Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.17


ဘုန်းခန့်ကသွန်းကိုကြိုလာတဲ့လမ်းမှာ သူမကသူ့ဆိုင်ကိုရောက်ဖူးချင်တယ်ဆို၍ သွန်းကိုသူ့ဆိုင်သို့ခေါ်လာခဲ့လိုက်သည်။


''အစ်ကိုတို့ဆိုင်လေးကချစ်စရာလေးနော်...ကိုရီးယားစားသောက်ဆိုင်ဆိုတဲ့အတိုင်း ဆိုင်အပြင်အဆင်ကတစ်ကယ်ကိုရီးယားရောက်သွားသလိုပဲ''


''အင်း...မိန်းကလေးတော်တော်များများကဓာတ်ပုံရိုက်ရတာဝါသနာပါတော့ မိန်းကလေးတွေလာစားတဲ့အခါမျိုးမှာ သူတို့ဓာတ်ပုံရိုက်လို့ရအောင်လို့ပြင်ဆင်ပေးထားတာ''


''ဪ''


ထိုစဥ် ဝိတ်တာကောင်လေးကသူတို့မှာထားတဲ့စားစရာတွေကိုလာချပေးလေ၏။


''သွန်းအရင်စားထားနှင့်လိုက်နော် ကိုယ်toiletခဏသွားဦးမယ်''


''ဟုတ်အစ်ကို''


သူထွက်သွားပြီးခဏအကြာမှာပဲ စားပွဲပေါ်မှာကျန်ခဲ့တဲ့သူ့ဖုန်းကမြည်လာသည်။

သွန်း ဖုန်းကိုယူကြည့်လိုက်တော့'မြတ်နိုးရိပ်'ဆိုတဲ့မရင်းနှီးသောအမည်နာမကြောင့် သူမမျက်ခုံးလေးတွေစုကျုံ့သွားခဲ့ရ၏။


သွန်းလည်းဘယ်သူလဲသိချင်စိတ်နဲ့ ထိုဖုန်းကိုကိုင်လိုက်မိသည်။

သွန်း ဖုန်းကိုင်လိုက်သည်ဆိုရင်ပဲ တစ်ဖက်ကလူကသွန်းရဲ့အသံကိုနားမထောင်ဘဲ...


''ဘယ်လိုလဲ...မှတ်ပြီလား အဲဒါဟိုနေ့ကကိစ္စအတွက်မင်းကိုအပြစ်ပေးတာ တို့အိမ်အထိရောက်လာတယ်ဆိုကတည်းက တို့ကိုတော်တော်လွမ်းနေပုံပဲနော်''


''ဟို...ဘယ်သူလဲရှင့်''


ဟိုဘက်ကအသံခဏတိတ်သွားပြီးမှ...


''အဲ့ဘက်ကရောဘယ်သူလဲ...ဘုန်းခန့်ရဲ့ဖုန်းကမင်းဆီဘယ်လိုရောက်နေတာလဲ''


''အစ်ကိုမရှိဘူး''


''ကြည့်ရတာမင်းကသူ့ဇယားထင်တယ်''


''ရှင်...ဘာကို...''


သွန်းဘာမှမမေးရသေးခင်မှာ တစ်ဖက်ကဖုန်းချသွားပြီဖြစ်သည်။

သွန်း ဖုန်းလေးကိုနေရာတကျပြန်ထားရင်း ရင်ထဲမှာစို့နစ်နာကျင်သွားခဲ့ရ၏။


အစ်ကိုကတစ်ကယ်ပဲသူမသူငယ်ချင်းတွေပြောသလိုများလား။


ထိုအချိန်မှာပဲအစ်ကိုကနေရာကိုပြန်ရောက်လာသည်။


''မင်းဘာမှမစားထားနှင့်ဘူးလား''


''အစ်ကို့ကိုစောင့်နေတာပါ''


''မင်းကိုစားထားနှင့်လို့ပြောတယ်လေ''


''.......''


သူမကဘာမှမပြောဘဲအသံတိတ်နေပြီး မျက်ခမ်းလေးတွေနဲ့နှာခေါင်းလေးတွေကပါနီရဲနေ၍ ဘုန်းခန့်က...


