Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.25
''ကျွီ''
ညကြီးအချိန်မတော်ကြီး တိတ်ဆိတ်နေချိန်မှာ တံခါးဖွင့်သံကခပ်ကျယ်ကျယ်ထွက်ပေါ်လာ၏။
ခင်ချူးကလည်းထုံးစံအတိုင်းအိပ်မောတွေကျနေပြီမို့ သူမအခန်းထဲလူဝင်လာတာကိုလည်းမသိသလို သူမကိုပိုင်စိုးပိုင်နင်းလာနမ်းနေတာကိုလည်းမသိပေ။
သူမထင်သည်ကအိပ်မက်ထဲမှာလူကြီးကသူမကိုလာလာနမ်းနေသည်လို့ပါ။
''လူကြီး''
သူမအသံကြားတော့ အခန်းထဲကနေထွက်သွားဖို့ပြင်နေတဲ့သူ့ခြေလှမ်းတွေကချက်ချင်းပဲရပ်တန့်သွားခဲ့ရလေ၏။
သူနောက်ကိုခပ်ဖြည်းဖြည်းလှည့်ကြည့်လိုက်တော့ သူမကမျက်လုံးမဖွင့်ဘဲအိပ်ရာကနေထလာ၍ သူမအိပ်မက်ယောင်နေပြီမှန်းတန်းသိလိုက်သည်။
''လူကြီးဘယ်သွားမလို့လဲ...မသွားနဲ့လေလူကြီး...ကျုပ်ကိုလာခေါ်တာမဟုတ်ဘူးလား ကျုပ်ကခင်ဗျားလာခေါ်တာကိုစောင့်နေတာ...အဟင့်''
သူမကအိပ်မက်တွေယောင်ရင်း ပါးစပ်ကလည်းစကားတွေတတွတ်တွတ်ပြောကာ သူ့ဆီတည့်တည့်လျှောက်လာနေ၍ သူလည်းခင်ချူးကိုယ်လေးအားလှမ်းထိန်းလိုက်ပြီး သူ့ရင်ခွင်ထဲမှာမှီစေလိုက်တော့၏။
''အဟင့်...အီးးး''
သူမမျက်ရည်လေးတွေကသူ့ရင်ဘတ်ကိုစိုစွတ်လာတာမို့ သူစိတ်မကောင်းစွာနဲ့ပဲ သူမကျောပြင်လေးအားခပ်ဖွဖွပွတ်ပေးပြီး သူမကိုယ်လေးကိုပွေ့ချီကာ အိပ်ရာပေါ်သို့အသာပြန်တင်လိုက်သည်။
ထို့နောက်သူမမျက်ရည်တွေကိုသုတ်ပေးတော့ ခင်ချူးကသူ့လက်ကိုအမိအရဖမ်းပြီး မလွတ်တမ်းဆုပ်ကိုင်ထားခဲ့လေ၏။
''ခင်ချူးရယ်...ကိုယ့်ကိုဒီလောက်လွမ်းနေရဲ့သားနဲ့ အခုချက်ချင်းလာခေါ်ပါလို့ဘာလို့များမပြောရတာလဲ...ကိုယ့်ကိုလွမ်းပါတယ်ပြောဖို့အဲလောက်ခက်ခဲလို့လား...ကိုယ့်စိတ်ကိုဖိစီးခံပြီးခေါင်းကြောမာလွန်းတဲ့ကလေး...မင်းအတော်ဆိုးတာပဲနော်...အခုနေများကိုယ်ကခေါ်ရင်မင်းကလိုက်မှာမဟုတ်ဘူးမလား...ဟင် ကလေးဆိုး...ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုးစားကြည့်ဦးမယ်''
ခင်ချူးကတော့သူ့စကားတွေကိုမကြားနိုင်တော့ဘဲ သူ့လက်ကိုကိုင်ထားရင်းဖြင့် အိပ်မက်ကမ္ဘာထဲမှာပြန်ပြီးမွေ့လျော်သွားတော့သည်။
နောက်နေ့မနက်ခင်ချူးအိပ်ရာကနိုးတော့ သူမလက်တွေကိုတစ်ယောက်ယောက်ကဆုပ်ကိုင်ထားတယ်လို့ခံစားလိုက်ရ၍ သူမမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ လူကြီးကသူမကုတင်ပေါ်ရောက်နေပြီး သူမဘက်မျက်နှာလှည့်ကာအိပ်ပျော်နေတာကိုတွေ့လိုက်ရတာကြောင့် ခင်ချူးမျက်ကလူးစံပြာဖြစ်သွားခဲ့ရလေ၏။
သူမကလက်ကိုဆွဲဖြုတ်ပြီးအိပ်ရာကထလိုက်တော့ ဘုန်းမြတ်ကပါအိပ်ရာကနေနိုးလာခဲ့သည်။
''လူ...လူကြီး''
''နိုးပြီလားခင်ချူး...ပြန်အိပ်ပါဦး လာပါ''
''ဘာကိုအိပ်ရမှာလဲ ဘာကိုအိပ်ရမှာလဲ...ခင်ဗျားကြီးဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ''
ဘုန်းမြတ်ကအိပ်ရာကနေထလိုက်ပြီးမှ သူမမျက်နှာနားတိုးကပ်လာ၍...
