Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.23
အရင်တုန်းကရွာပြန်ချင်ပါတယ်ဆိုပြီးပြဿနာရှာခဲ့ဖူးတဲ့သူမက အခုရွာကိုပြန်ရောက်လာတော့လည်းထင်သလောက်မပျော်ပေ။
သူမစိတ်ကဘာကိုအလိုရှိနေမှန်းကိုမသိတော့တာပါ။
''သမီး...ခဏနားလိုက်ဦး သမီးကအခုမပေါ့မပါးနဲ့ဆိုတော့ အရင်ထက်ပိုပြီးအစစအရာရာဂရုစိုက်မှရမယ်''
''ဟုတ်အဘ''
ခင်ချူးကထိုမျှသာပြောခဲ့ပြီး အိမ်ပေါ်သို့တက်လာခဲ့လိုက်လေ၏။
အပေါ်ထပ်ကသူမအခန်းထဲရောက်သည်နှင့် ကုတင်ပေါ်မှာလှဲအိပ်လိုက်ပြီး ထိန်းချုပ်ထားတဲ့စိတ်တွေကိုလွှတ်ချကာ မျက်ရည်တွေကိုမျက်ဝန်းကနေစီးကျခွင့်ပေးလိုက်တော့သည်။
သူမနည်းတူ ဘုန်းမြတ်သည်လည်းထပ်တူခံစားနေတာပါပဲ။
သူမကိုကိုယ်ဝန်ကြီးနဲ့သူ့အနားကနေထွက်သွားခွင့်ပေးလိုက်ရတဲ့အတွက် သူ့ရင်ထဲကအပူမီးတွေကအရှိန်အဟုန်ဖြင့်တောက်လောင်နေရသည်။
သူ့ယောက္ခထီးကတော့ စိတ်မပူဖို့နဲ့ခင်ချူးကိုသူကပဲဂရုစိုက်လိုက်မည့်အကြောင်းကိုပါသေချာမှာခဲ့၏။
ဘယ်လိုပဲဆိုဆို ခင်ပွန်းဖြစ်တဲ့သူကပဲဇနီးနဲ့ကလေးကိုအနီးကပ်စောင့်ရှောက်ချင်တာပေါ့။
သူဘယ်လိုများခေါင်းပြားပြားနဲ့အိပ်နိုင်ပါ့မလဲ။
''သား...ညစာစားရအောင်လေ''
သူ့အမေအသံကြောင့် သူမျက်နှာကိုဖိပွတ်ပစ်လိုက်၏။
''မစားချင်ဘူးမေမေ...ကျွန်တော်စားလို့လည်းဝင်မှာမဟုတ်ဘူး''
''သားရယ်...ခင်ချူးကအဝေးကြီးကိုသွားတာမှမဟုတ်တာ ပြီးတော့သုံးလဆိုတာလည်းခဏလေးပဲလေ''
''ဒါပေမယ့်အခုခင်ချူးကကိုယ်ဝန်ကြီးနဲ့လေ သူ့ဘေးမှာကျွန်တော်ရှိနေချင်တာပေါ့ ကျွန်တော်ဂရုစိုက်စောင့်ရှောက်ချင်တယ်မေမေ...ဖေဖေကဘာလို့များအခုလိုဆုံးဖြတ်ရတာလဲ''
''လူတွေကအနားမှာမရှိမှတန်ဖိုးသိတာတဲ့သားရဲ့...သားတို့ချင်းထားရှိတဲ့သံယောဇဥ်ကို အကွာအဝေးဆိုတဲ့အရာကပဲထင်ထင်ရှားရှားပြပေးမှာ ခင်ချူးကိုသားဘာမှစိတ်မပူပါနဲ့ ကိုတက်လူလည်းရှိနေတာပဲ''
သူ့ကိုဘယ်သူတွေကဘယ်လိုပဲနှစ်သိမ့်ဖြောင့်ဖျနေပါစေ သူဘယ်လိုမှစိတ်ဖြတ်နိုင်မှာမဟုတ်ပေ။
သူခင်ချူးကိုအရမ်းလွမ်းတယ်။
***
ခင်ချူးကိုလွမ်းတဲ့စိတ်ကြောင့် သွန်းလည်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေရသည်။
ကိုယ်ကသူ့မျက်နှာကြောင့်ဒီအိမ်မှာနေနေရတာကို အခုသူကမရှိတော့ဘူးဆိုတော့သူမအနေနဲ့ဒီအိမ်မှာနေရတာလည်းမျက်နှာပူနေရ၏။
''အဟင့်''