''မင်းနေမကောင်းဘူးလား''


ဟုဆိုကာ သူမနဖူးကိုလာစမ်းကြည့်လေသည်။


''ကိုယ်လည်းမပူပါဘူး''


''သွန်းနေကောင်းပါတယ်...စားရအောင်လေ သွန်းဗိုက်ဆာနေပြီ''


''အင်း''


''ဪ...မြတ်နိုးရိပ်ဆိုတဲ့အမျိုးသမီးတစ်​ယောက်ဖုန်းဆက်တယ် အဲဒါသွန်းကိုင်လိုက်မိတယ် အစ်ကိုစိတ်မဆိုးဘူးမလား''


''ဟမ်...ဪ အင်း...စိတ်မဆိုးပါဘူး အရေးလည်းမကြီးပါဘူး''


မမဖုန်းကိုသွန်းကကိုင်လိုက်တယ်ဆိုကတည်းကသူ​ပြဿနာရှင်းရတော့မည်။

နှစ်ယောက်သားကိုမှစကားပေးပြောလိုက်သလိုဖြစ်နေတာမို့သူ့ခေါင်းကြီးတစ်ခုလုံးကကြီးထွက်လာသလိုပင်။


သွန်းကိုကြည့်လိုက်တော့လည်း သူ့ကိုမျက်နှာငယ်လေးနဲ့ကြည့်နေ၍ သူ့စိတ်ထဲမှာသူမကိုသနားနေမိပြန်သည်။


သူကြာရင်ရူးတော့မယ်။


***


အချိန်အားဖြင့်ညဆယ်နာရီဖြစ်သည်။


ဘုန်းခန့် ဝရန်တာမှာဆေးလိပ်သောက်နေတုန်း အနားကခုံပုလေးပေါ်မှာတင်ထားတဲ့သူ့ဖုန်းကမြည်လာလေ၏။


သူဖုန်းကိုယူကြည့်လိုက်တော့မမဆက်လာတာပါ။


သူဖုန်းမကိုင်ခင် သက်ပြင်းရှည်ကြီးချလိုက်ပြီးဖုန်းကိုင်လိုက်လေ၏။


သူ့​ဆီဖုန်းဝင်မလာခင်ကတည်းကအကွယ်မှာရပ်နေသောသွန်းလည်း သူပြောနေတာတွေကိုနားထောင်ဖို့ အဆင်သင့်ဖြစ်နေခဲ့လေသည်။


''ဟဲလိုမမ''


''ဘုန်းခန့်...ငါတစ်ကယ်မထင်ထားမိဘူး မင်းငါနဲ့ယှဥ်ပြီးတွဲနေတဲ့သူက တောသူမတစ်ယောက်ဖြစ်နေလိမ့်မယ်လို့''


ပတ်ဝန်းကျင်ကတိတ်ဆိတ်နေ၍ တစ်ဖက်ကအသံကို သွန်းခပ်သဲ့သဲ့လေးကြားနေရ၏။


''မင်းကအဲလိုတောသူမနဲ့တောင်မှ ငါ့ကိုပြတ်ပြတ်သားသား​မရွေးနိုင်ဘူးဆိုတော့ ငါ့မာနကိုအရမ်းထိခိုက်တယ်''


''မဟုတ်ဘူးမမ...အဲ့တစ်ယောက်က ဒီအတိုင်းအပျော်တွဲတာပါ''


ထိုစကားကသွန်းရဲ့နှလုံးသားကို ဓားနဲ့တစ်ဆုံးထိုးပစ်လိုက်သလိုပါပဲ။


''အပျော်ဆိုပြီး မင်းသူ့ကိုဖြတ်ဖို့တော့မဝံ့ရဲဘူးမလား...မင်းကိုငါကြိုက်တာလုပ်ခွင့်ပေးထားတယ်...ဒါပေမယ့်အဲလိုအညတရမိန်းကလေးနဲ့ ငါ့လိုမိန်းမကတစ်တန်းတည်းဖြစ်နေတာကိုတော့ငါလုံးဝသည်းမခံနိုင်ဘူး...ငါ့မာနကိုထိခိုက်လွန်းလို့​ေ.သတော့မယ်''