''ခင်ချူးကညကကိုယ့်ကိုရူးမတတ်လွမ်းနေပါတယ်ဆိုပြီးအတင်းဖက်ထားတာလေ...လူကိုမုဒိမ်းကျင့်တော့မတတ်ပဲ''
''ခင်ဗျားဗရမ်းဗတာတွေလျှောက်ပြောမနေနဲ့...ကျုပ်ကဘာလို့အဲလိုလုပ်ရမှာလဲ...ခင်ဗျားဒီရွာကိုဘယ်တုန်းကရောက်နေတာလဲ...မဟုတ်မှ ကျုပ်မက်မက်နေတဲ့အိပ်မက်တွေက တစ်ကယ်ဖြစ်နေတာလား''
''ဘာအိပ်မက်တွေမက်လို့လဲ''
''ခင်ဗျားကကျုပ်ကိုနမ်းနေတယ်တဲ့''
''ဟုတ်တယ်လေ...အိပ်နေတုန်းပဲခိုးနမ်းရတာကို''
''ခင်ဗျားဘာသဘောနဲ့အခုလိုလုပ်တာလဲ''
''ခင်ချူးကိုစိတ်မချလို့လေ...အခွင့်အရေးရရင်တစ်ခါတည်းပါပြန်ခေါ်သွားမလို့''
''ဘယ်သူကလိုက်မယ်ပြောလို့လဲ...သတ်မှတ်ထားတဲ့ရက်ကိုအများကြီးလိုသေးတယ်...ပြီးတော့ခင်ဗျားကိုယ်တိုင်ပဲကျုပ်ကိုနှင်ထုတ်တာလေ''
''အမ်!...ဘယ်တုန်းကလဲ''
''ခင်ဗျားကြီးကျုပ်ကိုမတားဘူး''
''ဟောဗျာ...ဒါကတမင်စွပ်စွဲတာပဲ ကိုယ်တားတာကိုခင်ချူးကမှနားမထောင်တာ...ခင်ချူးမရှိဘဲကိုယ်မနေနိုင်ဘူးလို့ပြောတယ်လေ...ခင်ချူးကသာကိုယ့်ကိုရက်ရက်စက်စက်ထားသွားရက်တာပါ...ဖေဖေဘာမှမပြောခင်ကတည်းက ခင်ချူးကဦးလေးကိုဖုန်းဆက်ခေါ်ပြီးနေပြီမဟုတ်ဘူးလား...ကိုယ်ဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာခင်ချူးသိလား သူကငါသူ့အပေါ်မှာမေတ္တာထားသလောက် အကြင်နာတွေပေးသလောက် သံယောဇဥ်တွေတွယ်ခဲ့ရသလောက် သူ့ဘက်ကဘာမှပြန်မတုန့်ပြန်ဘူး ငါပေးဆပ်သမျှကိုမြင်လည်းမမြင်နိုင်ဘူးဆိုတဲ့အတွေးတွေနဲ့ ကိုယ်ဘယ်လောက်စိတ်မကောင်းဖြစ်ခဲ့ရလဲဆိုတာခင်ချူးသိမှာမဟုတ်ပါဘူး''
သူ့စကားအဆုံးမှာ ခင်ချူးရဲ့မျက်ဝန်းထဲမှမျက်ရည်တွေစီးကျလာ၍ ဘုန်းမြတ်ကသူမမျက်ရည်တွေကိုသုတ်ပေးပြီး သူမကိုယ်လေးအားရင်ခွင်ထဲမှာထွေးပွေ့လာလေသည်။
