Soft
Ro seအချစ်၏နူးညံ့ခြင်း
Chapter.14
ဒီနေ့ကရုံးပိတ်ရက်မို့ သူတို့မိသားစုတွေ ခြံထဲမှာဟော့ပေါ့လုပ်စားဖြစ်ကြ၏။
အရင်ကမိသားစုလေးယောက်လုံးက ကိုယ်စီအလုပ်များနေ၍အခုလိုမျိုးအတူတူအချိန်ကုန်ဖို့အတွက် အချိန်မပေးနိုင်ခဲ့ကြပေ။
အခုခင်ချူးနဲ့သွန်းတို့ရောက်လာမှ ဒီမိသားစုကအရင်ကထက်စိုစိုပြေပြေဖြစ်လာတယ်ပြောရမည်။
''ကျုပ်အမဲသားစားချင်တယ်လူကြီး''
''အခုမှကင်ထားတုန်းရှိသေးတာလေ မကျက်သေးဘူး ခဏလေးစောင့်ဦး...ဝက်သုံးထပ်သားကတော့ကျက်ပြီ သုံးထပ်သားလေးအရင်စားထားနော်''
''အင်း...ရပါတယ်''
''အရည်လေးလည်းသောက် အရွက်လေးလည်းစား''
ဘုန်းမြတ်ကသူမကိုဘေးကနေပြီးအကုန်ဂရုစိုက်ပေးနေတော့ မိဘတွေကအချင်းချင်းမျက်စပစ်ပြီးပြုံးစေ့စေ့နှင့်။
''ကင်းမွန်မစားဖူးဘူးမလား စားကြည့်...ကိုယ်ပုစွန်အခွံခွာပေးမယ်''
''အင်း...ခင်ဗျားလည်းစားလေ''
သမီးလုပ်သူကခင်ပွန်းကို'ခင်ဗျား'ချင်းထပ်အောင်ခေါ်နေတော့ ဦးတက်လူခမျာ ဘေးကနေကြည့်မနေနိုင်။
''သမီး...ကိုယ့်ယောကျ်ားကိုဘယ်အချိန်ထိ'ခင်ဗျား ခင်ဗျား'နဲ့ခေါ်နေမှာလဲ...ကိုယ့်ကိုယ်ကိုလည်းကျုပ်လို့ပြောတာပြင်သင့်နေပြီနော်''
''အဘကလည်း ကျုပ်ကနှုတ်ကျိုးနေပြီဟာ''
''နှုတ်ကျိုးနေရင်လည်းပြင်ယူပေါ့''
''ကျွန်မလည်းပြောပါတယ်ကိုတက်လူရယ်...သမီးခင်ချူးကိုကအဲ့အတိုင်းပဲပြောတတ်နေတော့မတတ်နိုင်ဘူးဖြစ်နေတာ''
ခင်ချူးကဘုန်းမြတ်ကိုမော့ကြည့်တော့ သူကသဘောပေါက်စွာနဲ့...
''ကဲပါမေမေရယ်...သူ့ကိုလေ ကျွန်တော့်ဘာသာဖြည်းဖြည်းချင်းသင်ပေးလိုက်ပါမယ် ချက်ချင်းကြီးတော့သူဘယ်လိုလုပ်ပြီးနှုတ်ကရဲဦးမှာလဲ စိတ်ချပါ ခင်ချူးကိုကျွန်တော်ပဲပြုပြင်ပျိုးထောင်ပေးပါမယ်''
ခင်ချူးကဘုန်းမြတ်အားပြုံးစေ့စေ့လေးနဲ့မော့ကြည့်၏။
သူကသူမကိုဆိုအမြဲကာကွယ်ပေးတတ်ပြီး သူမဘက်မှာပဲအမြဲနေပေးတတ်တာကိုကသဘောကျချင်စရာအချက်ပင်။
သူတို့လူကြီးတွေခင်ချူးဆီအာရုံရောက်နေတုန်းမှာ သွန်းကဘုန်းခန့်ပန်းကန်ထဲသို့ကြက်မဲနဲ့ဘေကွန်တွေထည့်ပေးလာလေ၏။
သူလှည့်ကြည့်တော့သွန်းကသူ့ကိုပြုံးပြသည်။
သူလည်းပြန်ပြုံးပြလိုက်ပြီး သူမထည့်ပေးထားတဲ့အသားတွေကိုယူစားလိုက်၏။
သူ့မှာစိတ်ဖိစီးနေ၍လားမသိ။
အစားစားတာပင်လည်ပင်းနင်ချင်သလိုလို။