''ဟုတ်ပြီ...ကျွန်တော်သေချာတဲ့ဆုံးဖြတ်ချက်ကိုချပေးမယ် မမမပူနဲ့''


''မပူပါဘူး...မင်းသူ့ကိုရွေးမယ်ဆိုလည်း တောသူတစ်ယောက်နဲ့ပြိုင်ပြီးငါမင်းကိုမလုဘူး...နားလည်လား...အဲဒါငါ့စကားအကုန်ပဲ''


ပြောပြီးသည်နှင့်မြတ်နိုးရိပ်ကဖုန်းချသွားလေတော့သည်။


သွန်းတစ်ကယ်ပဲလူကမူးမိုက်ချင်သလိုဖြစ်သွားရ၏။

အစ်ကိုကသူမကိုအပျော်တွဲတာတဲ့။


သူမရင်တွေကအဆမတန်နာကျင်နေရပြီး မျက်ရည်တွေကအဆက်မပြတ်ကျလာခဲ့ရသည်။


ဒါပေမယ့် ယောကျ်ားတစ်ယောက်ကထားခဲ့လို့သူ့ရှေ့မှာအတုံးအရုံးနဲ့ရှုံးနိမ့်ပြဖို့တော့သူမမာနကလက်မခံ။

သွန်းကအနေအေးပြီးသည်းခံတတ်ပေမယ့် မာနမရှိတဲ့မိန်းမတော့မဟုတ်ပေ။


ထို့ကြောင့် မျက်ရ​ည်တွေကိုဖိသုတ်ပြီး အခန်းထဲသို့ပြန်ဝင်ခဲ့လိုက်၏။

အခန်းထဲရောက်သည်နှင့်မျက်နှာကိုသေချာသစ်ပြီး မှန်တင်ခုံအံဆွဲထဲကပိုက်ဆံငါးသိန်းနဲ့အနီရောင်ကတ္တီပါ​ဗူးလေးကိုယူပြီး အခန်းထဲကထွက်ခဲ့လိုက်သည်။


သူမဝရန်တာကိုရောက်တော့ အစ်ကိုကနေရာမှာရှိနေတုန်းပါပဲ။


''ကိုဘုန်းခန့်''


နောက်ပါးဆီမှအသံကြောင့် သူနောက်ကိုလှည့်ကြည့်လိုက်တော့ သွန်းကသူ့ကိုမျက်နှာတည်လေးနဲ့ကြည့်နေပြီးမှ...


''လမ်းခွဲမယ်''


ဟုဆိုကာ သူပေးထားတဲ့ပိုက်ဆံအုပ်နဲ့ရင်ထိုးဗူးလေးကိုပြန်ပေးလာလေ၏။


သူအရင်က​ပြောဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့စကားကို သွန်းဘက်ကအရင်ပြောလာတော့ သူ့ရင်ထဲမှာ​ဗလောင်ဆူသွားခဲ့ရသည်။


''သွန်း''


သူမကစိတ်မရှည်ဟန်နဲ့ပဲ သူ့လက်ကိုဆွဲယူပြီး သူမလက်ထဲကပစ္စည်းတွေကိုသူ့လက်ထဲသို့ထည့်ပေးလာလေ၏။


''ပိုက်ဆံတွေပြန်ရေကြည့်ပါ...တစ်ရွက်မှမလျော့ဘူးလို့အာမခံတယ်...ကျွန်မတို့ဇာတ်လမ်းပြီးပြီ''


''သွန်း...မင်းဒါဘာသဘောလဲ''


''မြင်တဲ့အတိုင်းပဲလေ...ဒီမှာကိုတေဇာဘုန်းခန့်...ကျွန်မကတောသူမဆိုပေမယ့် အပေါစားမိန်းမမဟုတ်ဘူး...လူတစ်ယောက်ရဲ့အရွေးချယ်ခံဘဝ တစ်ခြားသူနဲ့ပြိုင်တွဲခံရတဲ့ဘဝမျိုးကိုခံယူရလောက်တဲ့ထိ ကျွန်မကတန်ဖိုးမမဲ့ဘူး...ရှင်ဘယ်လိုမိန်းမတွေကိုတွေ့ဖူးလဲဆိုတာမသိပေမယ့် သွန်းသံသာအကြောင်းကိုကောင်းကောင်းမှတ်ထားလိုက်...ကျွန်မက ယောကျ်ားတစ်ယောက်ကိုမာနအထိခိုက်ခံပြီး ဘယ်တော့မှဆွဲမထားဘူး...ကျွန်မကချစ်ပြီဆိုလည်းအဆုံးစွန်ထိချစ်ပေးတယ် မုန်းရင်လည်းချစ်ခဲ့တာနဲ့တန်အောင်မုန်းတယ်...ရှင့်လိုလူမျိုးရဲ့အရွေးချယ်ခံဘဝနဲ့နေမယ့်အစား လမ်းဘေးကသူတောင်းစားကိုပဲလင်တော်လိုက်မယ် ရှင်းလား''