''လူကြီး...ကျုပ်ကလေ မိခင်စိတ်မရှိတာမဟုတ်ပါဘူး...ကျုပ်ကလေးကို ကျုပ်လိုဖြစ်မှာကြောက်လို့ပါ...ကျုပ်တို့ချင်းအဆင်မပြေတာကယုတ်ယွအဆုံးကွာရှင်းချင်ရင်တောင်မှအလွယ်တကူကွာရှင်းလိုက်လို့ရပေမယ့် ကလေးရလာတဲ့အခါကျရင် ကလေးကိုစိတ်ဒဏ်ရာရမှာကြောက်လို့ပါ...ဟင့်''
''ကိုယ်အားလုံးကိုရှင်းရှင်းလင်းလင်းသိပြီးပါပြီ...ခင်ချူးရဲ့စိတ်ဒဏ်ရာတွေကို ကိုယ်ကပဲကုသပေးပါမယ်...ခင်ချူးထင်ထားသလိုမျိုး ကိုယ်တို့ကလေးကမိသားစုရဲ့နွေးထွေးမှုကိုမရဘူးဆိုတာမဖြစ်စေရဘူးလို့ကိုယ်ကတိပေးတယ်...တစ်ကယ်ဆိုရင်ကိုယ့်အမှားတွေအများကြီးပါ ခင်ချူးရဲ့စိတ်ခံစားချက်ကိုမြင်အောင်မကြည့်ဘဲ ခင်ချူးကိုထပ်ပြီးစိတ်ထိခိုက်စေမယ့်စကားတွေပြောခဲ့မိတယ် တစ်ကယ်ကကိုယ်မှားတာပါ...နောက်ဆိုရင်အဲလိုထပ်မဖြစ်စေရတော့နော်...စကားများခဲ့ရင်လည်းကိုယ်ပဲအလျှော့ပေးမယ် တစ်ခုခုဆိုလည်းကိုယ်ပဲအရှုံးပေးမယ် ကိုယ်နဲ့ပြန်လိုက်ခဲ့နော်''
''လူကြီးတွေသတ်မှတ်ထားတဲ့အချိန်ကာလကမပြည့်သေးဘူးလေ...သူတို့ကလက်ခံကြပါ့မလား''
''အခုကိုယ်တို့ကတစ်ယောက်ကိုတစ်ယောက်မဖြစ်မနေလိုအပ်တယ် ကိုယ်တို့တစ်ယောက်ကိုတစ်ယောက်မရှိလို့မဖြစ်ဘူးဆိုတာသိနေပြီပဲ ဘာလို့အချိန်တွေဆွဲနေဦးမှာလဲ...ပြီးတော့အခုခင်ချူးဘေးမှာကိုယ်ရှိနေမှဖြစ်မှာ ကိုယ်ခင်ချူးကိုကိုယ့်မျက်စိအောက်မှာပဲထားချင်တယ်''
''ကလေးကြောင့်လား''
''အင်းပေါ့''
''ဪ...ဒါဆိုကျုပ်ကိုအတင်းခေါ်နေတဲ့အကြောင်းကလည်းကလေးကြောင့်ပဲပေါ့''
''အင်းလေ''
''ကလေးကိုပဲချစ်တာပေါ့''
''ဒါပေါ့''
''ဪ''
သူမကဘာမှဆက်မပြောတော့ဘဲ အသံတိတ်ကာခေါင်းငုံ့သွားလေ၏။
ဘုန်းမြတ်ကသူမပုံစံလေးကိုကြည့်ကာ ပြုံးတုံးတုံးဖြင့်သူမမျက်နှာနားတိုးကပ်သွားလိုက်ပြီး...
''ကိုယ်ပြောတဲ့ကလေးဆိုတာက...ခင်ချူးကိုပြောတာနော်''
''အမ်!''
