Soft

Soft

Ro se

အချစ်၏နူးညံ့ခြင်း


Chapter.11


''ခင်ချူး...သမီး''


ခင်ချူး မနက်ကအစောကြီးရေချိုးလိုက်မိပြီး လူကနေမကောင်းချင်ဖြစ်နေ၍ အခန်းထဲမှာပဲခွေခေါက်နေခဲ့၏။


အန်တီဒေဝီက သူမနေ့လည်စာဆင်းမစားလို့အခုလိုအခန်းထဲထိလာခေါ်တာပဲဖြစ်မည်။


''ဟုတ်မေမေ''


''သမီးနေမကောင်းဘူးလား...နေ့လည်စာလာမစားလို့လေ''


ခင်ချူးထင်တဲ့အတိုင်းပင်။


''ကျုပ်ဗိုက်မဆာလို့ပါမေမေ''


​ဒေါ်​ဒေဝီကညှိုးနွမ်းနေသောသူမမျက်နှာလေးကိုကြည့်ပြီး နဖူးလေးကိုလက်နဲ့အသာစမ်းကြည့်လိုက်လေသည်။


''ကိုယ်ပူရှိနေတာပဲ...ကြည့်စမ်း ဒီကလေးပေကပ်ကပ်နဲ့ လူကြီးတွေကိုဘာမှလည်းမပြောဘူး...ခဏလေးစောင့်နော် မေမေဆရာဝန်ခေါ်ပေးမယ်''


ပြောပြီးသည်နှင့်ဒေါ်ဒေဝီကအခန်းထဲကနေပြန်ထွက်လာခဲ့လိုက်လေသည်။


သိပ်မကြာလိုက်သောအချိန်မှာပဲ ဒေါ်ဒေဝီကဆရာဝန်နဲ့အတူ ခင်ချူးတို့အခန်းထဲသို့ပြန်ရောက်လာ၏။


''ဆရာ...ကျွန်မချွေးမလေးကိုသေချာလေးစမ်းသပ်ပေးပါ မင်္ဂလာပွဲနီးနေပြီမို့လို့မြန်မြန်နေကောင်းမှဖြစ်မှာ''


''ဟုတ်ကဲ့ပါ''


အန်တီဒေဝီကသူမကိုပြာနေအောင်စိတ်ပူပေးနေတော့ ခင်ချူးရင်ထဲမှာဝမ်းနည်းစိတ်တွေလှိုက်တက်လာပြီး မျက်ရည်စက်တွေကနားထင်ဆီသို့စီးကျကုန်လေသည်။


သူမအမေ့ကိုအရမ်းသတိရတာပဲ။


အမေသာရှိနေသေးရင် သူမကိုအခုလိုပဲစိတ်ပူနေရှာပါ။


''ဘာလို့ငိုနေတာလဲသမီးရယ်...နေမကောင်းတာငိုစရာမှမဟုတ်တာ...မငိုနဲ့ မငိုနဲ့''


ဒေါ်ဒေဝီကသူ့အထင်နဲ့သူ ခင်ချူးကိုနှစ်သိမ့်ပေးနေသည်ပင်။


ဆရာဝန်ပြောတာတော့သူမကဒီအတိုင်းအအေးပတ်ပြီးဖျားတာတဲ့။

ဆေးတွေလည်းပေးသွားပေမယ့် သူမ​ဗိုက်ထဲမှာအစာမရှိတာမို့ အန်တီကသူမအတွက်စားစရာတစ်ခုခုလုပ်ပေးမယ်ဆိုပြီး အခန်းထဲကပြန်ထွက်သွား၏။


ခင်ချူးလည်းလူကနေမကောင်းနေတာမို့ မှေးခနဲပြန်အိပ်ပျော်သွားပါတော့သည်။


အိပ်မက်လိုလိုတစ်ကယ်လိုလိုနဲ့ သူမနဖူးနဲ့ပါးလေးကိုတစ်ယောက်ယောက်ကလာစမ်းပြီး...