ပြောပြီးသည်နှင့်သွန်းကသူ့ရှေ့ထွက်သွားမယ်လုပ်တော့ သူကလက်ကိုအမိအရလှမ်းဆွဲလိုက်ရာ သူမကလက်ကိုချက်ချင်းပဲလွှတ်ချပစ်လိုက်လေ၏။


''ရှင်နဲ့ကျွန်မဘာမှမဆိုင်တော့ဘူး ကျွန်မအသားကိုလက်လွတ်စပယ်လာမထိနဲ့ နောက်တစ်ခါဆိုရင် ရှင့်ပါးနဲ့ကျွန်မလက်ဝါးကမိတ်ဆက်ပြီးသားဖြစ်သွားမယ်...တောက်!!''


သူ့ရှေ့ကနေချာခနဲလှည့်ထွက်သွားသောမိန်းကလေးက သွန်းမှဟုတ်ပါလေစဟုတွေးရလောက်တဲ့ထိ အတော်လေးခက်ထန်သွားသည်ပင်။

သူမဆီကတစ်ခါမှမမြင်ဖူးမကြားဖူးတဲ့စကားတွေနဲ့အပြုအမူတွေကြားမှာ သူ့နှလုံးသားကဟပ်တပ်ကွဲသွားသလိုပါပဲ။


သူမကိုအခုလိုမနာကျင်စေချင်ခဲ့တာအမှန်ပါ။


ဒါပေမယ့်သူမရဲ့စိတ်နှလုံးသားက သူ့ကြောင့်နာကျင်သွားခဲ့ပြီ။


ထိုညကသူလည်းတစ်ညလုံးအိပ်မပျော်သလို သွန်းလည်းတစ်ညလုံးငိုနေမိခဲ့သည်။

သူမရဲ့အချစ်ဦးကဤမျှနဲ့အဆုံးသတ်သွားခဲ့တော့လည်း...။


***


နောက်နေ့...


''သွန်း...နေမကောင်းဘူးလားသမီး''


သူတို့မိသားစုမနက်စာစားနေတုန်းမှာ ဒေါ်ဒေဝီကမေးလာခြင်းပင်။


''နေကောင်းပါတယ်အန်တီ...ညတုန်းကမကောင်းဆိုးဝါးနဲ့တွေ့ခဲ့တယ်လို့အိပ်မက်မက်ခဲ့လို့''


သူမလေသံကသူ့ကိုတမင်ရွဲ့ပြောတယ်ဆိုတာဘုန်းခန့်ကချက်ချင်းသိပြီးသား။


''ဟုတ်လား ဒါဆိုရင်တော့သမီးယတြာလေးဘာ​လေးချေပါလား''


''ရပါတယ်အန်တီ...မတန်ဘူးလေ''


သူမစကားတွေကတစ်ခုခုကိုစိတ်တိုနေဟန်မို့ သူမ​ဘေးကခင်ချူးကသူမခြေထောက်ကိုအသာတို့လိုက်ရာ သွန်းကခင်ချူးကိုလှည့်ကြည့်လာလေ၏။


သွန်းကလှည့်ကြည့်လာသည်နှင့် ခင်ချူးကဘာလဲဆိုတဲ့သဘောနဲ့မေးဆတ်ပြရာ သွန်းကခေါင်းအသာရမ်းပြလိုက်သည်။


ပြီးတော့သူမအကြည့်ကဘုန်းခန့်ထံရောက်သွားချိန်မှာ သူကအဓိပ္ပါယ်ဖော်လို့မတတ်သောအကြည့်မျိုးနဲ့ သွန်းကိုလာကြည့်နေလေ၏။