ခင်ချူး သူ့ကိုမော့ကြည့်လိုက်စဥ်မှာပဲ သူကခင်ချူးရဲ့မျက်နှာနားနီးကပ်နေတာကြောင့် နှစ်ယောက်သားနှာခေါင်းချင်းထိမိသွားပြီး ခင်ချူးကအလန့်တကြားနဲ့ ခေါင်းလေးကိုနောက်ဆုတ်လိုက်ရာ ဘုန်းမြတ်ကသူမကျောလေးကိုဖက်၍ မျက်နှာချင်းပြန်နီးကပ်စေလိုက်လေသည်။
ထို့နောက်သူမကိုယ်လေးအားအိပ်ရာထက်လှဲချပြီး မျက်နှာလေးကိုအပေါ်စီးကနေငုံ့မိုးကြည့်လိုက်၏။
''ကိုယ်ခင်ချူးကိုအရမ်းချစ်တယ်...ဘယ်တုန်းစပြီးချစ်မိသွားလဲမသိသလို ဘာကြောင့်ချစ်မိသွားလဲဆိုတာလည်းမသိဘူး...ဒီအတိုင်းအကြောင်းပြချက်မရှိဘဲ ပြောမပြတတ်အောင်ချစ်မိသွားတာ...ကိုယ့်မှာခင်ချူးမရှိလို့မဖြစ်ဘူး...အဲဒါကြောင့်ကိုယ့်ဘေးကိုပြန်လာခဲ့နော် ကိုယ်နဲ့ပြန်လိုက်ခဲ့''
''မလိုက်ပါဘူး...ဘာလို့လိုက်ရမှာလဲ သုံးလပြည့်မှလိုက်မှာ''
''ခင်ချူးကနေနိုင်လို့လား...ညကပဲအိပ်မက်တွေယောင်ပြီးငိုနေတာကို...ခင်ချူးကိုထပ်ပြီးစိတ်မထိခိုက်စေချင်ဘူး ထပ်ပြီးလည်းမျက်ရည်မကျစေချင်တော့ဘူး...ကိုယ်,ခင်ချူးကိုပြန်ခေါ်သွားမယ်...ဘယ်သူမှခွင့်မပြုလည်းကိုယ်ဂရုမစိုက်ဘူး ကိုယ်,ခင်ချူးနဲ့တစ်ကယ်ခွဲပြီးမနေနိုင်ဘူးခင်ချူးရယ် တစ်ယောက်စိတ်ကိုတစ်ယောက်သိနေတာတောင်မှ ဘာလို့အကြာကြီးစောင့်နေဦးမှာလဲ...ခင်ချူးကကိုယ့်ကိုမသနားဘူးလား''
''မသနားဘူး...နည်းသေးတယ်လို့တောင်မြင်သေးတယ်...ဒီ့ထက်ပိုပြီးခံစားရလေပိုကောင်းလေပဲ...ကွာရှင်းမယ်ပြောတာကိုလွယ်လွယ်လေးလက်ခံပြီး ကျုပ်ထက်ကလေးကိုရွေးလိုက်တဲ့သူ...ခင်ဗျားကြီးကိုအရမ်းမုန်းတယ်သိလား''
''ကိုယ်ထင်ခဲ့တာက ခင်ချူးကကိုယ်နဲ့ကွာရှင်းချင်နေလို့ကလေးကိုခုတုံးလုပ်တယ်လို့''
''ကျုပ်ကခင်ဗျားချော့အောင်လို့တမင်ပြောတာလေ...အလကားလူကြီး နောက်ဆုံးကျစိတ်ရင်းအမှန်တွေထုတ်ပြတာပဲ''
''မဟုတ်ပါဘူးခင်ချူးရယ်...အဲတုန်းကကိုယ်တို့နှစ်ယောက်လုံးက ကိုယ့်အတွေးနဲ့ကိုယ်တစ်ယောက်နဲ့တစ်ယောက်အထင်အမြင်လွဲသွားကြတာပါ...နောက်ဆိုရင် ကိုယ့်စိတ်ထဲမှာရှိနေတာတွေကိုပွင့်ပွင့်လင်းလင်းပြောကြရအောင် မကျေနပ်တာရှိရင်လည်းမြိုသိပ်မထားဘဲဖြေရှင်းကြမယ် ဟုတ်ပြီလား''
''အင်း''
''ကိုယ်နဲ့ပြန်လိုက်မယ်မလား''
''လိုက်မယ်''
ဘုန်းမြတ်ရဲ့မျက်နှာကအပြုံးတွေဝေဆာသွားရပြီး သူမပါးလေးထဲသို့သူ့နှာတံနစ်ဝင်သွားသည်ထိဖိကပ်နမ်းပစ်လိုက်လေတော့သည်။
ခင်ချူးကလည်းသူ့ကျောပြင်ကိုပြန်လည်သိုင်းဖက်ထားခဲ့လေသည်။
***
ဦးတက်လူက သူ့ရှေ့ကသမီးနဲ့သားမက်ကိုကြည့်ကာ...