''ကိုယ်ပူမကျသေးဘူးမေမေ...ဆရာဝန်ကဘာတဲ့လဲ''


ဆိုသောဘုန်းမြတ်ရဲ့အသံကိုပါကြားလိုက်ရလေ၏။


''ဆရာကတော့အအေးမိတယ်ပြောတာပဲ...အခုသူ့အတွက်ဆေးပေးသွားတယ် သူကဘာမှမစားရသေးတော့မေမေကသူ့အတွက်ဂျုံဆီချက်လေးသွားလုပ်ပေးနေတာ ခေါက်ဆွဲလေးကျွေးပြီးမှဆေးတိုက်မလို့လေ''


ခင်ချူး မျက်လုံးကိုအားယူကာဖွင့်ကြည့်တော့ ဘုန်းမြတ်နဲ့အန်တီဒေဝီ့ကိုတွေ့လိုက်ရ၍ ခုနကအိပ်မက်မဟုတ်မှန်းသိလိုက်သည်။


''နိုးပြီလားခင်ချူး''


သူမအိပ်ရာကနေထဖို့ပြင်တော့ ဘုန်းမြတ်ကသူမကိုဆွဲထူပေးလေ၏။


''အဲဒါဆိုသားပဲသူ့ကိုဆေးတိုက်လိုက်တော့နော်သား''


''ဟုတ်မေမေ''


သူ့အမေအခန်းထဲကထွက်သွားတော့ ဘုန်းမြတ်က စားပွဲပေါ်ကခေါက်ဆွဲပန်းကန်ကိုလှမ်းယူလိုက်လေ၏။


''ဆီချက်လေးစားလိုက်နော်...ပြီးရင်ဆေးသောက်ရအောင်''


''ခင်ဗျားကဘာလို့အစောကြီးပြန်လာတာလဲ''


''မေမေကမင်းနေမကောင်းဘူးလို့ဖုန်းဆက်လို့ ငါစိတ်ပူပြီးပြန်လာတာ''


''ပြန်လာဖို့မလိုပါဘူး...အသက်နဲ့အဝေးကြီးကို''


''အဲလိုပြောလို့မရဘူးလေ...မင်္ဂလာပွဲရောက်ဖို့နှစ်ပတ်ပဲလိုတော့တာ...တော်ကြာ ပွဲနေ့ကျမှလူကပိန်ချုံးပြီးမလှဘဲနေနေမယ်...ကဲပါ အစားလေးအရင်စားလိုက်...ကိုယ်ခွံ့ကျွေးမယ်''


ခင်ချူးကသူ့စကားကိုကလန်ကဆန်လုပ်ခြင်းမရှိဘဲ သူခွံ့ကျွေးတဲ့ဆီချက်ကိုအသာတကြည်ပဲစားခဲ့သည်။


အစားစားပြီးဆေးတိုက်တော့လည်း ရှောရှောရှူရှူသောက်ရှာ၏။


ဆေးတိုက်ပြီးတော့ ဘုန်းမြတ်ကသူမအားအိပ်ရာထက်မှာပြန်လှဲအိပ်စေပြီး စောင်ပါဆွဲခြုံပေးလိုက်သည်။


''ကဲ...ပြန်အိပ်နေလိုက်နော် မြန်မြန်သက်သာအောင်လို့ တစ်ခြားဘာစားချင်တာရှိသေးလဲ''


''ရေခဲမုန့်''


''အာ...လူကနေမကောင်းဖြစ်နေတာကို အဲဒါတွေမစားနဲ့ဦး နေကောင်းပျောက်မှဝယ်ကျွေးမယ်နော်''


သူမကမျက်နှာ​တည်လေးနဲ့ သူ့ဆီက​နေအကြ​ည့်လွှဲကာ မျက်နှာကိုပါတစ်ဖက်ကိုစောင်းသွား၍ ဘုန်းမြတ်ကသူမမေးလေးကိုအသာကိုင်ပြီး သူ့ကိုပြန်ကြည့်စေလိုက်လေ၏။