သွန်းကလည်းမလိုမုန်းထားပြန်ကြည့်ပစ်လိုက်ပြီးအကြည့်လွှဲလိုက်ပါတော့သည်။


မုန်းပစ်မှာ...။


မမြင်ချင် မတွေ့ချင် မပတ်သက်ချင်တော့တဲ့အထိမုန်းပစ်မှာ...။


''လူကြီး...ကျုပ်ဒီနေ့လူကြီးနဲ့အတူကုမ္ပဏီကိုလိုက်ချင်တယ်''


''လိုက်လို့ရပါတယ် ဒါပေမယ့်ပျင်းနေမှာနော်''


''အိမ်မှာနေရတာလည်းပျင်းနေရတာပဲဟာ...လိုက်ခဲ့မယ်နော်''


''ဟုတ်ပါပြီ လိုက်ခဲ့''


ဒေါ်ဒေဝီက...


''ငါ့ချွေးမများ သူ့ယောကျ်ားနောက်ကျလိုက်ချင်တယ် ကိုယ့်ယောက္ခမကဆိုင်ကိုလိုက်ခဲ့ပါဆိုတော့မသိချင်ယောင်ဆောင်နေတယ်''


ဟုစနောက်ကာပြောလာ၏။


''မင်းကလည်း ​ယောကျ်ားနဲ့ယောက္ခမနဲ့တော့တူမလား''


''ကျွန်မသိပါတယ် ကျွန်မလည်းစတာပါ...ကဲ ဆရာမ လိုက်မယ်ဆိုအဝတ်အစားသွားလဲတော့ သွား''


''ဟုတ်မေမေ''


ပြောပြီးသည်နှင့် ခင်ချူးလည်းအပေါ်ထပ်ကိုပြေးတက်လာခဲ့လိုက်သည်။


အခန်းထဲရောက်တော့ ဗီရိုတံခါးကိုဖွင့်ပြီး လူကြီးဝယ်ပေးထားတဲ့ထဲက ခြေသလုံးတစ်ဝက်သာရှိတဲ့စကပ်အဝဲလေးရယ် စကပ်နဲ့ဝမ်းဆက်အင်္ကျီခါးတိုလေးရယ်ကိုတွဲဖက်ဝတ်ဆင်ပြီး ဆံပင်ကိုခပ်မြင့်မြင့်စည်းကာ အောက်ထပ်သို့ပြန်ဆင်းလာခဲ့လိုက်လေ၏။


သူမလည်းမြို့ကိုရောက်မှ လူကြီးကောင်းမှုနဲ့မိန်းကလေးဆန်ဆန်ဝတ်စားတတ်နေတာပင်။


သူမအောက်ထပ်ကိုရောက်တော့ လူကြီးနဲ့သွန်းကလည်းမနက်စာစားပြီးသွားပြီမို့ သူမတို့သုံးယောက်သား အိမ်ကနေအတူတူထွက်လာခဲ့လိုက်ကြလေသည်။


လမ်းမှာလူကြီးက...


''ခင်ချူး ဟိုရောက်ရင်ငြိမ်ငြိမ်လေးနေရမယ်နော် ဘာမှလျှောက်မပွေရဘူး ကြားလား''


ဟူ၍ သူမကိုမှာကြားလာလေ၏။


''သိပါတယ် ကျုပ်ကကလေးမှမဟုတ်တာ''


''ကလေးထက်ဆိုးလို့ပေါ့''


''ခင်ဗျားကြီးနော် လူကိုများ''


''မဟုတ်လို့လား''


''မဟုတ်ဘူး...အမြင်ကပ်စရာကောင်းတဲ့လူကြီး မုန်းတာ''


''ဟား ဟား''


ကားရှေ့ခန်းကရယ်သံတွေပျံ့လွင့်ပြီးသာယာနေခဲ့ပေမယ့် ကားနောက်ခန်းထဲကသွန်းကတော့ တစ်​​ယောက်တည်းကွက်ပြီးမိုးအုံ့နေခဲ့လေသည်။


***


C.18ဆက်ရန်

Report Page