''မင်းတို့တွေလူကြီးတွေကိုသပ်သပ်မဲ့ဒုက္ခပေးကြတယ်...နေနိုင်ကြတာလည်းမဟုတ်ဘဲနဲ့ဘာလို့ကွဲမယ်ကွာမယ်တွေလျှောက်ပြောကြတာလဲ...ခင်ချူး သမီးကလည်း လင်မယားရန်ဖြစ်တိုင်းဖအေကိုဖုန်းတဂွမ်ဂွမ်ဆက်ပြီးမခေါ်နဲ့...အခုကလည်းအဘကအကြောင်းအရင်းမှန်ကိုမသိလို့လာတာ နောက်တစ်ခါဆိုရင်မလာဘူး''
''အင်းပါအဘရဲ့...ကျုပ်အရင်လိုကလေးမဆန်တော့ပါဘူး...ကျုပ်လိမ္မာတော့မှာပါ နော်လူကြီး''
ခင်ချူးကသူ့ဘေးကဘုန်းမြတ်ကိုတပ်ကူတောင်းလေ၏။
''ဟုတ်ပါတယ်ဦးလေး...နောက်ဆိုရင်ခင်ချူးကိုထပ်ပြီးစိတ်မဆင်းရဲစေရတော့ပါဘူး ကျွန်တော်ကပဲအကုန်အလျှော့ပေးပြီး ဘေးကနေထိန်းကျောင်းပေးပါမယ်''
''မင်းကိုယုံပါတယ်...ဒီဟာလေးကိုမယုံတာ''
''အဘကလည်း...ကျုပ်တစ်ကယ်ပြောတာပါဆို''
''ထားပါထားပါ...မင်းအဖေကဘာတဲ့လဲဘုန်းမြတ်''
''ကျွန်တော်ဖေဖေတို့ကိုအကြောင်းကြားပြီးပါပြီ...ကျွန်တော်တို့တွေကိုယ့်စိတ်ကိုသိပြီမို့ အရင်လိုအတူတူပြန်နေချင်တယ်ပြောတော့ ဖေဖေကလက်ခံပေးပါတယ်''
''အေးလေ...အချင်းချင်းကဒီလောက်ထိမခွဲနိုင်အောင်ဖြစ်နေမှတော့ ဘာလို့သုံးလပြည့်အောင်စောင့်နေဦးမှာလဲ...ခေါ်သွားခေါ်သွား''
ဘုန်းမြတ်နဲ့ခင်ချူးကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမှ ဦးတက်လူရှေ့မှာပုဆစ်တုပ်ထိုင်ချလိုက်လေ၏။
''အဘကိုကျုပ်ကန်တော့ပါတယ်...အရင်ကအဘအပေါ်မှာဆိုးခဲ့မိတာတွေ စိတ်ထဲကနေပြစ်မှားအပြစ်တင်ခဲ့တာတွေအတွက် ကျုပ်ဝန်ချပြီးတောင်းပန်ပါတယ်...အဘအပေါ်မှာကာယကံ ဝစီကံ မနောကံတွေနဲ့ပစ်မှားစော်ကားခဲ့တာတွေအတွက် ကျုပ်ကိုခွင့်လွှတ်ပေးပါနော်အဘ''
''အဘကအရင်ကတည်းကခွင့်လွှတ်ပြီးသားပါ...ငါ့သမီးကိုအပြစ်မမြင်ခဲ့ဖူးဘူး''
ခင်ချူးကမျက်ရည်တွေဝဲနေရင်းမှ အဖေဖြစ်သူအား ဘုန်းမြတ်နဲ့အတူကန်တော့လိုက်ပါတော့သည်။
မိဘနေရာကိုရောက်လာမှမိဘတွေရဲ့မေတ္တာကို ခင်ချူးနားလည်လာခဲ့၏။
အဘကိုလည်းတစ်ချိန်လုံးအထင်လွဲနေခဲ့တာတွေကလည်း အခုဆိုရင်အားလုံးကိုကောင်းကောင်းကြီးရှင်းရှင်းလင်းလင်းသိသွားခဲ့ပါပြီ။