''ကိုယ်ပြောနေတာတွေကခင်ချူးအတွက်ချည်းပဲ...ကိုယ့်ကိုယ်ကျိုးတစ်ခုမှမပါဘူး ခင်ချူးကိုကောင်းစေချင်လို့ပြောတာ ကိုယ်ကခင်ချူးကိုအလိုလိုက်ပြီးရေခဲမုန့်ဝယ်ကျွေးလိုက်ပြီပဲထား အအေးပတ်တာကနေတစ်ဆင့်ချောင်းဆိုးရင်ကြပ်တွေပါပါလာတော့မှာ အဲဒီအခါကျရင်ခင်ချူးပဲဝေဒနာတွေပိုခံစားရမှာ အဲလိုဖြစ်ချင်လို့လားပြော ခင်ချူးနေပြန်ကောင်းရင်ကိုယ်ဝယ်ကျွေးမယ်လို့ပြောပြီးပြီလေ အဲလိုဂျစ်မတိုက်ရဘူး''


သူကဆူနေတဲ့လေသံမဟုတ်ဘဲ ချော့မြှူဆုံးမနေတဲ့လေသံမို့ ခင်ချူးမှာအလိုလိုနေရင်းလိမ္မာလာချင်သလိုလိုပါပဲ။

ဒီလူကြီးကသေချာနားဝင်တဲ့ထိဆုံးမတတ်သည်ဆိုရမည်။


''အင်းပါ...ကျုပ်ပြောလိုက်တာသုံးလုံးတည်း ခင်​​ဗျားပြောတာအလုံးသုံးရာလောက်ရှိတယ်''


''ဆေးကတော်တော်စွမ်းတာပဲ...တစ်ခွက်ပဲသောက်ရသေးတာကို အသံကနည်းနည်းထွက်လာပြီ''


ခင်ချူးကပြုံးရိပ်သမ်းနေတဲ့မျက်နှာလေးနဲ့ သူ့ကိုမျက်စောင်းထိုးပြီးအကြည့်ထပ်လွှဲသွားပြန်သည်။


ဘုန်းမြတ်ကလ​ည်းရှည်ရှည်ဝေးဝေးစဥ်းစားမနေဘဲ သူမဘေးမှာဝင်လှဲပြီး စောင်ကိုပါအတူဆွဲခြုံကာ သူမခေါင်းလေးကိုကြွ၍သူ့လက်မောင်းပေါ်တင်လိုက်၏။


''ဘာလုပ်တာလဲ''


''အတူတူအိပ်မလို့လေ''


''ကုမ္ပဏီကိုပြန်မသွားတော့ဘူးလား''


''မသွားတော့ဘူး''


''ဒါဆိုသွန်းကရော သူပြန်ရင်ဘယ်လိုပြန်လာမှာလဲ...သူကဒီနေ့မှအလုပ်စဆင်းတာကို''


သွန်းကမနက်ဆိုဘုန်းမြတ်နဲ့အတူသွားပြီး ပြန်ရင်လည်းအတူပြန်လာဖို့စီစဥ်ထားကာမှ ပထမဆုံးရက်မှာတင်ကမောက်ကမဖြစ်သွားရသည့်အဖြစ်။


''ဘုန်းခန့်ကိုသွားကြိုခိုင်းထားတယ် မပူနဲ့''


ပြောပြီးသူကခင်ချူးခါးလေးကိုဖက်ပြီး သူမအားသူ့ရင်ခွင်ထဲပိုတိုးကာဖက်လိုက်လေသည်။


''အဖျားကူးလိမ့်မယ်''


''ကူးပါစေ...ကိုယ်ကယောကျ်ားပါ ဒီအဖျားဒဏ်လောက်ကတော့ခံနိုင်ရည်ရှိပါတယ်''