သွန်း ခြံထဲကဒန်းပေါ်မှာတရှုံ့ရှုံ့ငိုနေတုန်း ဘုန်းခန့်ကအနားရောက်လာပြီး သူမဘေးမှာလာဝင်ထိုင်လေသည်။
''သွန်း''
''ထွက်သွား...ကျွန်မတစ်ယောက်တည်းပဲနေချင်တယ်''
''ကိုယ်ကသွန်းကိုနှစ်သိမ့်ပေးမလို့ပါ''
''မလိုဘူး...ရှင့်ဆီကဘာကိုမှမလိုအပ်ဘူး''
''ကိုယ်ကတော့ပေးချင်တယ်''
ပြောပြောဆိုဆိုနဲ့ သူကသွန်းကိုရင်ခွင်ထဲအတင်းဆွဲဖက်လာပါတော့သည်။
''အို...ဘာလုပ်တာလဲ လွှတ်ပါ...သူများလာမြင်သွားမယ်''
''မလွှတ်ဘူး...အကြာကြီးဖက်ထားဦးမှာ''
''အန်တီတို့လာမြင်သွားမယ်လို့...ရှင်ဘာဖြစ်နေတာလဲ''
သူမကသူ့ရင်ဘတ်ကိုတွန်းဖယ်ပြီး လက်မောင်းကိုပါထုရိုက်လာလေ၏။
''ခုနကလောက်ဝမ်းမနည်းတော့ဘူးမလား''
သွန်းကငြိမ်ကျသွားပြီးမှ သူ့ကိုမော့ကြည့်လာသည်။
''ကိုယ့်ကိုရန်လုပ်နေရတာနဲ့တင် ခုနကဝမ်းနည်းနေတာတွေပျောက်သွားပြီမလား''
''ရှင်အခွင့်အရေးယူချင်ရင်ယူချင်တယ်ပေါ့''
''ဒါပေါ့...အဲဒါလည်းပါတယ် ကိုယ်သွန်းကိုအရမ်းချစ်တယ် သွန်းရဲ့နှလုံးသားကိုပြန်ရဖို့ ကိုယ့်ဘက်ကအမြဲကြိုးစားနေမှာပဲ''
''.........''
''အခုဆိုရင် ကိုယ့်ရဲ့အကျင့်ဆိုးတွေအားလုံးပျောက်ကုန်ပြီ ကိုယ်သွန်းတစ်ယောက်တည်းကိုပဲရှိသမျှအချစ်တွေပုံအောပြီးချစ်မိနေပြီ သွန်းမယုံဘူးဆိုရင် ကိုယ်သွန်းရဲ့အမေဆီသွားပြီးသွန်းကိုသွားတောင်းလိုက်မယ် ကိုယ့်မိဘတွေကိုပါသွားပြောလိုက်မယ်''
''လျှာရိုးမရှိတိုင်းလျှောက်ပြောမနေစမ်းပါနဲ့ ရှင်လားအဲလိုလုပ်ရဲမှာ''
''မယုံဘူးပေါ့လေ''
''မယုံဘူး''
''ဟုတ်ပြီ...အဲဒါဆိုရင်ကိုယ်အခုချက်ချင်း ကိုယ့်မိဘတွေကိုသွားပြောလိုက်မယ်''
ပြောပြောဆိုဆိုနဲ့သူကနေရာကနေထသွား၍ သွန်းကအလန့်တကြားနဲ့သူ့လက်ကိုဆွဲလိုက်ရာ သူကသွန်းထံသို့အရှိန်လွန်ပြီးပစ်ကျလာပါတော့သည်။
''ဟင်!...အမေ့''
သွန်းအလန့်တကြားနဲ့မျက်လုံးကိုဖိပိတ်ထားလိုက်မိပေမယ့် သူမခေါင်းအောက်မှာဘုန်းခန့်ရဲ့လက်ကရောက်နေပြီး ဘုန်းခန့်ကလည်းသူမအပေါ်မှာရောက်နေတယ်ဆိုတာကိုချက်ချင်းခံစားသိရှိလိုက်ရသည်။
သွန်းမျက်လုံးကိုဖျက်ခနဲဖွင့်ကြည့်လိုက်တော့ ဘုန်းခန့်ကသူမပေါ်ကနေပြီးသူမကိုပြုံးတုံးတုံးဖြင့်ငုံ့မိုးကြည့်နေခဲ့လေ၏။
တဖြည်းဖြည်းနဲ့သူကသွန်းရဲ့မျက်နှာနားသို့နီးကပ်လာ၍ သူမလည်းသူ့မျက်နှာကိုတွန်းဖယ်ပစ်ပြီး အိမ်ထဲသို့ပြေးဝင်လာခဲ့လိုက်ပါတော့သည်။