အဘကသူမကိုမချစ်တဲ့အချိန်တစ်ချိန်မှမရှိခဲ့ဖူးဘူး။
***
ခင်ချူးတို့ပြန်လာမယ်ဆိုတဲ့သတင်းကြောင့် သွန်းခမျာအလုပ်ပင်မသွားနိုင်ဘဲ ခင်ချူးကြိုက်တတ်တာလေးတွေကိုချက်ပြုတ်ရင်း မီးဖိုချောင်ထဲမှာအလုပ်တွေရှုပ်နေခဲ့လေ၏။
ခင်ချူးနဲ့မတွေ့ရတာဆယ်ရက်ကျော်တောင်ကြာသွားပြီမို့ သူမကိုအရမ်းပဲတွေ့ချင်နေပါပြီ။
''သွန်း...အစ်မပဲချက်လိုက်တော့မယ် သွန်းကရေလေးဘာလေးသွားချိုးပြီးနားလိုက်တော့...မနက်ကတည်းကချက်ပြုတ်နေတာပင်ပန်းနေရောပေါ့''
''ရပါတယ်မရွှေငုရယ်...ခင်ချူးရဲ့အကြိုက်ကိုသွန်းကအသိဆုံးပါ''
''သွန်းကခင်ချူးကိုအရမ်းခင်တွယ်တာပဲနော်''
''ဒါပေါ့မရွှေငုရယ်...ကလေးဘဝကတည်းကညီအစ်မအရင်းလိုချစ်လာကြတာလေ...ခင်ချူးရဲ့အကြောင်းကိုခင်ချူးထက်တောင်မှသွန်းကပိုသိသေးတယ်''
''ဟုတ်ပါပြီဟုတ်ပါပြီ...လောလောဆယ်ရေလေးအရင်သွားချိုးလိုက်ပါ...ခဏနေကျရင်ခင်ချူးတို့လာတော့မှာတဲ့...တော်ကြာ ခင်ချူးကသွန်းရဲ့ပုံစံကိုကြည့်ပြီး မရွှေငုတို့ကသွန်းကိုမတရားသဖြင့်ခိုင်းနေတာလားဆိုပြီးအထင်လွဲနေဦးမယ် သွားသွား''
''ဟုတ်...အဲဒါဆိုသွန်းသွားလိုက်ဦးမယ်''
''အေးအေး''
သွန်းကလက်ထဲကဟင်းမွှေဇွန်းကိုချခဲ့ပြီး မီးဖိုခန်းထဲနေထွက်လာခဲ့လိုက်လေ
သည်။
ထို့နောက် အပေါ်ထပ်ကအခန်းဆီတက်ခဲ့ပြီးအဝတ်အစားကိုခပ်သွက်သွက်ချွတ်ကာ ရေချိုးခန်းထဲသို့ဝင်ကာ ရေမြန်မြန်ချိုးလိုက်၏။
သွန်း ရေချိုးပြီးထွက်လာတော့ ဘုန်းခန့်ကသူမကုတင်ပေါ်မှာအခန့်သားလာထိုင်နေ၍ သူမမျက်ခုံးလေးတွေကတွန့်ချိုးသွားခဲ့ရလေသည်။
''ရှင်ဘာလာလုပ်ပြန်ပြီလဲ''
''ဟိုညကတော့အစ်ကိုဆို''
''ရှင်အခုထွက်သွားနော်...သူများမြင်ရင်ဘယ်လိုထင်မလဲ''
သွန်းကသူ့ရှေ့ရောက်လာပြီး လူကိုကုတင်ပေါ်ကနေအတင်းဆွဲချတော့ ဘုန်းခန့်ကသူမခါးလေးဆွဲဖက်ပြီးသူ့ပေါင်ပေါ်သို့ထိုင်စေလိုက်လေ၏။
''ရှင်လွှတ်နော်...ကျွန်မကိုအခွင့်အရေးမယူနဲဲ့''
သွန်းကသူမရင်ဘတ်လေးကိုလက်နဲ့ကာထားတာမို့ ဘုန်းခန့်ကအသည်းယားစွာနဲ့ သူမပါးလေးအားဆွဲဖဲ့ပစ်လိုက်ပြီး...