''လူကြီး(လူရီး)''


''ဘယ်လို...ဘယ်လိုခေါ်လိုက်တယ်''


သူကခင်ချူးမျက်နှာကိုမြင်ရဖို့ သူ့ဆီကနေပြန်ခွာပြီးသူမမျက်နှာလေးကိုဘေးတစ်စောင်းအထားနဲ့စိုက်ကြည့်လိုက်လေ၏။


''လူကြီးလို့ခေါ်လိုက်တာလေ ဟေ့လူတို့ ဟေ့လူကြီးတို့ကခေါ်ရတာကောင်းပေမယ့်နားထောင်ရမှမကောင်းတာ...အဲလိုခေါ်တာမကြိုက်လို့လား''


''မဟုတ်ပါဘူး...ကိုယ့်ကိုဘယ်သူမှအဲလိုမခေါ်ဖူးဘူးလေ...ချစ်ဖို့ကောင်းတဲ့နာမ်စားလေး...ကိုယ်ကြိုက်တယ်''


ဘုန်းမြတ်တစ်ကယ်ပဲထိုအခေါ်အဝေါ်လေးကိုသဘောကျမိတာပါ။

သူ့ရင်ထဲမှာနွေးခနဲဖြစ်သွားရသည်ထိ။


သူခင်ချူးမျက်နှာလေးကိုငေးစိုက်ကြည့်နေရင်းမှ ဖြူ​လျော့​နေတဲ့နှုတ်ခမ်းလေးဆီအကြည့်ရောက်သွားသည်နှင့် သူမပါးပြင်လေးကိုအုပ်မိုးကိုင်ပြီး သူမနှုတ်ခမ်းလေးဆီသို့တရွေ့ရွေ့တိုးသွားကာ သူမနှုတ်ခမ်းလွှာလေး​တွေအား အမိအရသိမ်းပိုက်ပစ်လိုက်ပါတော့သည်။


''အွန်း''


သူ့ရင်ဘတ်ကိုတွန်းဖယ်လာတဲ့ခင်ချူးရဲ့လက်ကလေးကို သူ့ရင်ဘတ်မှာဖိကပ်ထားလိုက်ပြီး အနမ်းတွေအဆက်မပြတ်ခြွေနေလိုက်၏။


အတွေ့အကြံမရှိသူပီပီ ခင်ချူးကနှုတ်ခမ်းလေးကိုတင်းတင်းစေ့ထားပြီး သူ့ကိုပြန်လည်းမတုန့်ပြန်ဘဲ ကျောက်ရုပ်လေးလိုငြိမ်သက်သွားလေသည်။


မနမ်းတတ်တဲ့ဒီကလေးကို သူနေ့တိုင်းနမ်းပေးမှဖြစ်တော့မည်။

ဒါမှအနမ်းကျွမ်းကျင်လာမည်လေ။


***


သူမကိုအစ်ကိုကလာကြိုမယ်ဆို၍ သွန်းအတော်လေးတက်ကြွနေခဲ့သည်။

အစ်ကိုသာအမြဲလာကြိုရင်သိပ်ကောင်းမှာပဲဟုလည်းတွေးမိ၏။


သူမ ကုမ္ပဏီရှေ့ကအုတ်ခုံလေးမှာထိုင်စောင့်နေတုန်း အစ်ကို့ရဲ့ကားလေးကသူမရှေ့မှာထိုးရပ်သွား၍ သွန်းထိုင်ရာမှထကာ ကားပေါ်သို့အပြေးလေးတက်လိုက်လေသည်။


''စောင့်နေတာကြာပြီလား''


''မကြာသေးပါဘူးအစ်ကို''


''အင်း''


ဘုန်းခန့်ကဘာမှဆက်မပြောဘဲ ကားကိုနေရာကနေမောင်းထွက်လာခဲ့လိုက်လေသည်။


လမ်းရောက်တော့...