ဒီလိုသာဆက်သွားနေရင် သွန်းဘက်ကသူ့ကိုဒုတိယအကြိမ်ယုံကြည်မှုတွေထပ်ပေးမိတော့မှာပဲ။
***
သူမရွာကိုပြန်ရောက်နေတဲ့သတင်းကိုရွာတော့ ရွာထဲကမိန်းကလေးတစ်ချို့ကသူမဆီရောက်လာပြီးစပ်စပ်စုစုတွေမေးကြတာပါတော့သည်။
''ခင်ချူး...နင်ဘာလို့ရွာကိုပြန်လာတာလဲ ယောကျ်ားနဲ့ကွဲလာတာလား''
''ဘာ!...ငါကဘာကိစ္စယောကျ်ားနဲ့ကွဲရမှာလဲ''
''မသိဘူးလေဟယ်...နင်ကရွာကိုတစ်ယောက်တည်းပြန်လာတာကိုး...နင်ကသူဌေးနဲ့ညားသွားတော့ငါတို့ကအားကျနေတာ အခုငါတို့အားကျတာမှားပြီလားလို့''
ထိုစဥ် ဦးတက်လူကအနားရောက်လာပြီး...
''ဒီမှာ ညည်းတို့ထင်ရာမြင်ရာတွေပြောမနေနဲ့...ငါ့သားမက်ကအလုပ်တွေမအားလို့ပါမလာတာ ငါ့သမီးကလည်းသူ့ဘာသာရွာကိုလွမ်းလို့သူ့ယောကျ်ားတားနေတဲ့ကြားကနေငါနဲ့ဇွတ်လိုက်လာတာ''
''အင်းပါအုပ်ကြီးရယ်...အုပ်ကြီးတို့ပြောတော့လည်းအုပ်ကြီးတို့စကားပေါ့...ကောင်မတွေ ငါတို့သွားရအောင်''
ပြောပြီးသည်နှင့်ထိုမိန်းမတွေကခင်ချူးရှေ့ကနေအလျှိုလျှိုနဲ့ထွက်သွားကြပါတော့သည်။
ခင်ချူးလည်းအရမ်းဝမ်းနည်းတာကြောင့်မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပြန်၏။
သူမကိုလူကြီးနဲ့ကွာရှင်းလိုက်ကြပြီလို့ထင်ကြေးပေးနေကြရုံနဲ့တင် ခင်ချူးပြောမပြတတ်အောင်ဝမ်းနည်းနေရသည်ပင်။
အိမ်ထောင်ကွဲတစ်ခုလပ်ဖြစ်မှာကိုရှက်လို့မဟုတ်ဘဲ လူကြီးနဲ့ကွာရှင်းရမယ့်အဖြစ်ကိုတွေးပြီးဝမ်းနည်းနေမိတာပါ။
တစ်ကယ်ဆိုအားလုံးကသူမအမှားတွေချည်းပဲ။
သူမသာလိမ္မာခဲ့ရင် လူကြီးနဲ့အတူပျော်စရာကောင်းတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်နေရတော့မှာ။
အကယ်၍ သုံးလပြည့်လို့မှလူကြီးကသူမကိုမလိုချင်တော့ရင်ဘယ်လိုလုပ်မလဲ။
''သမီး''
ဦးတက်လူကသမီးဖြစ်သူဘေးမှာဝင်ထိုင်ပြီး ခေါင်းလေးကိုအုပ်မိုးကိုင်လိုက်လေ၏။
''သူတို့ပြောတာတွေကိုစိတ်ထဲထားမနေပါနဲ့ အချိန်တန်ရင်နွားပိန်ကန်မှာပေါ့...မကြာခင်မှာသူတို့ပါးစပ်တွေပိတ်သွားလိမ့်မယ်''
''အဘ...လူကြီးကကျုပ်ကိုပြန်လာခေါ်မှာပါနော်''
''သူလာခေါ်ရင်သမီးကလိုက်သွားမှာလား...ကိုယ့်ကိုယ်ကိုရော သေချာမေးပြီးပြီလား''
''သူလာခေါ်ရင်ကျုပ်လိုက်သွားမှာ''
သူမအဖေကတစ်ချက်ပြုံးလိုက်ပြီး သူမခေါင်းလေးအား သူ့ရင်ဘတ်မှာမှီစေလိုက်လေသည်။
''ငါ့သမီးကချစ်တတ်သွားပြီပဲ''
''အမ်!''