သွန်းကတော့ ဘုန်းခန့်ခံစားနေရတာတွေကိုမသိဘဲသူ့ပန်းကန်ထဲကိုအသားတွေသာအဆက်မပြတ်ထည့်ပေးနေခဲ့လေသည်။
***
အချိန်15ရက်ဆိုတာ တစ်ကယ်ကိုခဏလေးလိုပင်။
ဒီနေ့ပဲ အဘတို့ရွာကိုပြန်တော့မည်လေ။
ထို့ကြောင့် ခင်ချူးနဲ့ဘုန်းမြတ် ပြီးတော့သွန်းတို့က သူမအဖေနဲ့ဒေါ်နီနီအေးကိုကားဂိတ်သို့လိုက်ပို့ပေးခဲ့သည်။
''အဘ...ကျန်းမာရေးဂရုစိုက်နော် တစ်ခုခုဆိုကျုပ်ကိုလှမ်းခေါ် သိလား''
''အေးပါ...အဘကိုဘာမှစိတ်မပူနဲ့ ငါ့သမီးသာအစစအရာရာဂရုစိုက်...အရမ်းလည်းမဆိုးနဲ့ မောင်ဘုန်းမြတ်ကိုလည်းအနိုင်မကျင့်နဲ့ ကြားလား''
''ဟုတ်ကဲ့ပါအဘရဲ့...စိတ်ချပါ''
''အမေ...အမေလည်းဂရုစိုက်နော် အိမ်မှာအမေတစ်ယောက်တည်းဆိုပြီး ထမင်းကိုဖြစ်သလိုမစားနဲ့...သေသေချာချာချက်စား ညဘက်တွေလည်းစောစောအိပ် နော်အမေ''
''အင်းပါသမီးရဲ့...သမီးသာ တေဇာနဲ့မဒေဝီတို့မငြိုငြင်အောင်နေ အိမ်အလုပ်တွေဘာတွေလည်းကူလုပ် အလုပ်ကိုလည်းသေချာလုပ်''
''ဟုတ်အမေ''
''ကဲ...အမေတို့သွားတော့မယ်နော်''
''ဟုတ်''
ဦးတက်လူနဲ့ဒေါ်နီနီအေးက အထုပ်ကိုယ်ဆီဆွဲပြီး ကားပေါ်သို့တက်သွားကြတော့သည်။
ခဏကြာတော့နှစ်ယောက်သားကားမှန်ကနေခေါင်းပြူထွက်လာပြီးမှ...
''သွားကြတော့လေ...ပြန်ကြတော့''
ဟုပြောလာကြ၏။
''အဘ...ကျုပ်ရွာကိုပြန်ခဲ့ဦးမယ်သိလား''
''အေးပါ''
''သမီးမှာတွေမမေ့နဲ့နော်အမေ''
''အေးပါငါ့သမီးရယ်...သွားသွား ပြန်ကြတော့''
''တာ့တာအမေ''
သူမတို့နှစ်ယောက် ကိုယ့်မိဘကိုလက်ပြနှုတ်ဆက်ရင်း ကားပေါ်သို့တက်လိုက်ကြတော့သည်။
ကားပေါ်ရောက်တော့သွန်းကတရှုံ့ရှုံ့ငို၏။
''ငိုမနေစမ်းပါနဲ့သွန်းရာ...နိုင်ငံတွေခြားသွားတာမှမဟုတ်တာ''
''ငါကအမေနဲ့မှမခွဲဖူးတာ''
''ငါလည်းမခွဲဖူးပါဘူးဟာ''
ဘုန်းမြတ် သူ့ဘေးကခင်ချူးကိုလှည့်ကြည့်တော့ သူမကမျက်နှာကိုကားရဲ့အပြင်ဘက်ဆီလှည့်ထားလေ၏။
သူမလည်းဝမ်းနည်းနေမှာပဲဆိုသူသိနေခဲ့သည်။
***
ရန်ကုန်ကိုရောက်တာလပိုင်းသာရှိသေးပေမယ့် ခင်ချူးကအခုဆိုမြို့ထဲမှာလျှောက်သွားတတ်နေပါပြီ။
အိမ်မှာကဘယ်တော့မှလူမစုံတတ်ဘဲ သူမနဲ့အိမ်အကူတွေသာအရှိများသည်မို့ နေ့ခင်းဘက်တွေမှာအရမ်းပျင်းလာရင် သူမကမြို့ထဲမှာလျှောက်လည်တတ်သည်လေ။
လူကြီးကလည်းသူမကိုတစ်ပတ်တစ်ပတ်ကို လေးငါးသိန်းပေးသုံးသည်မို့ သူမလက်ထဲမှာလည်းအမြဲငွေရွှင်နေတတ်၏။