''ကိုယ်ပေးတဲ့ရင်ထိုးကိုမတပ်ဘူးလား''


''သိမ်းထားတာပါ''


''ဘာလို့လဲ''


''ဟောင်းသွားမှာစိုးလို့...အစ်ကိုကအမှတ်တရပေးထားတာဆိုတော့ သွန်းကဒီအတိုင်းအမြတ်တနိုးနဲ့ပဲသိမ်းထားချင်တာ''


''မင်းလည်းအရူးတစ်မျိုးပဲ...နောက်ထပ်ငါ့ဆီကပူဆာချင်တာဘာရှိ​သေးလဲ''


''ဟင့်အင်း...မရှိပါဘူး အရင်ကလည်းမရှိခဲ့ပါဘူး အစ်ကိုကပေးလို့သာ သွန်းကလက်ခံထားတာ''


''ငါတွေ့ဖူးတဲ့မိန်းမတွေကတော့ သူတို့ကိုနည်းနည်းလေးများပစားပေးလိုက်ရင်အခွင့်အရေးတွေပိုယူလာကြတော့တာပဲ''


''သွန်းကအစ်ကိုတွေ့ဖူးတဲ့မိန်းမတွေနဲ့မတူပါဘူးနော်...သွန်းကကိုယ့်ကြောင့်တစ်ဖက်လူကစိတ်အနှောက်အယှက်ဖြစ်သွားမှာကိုအရမ်းကြောက်တယ် ကိုယ့်ကြောင့်စိတ်အေးချမ်းရပါတယ်ဆိုတာကိုပဲလိုချင်တာ''


ဘုန်းခန့် ကားကိုလမ်းဘေးတစ်နေရာမှာထိုးရပ်လိုက်ပြီး ပြောစရာစကားရှိပေမယ့်စကားစရှာမရတဲ့သူလိုမျိုး လူကနှုတ်ဆိတ်နေပေမယ့်အတွေးကတော့များနေရသည်ပင်။


''သွန်း...အကယ်​၍ ငါကသာမင်းကိုတစ်ကယ်မချစ်ခဲ့ဘူး လမ်းခွဲချင်တယ်ဆိုရင်ရော''


''ရှင်''


''အကယ်၍လို့​ပြောတာပါ''


''အဲခါကျရင်လည်း သွန်းကဆွဲမထားပါဘူး ကိုယ့်အတွက်မဟုတ်တဲ့အရိပ်အောက်မှာ ဘာအကြောင်းနဲ့မှဆက်နေစရာမရှိဘူးလေ''


''ဆိုလိုတာက လမ်းခွဲပေးမယ်ပေါ့''


''အင်း''


သူမကထိုသို့ပြောနေတာတောင်မှသူ့နှုတ်ကနေ လမ်းခွဲရအောင်ဆိုတဲ့စကားကထွက်မလာပေ။


''ပြောလိုက်တော့လေတေဇာဘုန်းခန့်...လမ်းခွဲမယ်လို့ပြောလိုက်''


သူစိတ်ထဲကနေကိုယ့်ကိုယ်ကိုတိုက်တွန်းနေပေမယ့် ပါးစပ်ကအာစေးမိနေသည့်နှယ် ဘာဆိုဘာမှထွက်မလာ။


''အစ်ကို...သွားရအောင်လေ''


''ဟင်...အင်း''


သူချက်ချင်းပဲကားစက်ကိုပြန်နှိုးလိုက်ပြီး နေရာကနေမောင်းထွက်ခဲ့လိုက်တော့သည်။


ဒီပါးစပ်တစ်ပေါက်ကအခုကျမှသုံးစားမရနေပါလား။


***


ညနေစောင်းလာတော့ခင်ချူးကအဖျားတွေပိုတက်လာလေ၏။


ချွေးစေးတွေပါထွက်နေပြီး လူကမျက်လုံးမဖွင့်နိုင်ဘဲ အသက်ရှူတွေမြန်ဆန်လာသည်။


''ဟင်းး~~''