''ငါ့သမီးကဘုန်းမြတ်ကိုချစ်သွားပြီလို့...အရင်တုန်းကရွာပြန်မယ်ဆိုပြီးဂျီကျခဲ့တဲ့သူက အခုဘုန်းမြတ်ပြန်လာခေါ်မှာကိုမျှော်နေပြီလေ''
''သူကရောဟင်အဘ...သူကရောကျုပ်ကိုချစ်ပါ့မလား''
''သူကတော့ပြောဖို့တောင်မလိုပါဘူး...ကိုယ်မချစ်တဲ့မိန်းမကို ကိုယ့်ဘေးကနေထွက်မသွားဖို့အတွက် ဘယ်ယောကျ်ားကမှခြေသလုံးဖက်မတတ်တောင်းပန်နေမှာမဟုတ်ဘူး''
''သံယောဇဥ်ကြောင့်လည်းဖြစ်နိုင်တာပဲ''
''သံယောဇဥ်ဆိုတာအချစ်ထက်ပိုပြီးခိုင်မြဲတယ်...အချစ်ကအခန့်မသင့်ရင်ပြောင်းလဲသွားနိုင်သေးတယ်...သံယောဇဥ်ဆိုတာမျိုးကမှေးမှိန်သွားရိုးထုံးစံမရှိသလို ပြ.တ်တောက်သွားတယ်ဆိုတာမျိုးလဲမရှိဘူး...တစ်ချို့ဝေးကွာသွားတဲ့ချစ်သူစုံတွဲတွေက အချင်းချင်းမချစ်ကြတော့ရင်တောင် သံယောဇဥ်သာရှိနေရင် အမြဲသတိရနေမိမှာပဲသမီးရဲ့''
''အဘအခုချိန်ထိဒေါ်နီနီအေးအပေါ်မှာစိတ်မဖြ.တ်နိုင်သေးတာက အချစ်ကြောင့်လားသံယောဇဥ်ကြောင့်လား''
''သံယောဇဥ်ကြောင့်လို့ပြောရင်ပိုမှန်မှာပေါ့...ဘယ်လိုပဲဖြစ်ဖြစ် အဘဘယ်တော့မှသူနဲ့ပြန်ပေါင်းမထုတ်ဘူး...ဘာလို့လဲဆိုတော့ သားသမီးအပေါ်မှာထားတဲ့သံယောဇဥ်ကဘယ်သံယောဇဥ်နဲ့မှမတူလို့ပဲ...အဘသာသူနဲဲ့ပြန်ပေါင်းထုတ်လိုက်ရင် သမီးနှုတ်ကဘာမှမပြောရင်တောင် သမီးစိတ်ထဲမှာတော့အနည်းနဲ့အများမကျေမချမ်းဖြစ်မှာပဲ...ငါ့အမေတုန်းကနေ့စဥ်နဲ့အမျှစိတ်ဆင်းရဲခဲ့ရပြီး ဒီမိန်းမကျမှငါ့အမေမရဖူးတာတွေရနေပါလားဆိုပြီး သမီးစိတ်ထဲကတွေးမိမှာပဲ...သမီးကိုအဘကငရဲမပေးချင်ဘူး...သမီးသိထားရမှာက အဘကသမီးကိုမချစ်တဲ့နေ့တစ်နေ့မှမရှိခဲ့ဖူးဘူးဆိုတာပဲ''
အဖေဖြစ်သူဆီကစကားတွေကိုကြားရတော့ ခင်ချူးထပ်ငိုမိပြန်၏။
''အဘ...အဟင့်...အီး ဟီး...အီးးး...ကျုပ်တောင်းပန်ပါတယ်အဘရယ်...ကျုပ်အဘကိုအထင်လွဲခဲ့မိလို့ ကျုပ်ကိုခွင့်လွှတ်ပေးပါနော်''
''အဘခွင့်လွှတ်တယ်...အဘစိတ်ထဲမှာဘာမှမရှိဘူး...မငိုနဲ့တော့နော် ဒီလိုအချိန်မှာစိတ်ချမ်းသာအောင်နေသင့်တယ်...တိတ်တိတ်''
ဦးတက်လူကသမီးဖြစ်သူရဲ့မျက်ရည်တွေကိုသုတ်ပေးပြီး အငိုတိတ်အောင်ချော့မြှူနေခဲ့လေသည်။