ဒါပေမယ့်သူမကအမြဲတမ်းသုံးဖြုန်းမနေပါ။
အပြင်ထွက်လည်မှသာတစ်သိန်းလောက်ပဲသုံးတတ်ပြီး ကျန်တဲ့အချိန်တွေဆိုရင်တော့ ထိုပိုက်ဆံတွေကိုဘယ်လောက်ကျန်သေးလဲဆိုပြီးရေတွက်ဖို့ပင်စိတ်မပါတတ်ပေ။
အရင်ကတည်းကခင်ချူးကပိုက်ဆံသုံးလေ့သုံးထရှိသူမှမဟုတ်ဘဲ။
အခုလည်းသူမကပိုက်ဆံသုံးသိန်းလောက်ကိုင်ပြီး တက္ကစီတစ်စီးနဲ့မြို့ထဲမှာလျှောက်ပတ်နေပြီပင်။
shopping centerထဲမှာလျှောက်သွားရင်း ကြေးအိုးဝင်သောက်လိုက် ကြက်ကြော်ဝင်စားလိုက် မုန့်ဈေးတန်းထဲပတ်ပြီးစားချင်တာတွေကောက်ထည့်လိုက်နှင့်။
ဒီကြားထဲရုပ်ရှပ်လေးပါအစစ်ကြည့်လိုက်သေးသည်။
သူမရုပ်ရှင်ရုံထဲရောက်ပြီး သူမရဲ့ခုံမှာဝင်ထိုင်လိုက်တုန်း သူမနဲ့ဘေးချင်းကပ်လျက်ခုံမှာအမျိုးသမီးတစ်ဦးကဝင်ထိုင်လိုက်လေ၏။
သူမကတစ်ခြားသူမဟုတ်ဘဲရှင်းသန့်ရူပါပါ။
''ဟာ...ခင်ချူး''
''ဪ မရှင်းသန့်...တစ်ယောက်တည်းလား''
''တစ်ယောက်တည်းပဲပေါ့...အခုလိုလာဆုံမယ်မထင်ထားဘူး...ခင်ချူးကရော အဖော်မပါဘူးလား''
''မပါဘူး ကျုပ်လည်းတစ်ယောက်တည်းပဲ''
''တို့ကဒီနေ့duty offမို့လို့လေ ခါတိုင်းလည်းဒီလိုနေ့မျိုးဆိုစိတ်အပန်းဖြေတဲ့အနေနဲ့အပြင်ထွက်လည်တတ်တယ်...ခင်ချူးလည်းအခုလိုအပြင်ထွက်တတ်တယ်ဆိုရင် တို့ကိုခင်ချူးရဲ့ဖုန်းနံပါတ်ပေးထားလေ တို့ဂျူတီမရှိတဲ့ရက်ဆိုဖုန်းလှမ်းဆက်လိုက်မယ် အတူတူထွက်လည်ကြတာပေါ့''
''အပြင်ရောက်ရင်ပေးမယ်လေ အခုတော့ရုပ်ရှင်အရင်ကြည့်ရအောင်''
''ok''
ခင်ချူးရောရှင်းသန့်ရော ရုပ်ရှင်ဆီကိုအာရုံစိုက်လိုက်ကြသည်။
သူမတို့ရုပ်ရှင်ပြီးတော့ ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ဖြစ်ကြ၏။
ရှင်းသန့်ကခင်ချူးရဲ့ဖုန်းထဲမှာသူမရဲ့နံပါတ်ကိုရိုက်ထည့်ပေးပြီး ခင်ချူးကိုပြန်ပေးလာသည်။
''အဲဒါတို့ဖုန်းနံပါတ်ပဲ...ခင်ချူးရဲ့ဖုန်းကိုလည်းတို့ဖုန်းမှာmiss calledပေးထားပြီးပြီ''
''အင်း''
''တွေ့တုန်းမေးရဦးမယ်...ခင်ချူးနဲ့ဘုန်းမြတ်တို့ ဘယ်ကနေဘယ်လိုလက်ထပ်ဖြစ်သွားလဲဆိုတာ တို့ကိုပြောပြပါလား''
''ဟို...လူကြီးကပြောထားတယ် ကိုယ့်အတွင်းရေးကိုဘယ်သူ့မှမပြောရဘူးတဲ့''
''အခုတို့ကိုပြောပြတာကို တို့နဲ့ခင်ချူးပဲသိတာလေ...တို့ကိုပြောပြပါ''