''အခွင့်အရေးယူချင်မှဖြင့် သွန်း,ကိုယ့်ကိုယုံနေကတည်းက ကိုယ်အရယူခဲ့မှာပေါ့...ကိုယ်ကအဲလိုကောင်မျိုးမဟုတ်ပါဘူး''
ပြောပြီးသည်နှင့်ဘုန်းခန့်ကသူ့အင်္ကျီအိတ်ကပ်ထဲကဗူးလေးတစ်ဗူးကိုထုတ်ပြီး သွန်းကိုပေးလာသည်။
''ပိုင်ရှင်ကိုပြန်လာပေးတာ...သူကသွန်းကိုအရမ်းလွမ်းနေပြီတဲ့''
သူ့စကားကြားတာနဲ့တင် ဒီဗူးထဲကပစ္စည်းက ရင်ထိုးဆိုတာကိုတန်းသိလိုက်၏။
''မယူပါဘူး''
''ယူပါသွန်းရယ်...ကိုယ်ဘယ်သူ့ကိုမှဒီလိုမပေးဖူးဘူး''
''အမလေး...သောင်းဂဏန်းလောက်လေးကိုများ...အရင်ကရှင်ရည်းစားတွေထားပြီး ပေးခဲ့အမ်းတွေကသိန်းချီရှိတယ်ဆိုတာကျွန်မသိထားပြီးသား...ကျွန်မကဈေးအပေါဆုံးမလား''
''အဟဲ...အဲဒါကလေ ကိုယ်ညာခဲ့တာသွန်းရဲ့...ဒါကလေအတုမဟုတ်ဘူးအစစ်''
''အမ်!''
''ဟုတ်တယ်...အဲတုန်းကသွန်းကမယူဘူးငြင်းနေတော့ သွန်းလက်ခံအောင်လို့ကိုယ်လျှောက်ပြောခဲ့တာ''
''အဲတော့...ဒါကအစစ်ပေါ့ ဘယ်လောက်တောင်ပေးရတာလဲ''
''မများပါဘူး...50ကျော်60နီးပါးပါပဲ''
''အမ်!!...သိန်း သိန်း60လား''
သူမကမျက်လုံးပြူးမျက်စံပြူးနှင့်ပြန်မေးလာလေ၏။
''ဟုတ်တယ်''
''ဟင့်အင်း မယူဘူး ရှင့်ဟာရှင်ပြန်ယူသွား...ဒီလောက်တန်ဖိုးကြီးတာကြီးကိုလက်မခံနိုင်ပါဘူး''
''မယူလို့မရဘူး...ဒါကအစကတည်းကသွန်းတစ်ယောက်တည်းအတွက်ရည်ရွယ်ထားတာ''
''ဒါပေမယ့်...''
''သွန်း...လက်ခံပေးပါကွာ...ကိုယ့်ရဲ့လက်ဆောင်ကိုရော ကိုယ့်ရဲ့နှလုံးသားကိုရော''
''........''
''ကိုကြီးနဲ့ခင်ချူးတို့တောင်မှပြန်ပြီးအဆင်ပြေသွားကြပြီလေ''
''ဘာဆိုင်လဲ...သူတို့ကလင်မယားတွေကို''
''ကိုယ်တို့လည်းချစ်သူတွေလေ...ကိုယ်တို့အချင်းချင်းကချစ်နေကြတာကို''
''ကျွန်မရှင့်ကိုမချစ်ပါဘူး''
''ကိုယ့်ကိုယ်ကိုပြန်မညာပါနဲ့သွန်းရယ်...သွန်းရဲ့မျက်လုံးတွေကိုကြည့်တာနဲ့ညာနေမှန်းကိုယ်သိတယ်''
''........''