***
ရွာထဲကလူတွေရဲ့ သူမအပေါ်သို့လောသို့လောပြောနေကြတဲ့စကားတွေက ရက်ပိုင်းအတွင်းမှာပဲတိခနဲပိတ်ကျသွားပါတော့သည်။
အကြောင်းအရင်းကတော့ ဘုန်းမြတ်ကနှစ်ဖက်မိဘတွေကိုအမှူးထားပြီး သူနဲ့ခင်ချူးတို့ရဲ့ကောင်းမှုအနေနဲ့ ရွာမှာစာသင်ကျောင်းအသစ်သုံးဆောင်ကိုလှူလိုက်လို့ပါ။
''ခင်ချူးတို့များအိမ်ထောင်ရေးကံကောင်းလိုက်တာ''
''ခင်ချူးရဲ့ယောကျ်ားကတစ်ကယ့်သူဌေးပဲ''
''ဥစ္စာပေါရုပ်ချောကိုမှ ခင်ချူးတို့ကသေချာရွေးထားတာပဲ''
စသည့်ထိုစကားတွေက အရင်ကအတင်းပြောခဲ့တဲ့သူတွေရဲ့နှုတ်ကနေပြန်ထွက်လာတာတွေပါပဲ။
အခုမှပဲခင်ချူးရဲ့စိတ်ကလည်းအရင်ကထက်ပိုပြီးလန်းဆန်းလာတော့သည်။
လူကြီးအခုလိုလုပ်တာက ရွာကအကြောင်းတွေကိုအဘကပြန်ပြောလိုက်လို့ပဲဖြစ်မည်။
ဒီနေ့ညတော့တစ်ကယ်ကိုစိတ်ချမ်းချမ်းသာသာနဲ့အိပ်ရတော့မှာပဲ။
လူရိပ်တစ်ခုသည် ခင်ချူးတို့ခြံထဲကိုဝင်လာပြီး နောက်ဖေးတံခါးပေါက်ကနေတစ်ဆင့်လှေကားဆီသို့တက်လာနေလေသည်။
အပေါ်ထပ်ရောက်တော့ ခင်ချူးရဲ့အခန်းတံခါးကိုအသာတွန်းဖွင့်ပြီး အခန်းထဲကိုခြေဖွနင်း၍ဝင်လာကာ အိပ်ပျော်နေသောခင်ချူးရဲ့မျက်နှာလေးကိုအပေါ်စီးကနေငုံ့မိုးကြည့်နေပြန်၏။
ထို့နောက်ကုတင်မှာဝင်ထိုင်လိုက်ပြီး ခင်ချူးရဲ့လက်ကလေးကိုခပ်ဖွဖွကိုင်ကာ နဖူးလေးကိုစတင်နမ်းလိုက်သည်။
ထို့နောက် မျက်ခွံလေးတွေရယ် နှာတံနဲ့မေးစေ့လေးရယ် ပါးလေးနှစ်ဖက်ရယ်ကိုတစ်လှည့်စီနမ်းပြီး နောက်ဆုံးအနေနဲ့နှုတ်ခမ်းလေးကိုဖိကပ်နမ်းလိုက်လေ၏။
ပြီးတာနဲ့သူမပါးလေးကိုကိုင်ပြီး လက်မနဲ့ခပ်ဖွဖွပွတ်ကာ မျက်နှာလေးကိုအလွမ်းပြေအကြာကြီးကြည့်အပြီးမှာ နေရာကနေထထွက်လာခဲ့လိုက်တော့သည်။
သူအခန်းပေါက်ရောက်တော့ ခင်ချူးကမျက်လုံးလေးကိုအသာဖွင့်ကြည့်လာပြီး ခပ်ရေးရေးမြင်နေရတဲ့ကျောပြင်ကိုကြည့်ကာ စိတ်ထဲကနေ'လူကြီး'လို့ခေါ်လိုက်ပေမယ့် နှုတ်ကနေပွင့်ဟထွက်မလာဘဲ သူမမျက်လုံးလေးတွေလည်းပြန်လည်မှိတ်ကျသွားတော့၏။
သူမရဲ့စိတ်ထဲမှာတော့ ဒါဟာအိပ်မက်ဟူ၍။
***
C.24ဆက်ရန်