''ဟုတ်တော့လည်းဟုတ်ပါတယ် ပြောပြမယ်လေအာ့ဆို''
''အင်း''
ခင်ချူးကသူမတို့စတင်ပြီးဆုံတာကစလို့ အခုအခြေအနေထိ ရှင်းသန့်ကိုအကုန်ပြောပြလိုက်၏။
''အော်...အဲလိုလား''
''အင်း...ဒါပေမယ့်ကျုပ်တို့ကအချင်းချင်းမချစ်ကြပါဘူး''
''မချစ်ကြမယ့်အတူတူ ဘာလို့အတူဆက်ပြီးပေါင်းသင်းနေကြမှာလဲ ကွာလိုက်လေ...အဲဒါမှသူလည်းသူ့ကိုချစ်တဲ့သူ သူကလည်းချစ်တဲ့သူနဲ့တွေ့ပြီး ခင်ချူးကလည်းခင်ချူးကိုချစ်တဲ့သူ ခင်ချူးကချစ်တဲ့သူကိုတွေ့မှာပေါ့''
''ကွာလို့မရတော့ဘူး...ကျုပ်ကအပျိုရည်ပျက်သွားပြီ လူကြီးနဲ့ပဲတစ်သက်လုံးပေါင်းရတော့မှာ...ပြီးတော့ ကျုပ်တို့နှစ်ဖက်မျိုးရိုးမှာလည်း အိမ်ထောင်ကွဲတွေမရှိဘူး...ပြီးတော့ကျုပ်ချစ်ရမယ့်သူကလည်းရှိလာမှာမဟုတ်ဘူး''
''ဒီခေတ်ကြီးမှာvirginကအဓိကမှမဟုတ်တာ''
''ကျုပ်အတွက်ကတော့ဟုတ်တယ်...ကျုပ်ကတစ်ခါမှရည်းစားထားခဲ့တာမဟုတ်ဘူး ကျုပ်ကဆိုးခဲ့ပေခဲ့ပေမယ့် ကိုယ့်ကိုဘယ်သူမှလာထိပါးတာခံခဲ့တဲ့မိန်းမမဟုတ်ဘူး...ကဲပါ အဲဒါတွေပြောရတာအချိန်ကုန်တယ် ကျုပ်အိမ်ပြန်တော့မယ်...လူကြီးပြန်လာလို့ကျုပ်ပြန်မရောက်သေးရင် ကျုပ်ကိုနားမုဒိမ်းကျင့်နေလိမ့်မယ်''
''ဘာနဲ့ပြန်မှာလဲ''
''တက္ကစီနဲ့လေ''
''တို့မှာကားပါတယ် တို့လိုက်ပို့ပေးမယ်လေ''
''အဆင်ပြေတာပေါ့ တက္ကစီခသက်သာတယ်''
''အင်း''
သူမတို့ပိုက်ဆံရှင်းပြီး နေရာကထလိုက်သည်နှင့်ရှင်းသန့်ကခင်ချူးရဲ့ပုခုံးလေးကိုလာဖက်လေ၏။
''သွားစို့''
''အင်း''
ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ထည့်ပြီးစမတ်ကျကျလမ်းလျှောက်နေသောရှင်းသန့်အားမော့ကြည့်ရင်း ခင်ချူးစိတ်ထဲမှာသိမ်ငယ်သွားရသလိုပင်။
သူမကတော့လူကောင်ကသေးတဲ့အပြင်အရပ်ကပါပုချာနေသေးသည်လေ။
အမေကဘာလို့များmodelနဲ့တူအောင်မမွေးခဲ့တာလဲမသိ။
***
ဘုန်းမြတ်အိမ်ပြန်ရောက်သည်နှင့် အခန်းထဲဝင်ခဲ့တော့ ခင်ချူးကအခန်းထဲမှာပုံတော်ဖိနပ်ကြီးစီးပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေတာကိုတွေ့လိုက်ရလေသည်။
''အဲဒါဘာလုပ်နေတာလဲ''
သူ့အသံကြားတော့ခင်ချူးကသူ့ကိုမော့ကြည့်ရင်းမှ လူကဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ်သို့ခွေခနဲလဲကျသွားပါတော့သည်။
''အာ့!''
