်း...မင်းဘာလာလုပ်တာလဲ''
ဘုန်းမြတ်ကမေးလိုက်ခြင်းပင်။
''ဒါကျုပ်အိမ်လေ...ဘာလာလုပ်ရမှာလဲ''
''ဒီနေရာကိုဘာလာလုပ်တာလဲပြောတာ''
''ခင်ဗျားတို့ကိုလာကြည့်တာလေ...ခင်ဗျားတို့တစ်ခုခုဖြစ်နေတာလား''
''အေး...ဟုတ်တယ်...ရေချိုးရမှာရှက်လို့''
ဘုန်းခန့်စကားကိုကြားတော့ခင်ချူးကခွက်ထိုးခွက်လန်ရယ်ပါတော့သည်။
''ဟားဟား...ခိခိ''
''မင်းဘာရယ်တာလဲ''
''ခင်ဗျားတို့ကမိန်းမကြီးတွေကျနေတာ...ယောကျ်ားပဲ ဘာရှက်စရာရှိလို့လဲ...တစ်ကယ့်ဟာတွေ''
''ဘာလို့ရှက်စရာမလိုရမှာလဲ...ငါတို့ခန္ဓာကိုယ်ကိုဘယ်သူ့မှမမြင်စေချင်ဘူး''
''ဒါပေမယ့်အခုကျုပ်မြင်ပြီးပြီနော်...မိုက်သားပဲ...နို့တွေကမိန်းမတွေထက်တောင်ကြီးနေသေးတယ်''
''ဘာ!''
သူမစကားကိုကြားတော့ ညီအစ်ကိုနှစ်ယောက်မှာ ရှက်တာရောဒေါသထွက်တာပါပေါင်းပြီး မျက်နှာကြီးတွေနီမြန်းကာ နေရာကနေလစ်ပြေးသွားပါတော့သည်။
''ဘာလဲဟ...အဖြစ်သည်းလိုက်တာ...ဒါလေးပြောတာကို''
သူမကပွစိပွစိပြောပြီးအိမ်ထဲသို့ဝင်လာခဲ့လိုက်၏။
ဘုန်းမြတ်နဲ့ဘုန်းခန့်တို့ညီအစ်ကိုကတော့ ဒီရွာကနေအမြန်ပဲပြန်ချင်နေပါပြီ။
***
C.3ဆက်ရန်