''ကိုယ့်ကိုအခွင့်အရေးတစ်ခါလောက်ပဲပေးပါ...ကိုယ်အလွဲသုံးစားမလုပ်ဘူးလို့ကတိပေးတယ်''
သွန်းကဘုန်းခန့်ရင်ဘတ်ကိုတွန်းဖယ်ပြီး သူ့ပေါ်ကနေထကာ ကျောပေးရပ်လိုက်လေသည်။
''ကျွန်မရှင့်ကိုထပ်ယုံဖို့သတ္တိမရှိဘူး...ပြန်လက်ခံပြီးမှ ရှင့်ဗီဇတွေထပ်ပေါ်လာရင်ကျွန်မထပ်ပြီးနာကျင်ရမှာကိုကြောက်တယ်''
''အဲဒါဆိုလည်းကိုယ့်ကိုစောင့်ကြည့်ပေးနော်...အခုချက်ချင်းလက်မခံလည်းရပါတယ်...ဘယ်လောက်ကြာအောင်စောင့်ကြည့်ချင်လဲ တစ်နှစ်လား နှစ်နှစ်လား သုံးနှစ်လား...ကိုယ်စောင့်မယ်''
''အဲလောက်ထိစောင့်နိုင်တယ်ပေါ့''
ဘုန်းခန့်ကသူမလက်မောင်းသားဝင်းအိအိလေးတွေကိုခပ်ဖွဖွဆုပ်ကိုင်လိုက်လေသည်။
''စောင့်နိုင်တာပေါ့...ကိုယ်ဒီလောက်ထိဇွဲရှိတာ သွန်းနဲ့မှပထမဆုံးပဲ''
''အဲဒါဆို ငါးနှစ်ဆိုရင်ရော''
''စောင့်မယ်''
''အတည်''
''အင်းပေါ့''
သွန်းကဘာမှဆက်မပြောသလို သူ့ဆီကနေလည်းမရုန်းမိပေ။
ခဏကြာတော့မှသွန်းက...
''ဟုတ်ပြီလေ...တစ်နှစ်စောင့်''
''ရပါတယ်...ကိုယ်စောင့်မယ်''
''အဲ့တစ်နှစ်အတွင်းမှာ ကျွန်မနဲ့ခပ်ကင်းကင်းနေပေး''
''ဟုတ်ပါပြီ...ဖြစ်စေရပါမယ်''
''အဲဒါဆိုအခုသွားလို့ရပြီ''
''အင်း...ကိုယ်သွားပါမယ် ဒါလေးတော့လက်ခံထားပေးနော်''
''ဒါကဈေးကြီးလွန်းတယ်''
''သွန်းကဒီ့ထက်တန်ဖိုးကြီးတဲ့အရာတွေနဲ့တောင်ထိုက်တန်ပါတယ်သွန်းရယ်...ယူထားနော်''
သူကရင်ထိုးဗူးလေးကိုသွန်းလက်ထဲထည့်ပေးခဲ့ပြီး အခန်းထဲကနေထွက်သွားပါတော့သည်။
သူထွက်သွားမှသွန်းက လက်ထဲကရင်ထိုးဗူးလေးကိုကြည့်ပြီးပြုံးလိုက်မိလေ၏။
သူမရဲ့စိတ်ကသူ့ဘက်ကိုပြန်ပြီးတိမ်းညွတ်နေပြီဆိုပေမယ့် သူ့ကိုချက်ချင်းလက်ခံဖို့တော့မဖြစ်နိုင်သေးပေ။
သူ့ကိုတစ်နှစ်တိတိစောင့်ကြည့်ပြီးမှပဲသေချာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမည်။
လွယ်လွယ်ရရင်လူတွေကတန်ဖိုးထားတတ်ကြတာမှမဟုတ်တာ။
ပထမတစ်ကြိမ်တုန်းကလွယ်လွယ်ခံခဲ့မိလို့အထိနာခဲ့ပြီးပြီ။
ထိုသို့သောတူညီတဲ့အမှားမျိုးကို သွန်းနောက်တစ်ကြိမ်ဘယ်တော့မှပြန်လုပ်မည်မဟုတ်ပေ။
***
C.26ဆက်ရန်