''ဟာ''
ဘုန်းမြတ် လက်ထဲကအိတ်ကိုအိပ်ရာပေါ်တင်ပြီးသူမကိုသွားထူကာ ကုတင်မှာထိုင်စေလိုက်လေသည်။
''ဘာတွေအရူးထနေတာလဲခင်ချူးရယ်...အဲ့ဖိနပ်ကဘယ်ကရတာလဲ''
''သွန်းရဲ့ဖိနပ်ကိုသွားယူထားတာ...လူကြီး ကျုပ်ကအရပ်ရှည်တာနဲ့လှလား''
''အမ်!''
''ကျုပ်မေးတာနားမရှင်းလို့လား''
''မဟုတ်ပါဘူး...အကယ်၍လှတယ်ဆိုရင်တောင်မှဘာလုပ်လို့ရဦးမှာလဲ...ဒီပုပုလေးကထပ်မရှည်လာတော့ဘူးလေ''
''လူကြီး!!''
''ကိုယ်ပြောတာဘာမှားလို့လဲ''
ထိုအခါကျပြန်တော့လည်းသူမမှာတုန့်ပြန်စရာမရှိ။
''စိတ်ညစ်တယ်...ကျုပ်အရပ်ရှည်ပြီးလူကောင်ထွားချင်တယ်လူကြီး''
''ဘာလို့လဲ ဒီအတိုင်းလေးချစ်ဖို့ကောင်းနေတာကို''
''လျှောက်ပြောနေပြန်ပြီ...ကျုပ်ကိုယ့်ကိုယ်ကိုအားမရဘူး...အရပ်ရှည်ပြီးစမတ်ကျတဲ့သူတွေကိုတွေ့ရင်အရမ်းအားကျတာပဲ...သူတို့နဲ့ယှဥ်ရင်ကျုပ်ကသေးသိမ်သွားသလိုပဲ''
''အဲဒါကခင်ချူးကကိုယ့်ကိုယ်ကိုမချစ်တတ်သေးလို့''
''.......''
''လူဆိုတာ ကိုယ့်ဖြစ်တည်မှုကိုလက်ခံပြီးချစ်တတ်ရမယ်...ပြီးတော့မိန်းကလေးတိုင်းမှာအလှကိုယ်စီရှိကြတယ်...အရပ်ရှည်လို့ပိုလှတယ် အရပ်ပုလို့မလှဘူးဆိုတာမရှိဘူး...အရပ်ရှည် ဒေါင်ကောင်းပြီး ခန္ဓာကိုယ်ကောက်ကြောင်းလှတဲ့မိန်းကလေးတွေကို စမတ်ကျတယ် မိမိုက်တယ်လို့သတ်မှတ်ရင် ပုပုသေးသေးလေးနဲ့ကောင်မလေးတွေကိုလည်းချစ်စရာကောင်းတယ်လို့သတ်မှတ်ကြတာပဲ...ကိုယ်ကတော့အရပ်ရှည်တဲ့မိန်းကလေးကိုမကြိုက်ဘူး...သူတို့ကကိုယ်နဲ့လယ်ဗယ်လိုက်နေရင် သူတို့ကိုဖက်တဲ့အခါကျရင်အဆင်မပြေဘူး...ပုပုလေးတွေဆို ရင်ခွင်ထဲတင်မြုပ်သွားရော''
''အဲဒါလည်းဟုတ်တာပဲ ဒါပေမယ့်ကျုပ်ရှည်ချင်သေးတယ်''
''ကိုယ်မှမကြိုက်တာ''
''ခင်ဗျားကြီးကြိုက်ဖို့မလိုပါဘူး''
''လိုတယ် ကိုယ်ကခင်ချူးရဲ့ယောကျ်ားလေ''
''အဲ့စကားကြီးနဲ့ခဏခဏမဏ္ဍပ်တိုင်တက်ပြမနေစမ်းပါနဲ့...ဒါနဲ့လေ ကျုပ်ဒီနေ့အပြင်သွားတာဘယ်သူနဲ့တွေ့ခဲ့လဲသိလား''
''ဘယ်သူနဲ့လဲ''
''ဟိုဆရာဝန်မနဲ့လေ...သူနဲ့ရုပ်ရှင်အတူတူကြည့်ခဲ့ပြီး ကော်ဖီပါအတူသောက်ခဲ့သေးတယ်...သူကအရမ်းလှတယ်နော် ဆရာဝန်မလုပ်ဘဲမော်ဒယ်လ်လုပ်ရမှာ''
''အော်...သိပြီ နေရင်းထိုင်ရင်းနဲ့အရပ်ရှည်ချင်သွားတာကသူနဲ့တွေ့ခဲ့လို့ကိုး''
''ဟုတ်တယ်...သူ့ကိုအားကျလို့...ခင်ဗျားကလည်းနော် ကိုယ့်ဘေးမှာဒီလောက်ထိချောတဲ့သူရှိတာကိုရအောင်ယူခဲ့မယ်မရှိဘူး''
''ကိုယ်ပြောပြီးပြီလေ...ကိုယ်ကလန်ဘားတွေကိုမကြိုက်ဘူးလို့...ကဲပါ ကိုယ်ရေသွားချိုးလိုက်ဦးမယ်နော်...ခင်ချူးလည်းအဲ့ဖိနပ်ကြီးထပ်စီးမနေနဲ့တော့ ဒီတစ်ခါဆိုသွားကျိုးနေမယ်''
''အောင်မာ...''
ခင်ချူးလက်သီးရွယ်နေတုန်းမှာပဲ ဘုန်းမြတ်ကအဝတ်အစားချွတ်ရင်းနဲ့ရေချိုးခန်းထဲဝင်သွားပြီပင်။
ခင်ချူးကတော့သွန်းရဲ့ဖိနပ်တွေကိုကောက်ပြီးအခန်းတံခါးဆီလျှောက်လာလိုက်သည်။
ဖိနပ်တွေကို ပိုင်ရှင်ဆီပြန်ပေးရဦးမယ်လေ။
မယ်မင်းကြီးမ,သွန်း...ဒီဖိနပ်တွေကိုဘယ်လိုများစီးလဲမသိ။
သူမကိုယ့်အတွေးနဲ့ကိုယ် အခန်းတံခါးကိုဖွင့်လိုက်တုန်းမှာပဲ ဘုန်းခန့်ကသွန်းရဲ့အခန်းထဲဝင်သွားတာကိုမြင်လိုက်ရလေသည်။
''ဘာလဲဟ...မဟုတ်မှ...သူတို့ကတွဲနေကြတာလား...ဟုတ်မယ် ဟုတ်မယ်...ဟော့ပေါ့စားတဲ့နေ့ကနှစ်ယောက်သား အပြုံးချင်းဖလှယ်နေကြတာ...သေချာပါပြီ...မိသွန်း နင်ငါ့ကိုလျှိုထားရဲတယ်ပေါ့ ငါ့အကြောင်းသိဦးမယ်''
ခင်ချူးစိတ်ထဲမှာကောင်းကောင်းကြီးတေးမှတ်ထားလိုက်၏။
သွန်းကသူမကိုဘယ်ကိစ္စမဆိုအမြဲပြောပြတတ်တဲ့သူဖြစ်ပြီး အခုကိစ္စကျမှမပြောပြဘူးဆိုတော့ တစ်ခုခုတော့တစ်ခုခုပဲ။
နေနှင့်ဦးပေါ့လေ။
***
C.15ဆက်ရန်