''ခင်ချူး...ခင်ချူး''


သူ့အသံကြားတော့ခင်ချူးကမျက်လုံးလေးခပ်ဖြည်းဖြည်းချင်းဖွင့်ကြည့်လာလေသည်။


''လူကြီး...အရမ်းချမ်းတယ်''


ထိုစဥ် အခန်းတံခါးခေါက်သံနဲ့အတူ သွန်းကအခန်းထဲဝင်လာ၏။


''ခင်ချူး...နင်နေမကောင်းဘူးဆို သက်သာလား''


''အတော်ပဲသွန်း...ခင်ချူးကအဖျားတွေပြန်တက်လာပြန်ပြီ...သူ့ကိုဆေးရုံပို့မှဖြစ်မယ်''


''ဟုတ်လား...အဲဒါဆိုကိုဘုန်းမြတ်ကခင်ချူးကိုဆေးရုံအရင်သွားပို့လိုက်နော် သွန်းတို့ကလိုအပ်တာတွေယူပြီးနောက်ကလိုက်ခဲ့မယ်''


''အင်း''


သူခင်ချူးကိုယ်လေးအားပွေ့ချီလိုက်ပြီး အခန်းထဲကနေအပြေးတစ်ပိုင်းထွက်လာခဲ့လိုက်၏။


သူအောက်ထပ်ကိုရောက်တော့သူ့အမေကမျက်လုံးပြူးမျက်စံပြူးနှင့်...


''သား...ခင်ချူးဘာဖြစ်တာလဲ''


''သွန်းကိုမေးလိုက်တော့မေမေ''


သူပြောပြီးအိမ်ထဲကနေအမြန်ထွက်လာခဲ့လိုက်တော့သည်။


ခင်ချူးကလည်းသတိလည်တစ်ချက်မလည်တစ်ချက်ပင်။


***


ခင်ချူးရဲ့ခန္ဓာနဲ့ဝိညာဥ်ကတစ်သားတည်းဖြစ်သွားချိန်မှာ သူမလက်ကိုတစ်ယောက်​ယောက်ကကိုင်ထားတယ်လို့ခံစားလိုက်ရသည်။


သူမခေါင်းတစ်ခုလုံးကလည်းအုံခဲနေပြီး အသားတွေလည်းနာနေ၏။


''ဟင့်''


''ခင်ချူး...နိုးပြီလား''


သူမမျက်လုံးဖွင့်ဖွင့်ချင်းမှာပဲဘုန်းမြတ်ရဲ့မျက်နှာကိုမြင်လိုက်ရ၍ သူမရင်ထဲမှာနွေးထွေးသွားသလိုပင်။


''ဘယ်လိုနေသေးလဲ...သက်သာရဲ့လား''


''အင်း...သက်သာပါတယ်''


''ခင်ချူးသတိလစ်မတတ်ဖြစ်သွားတော့ ကိုယ်အရမ်းစိတ်ပူသွားတာ''


ထိုအခိုက် ရှင်းသန့်ရူပါကအခန်းထဲဝင်လာလေ၏။


''နိုးနေပြီလား''


''မရှင်းသန့်ရူပါ''


''ဘယ်လိုနေသေးလဲခင်ချူး''


''အစကထက်စာရင်အများ​ကြီးသက်သာပါပြီ''


''ရှင်းသန့်...သူ့ကိုအိမ်ပြန်ခေါ်သွားလို့ရပြီလား''


''ဒီညတော့စောင့်ကြည့်လိုက်ပါဦး...မနက်မှပဲဆေးရုံကဆင်းလိုက်ပေါ့''


''အင်းပါ''


ရှင်းသန့်ကခင်ချူးရဲ့လက်ဖမိုးလေးကိုဆုပ်ကိုင်ပြီးမှ ခပ်ဖွဖွပုတ်ပြီးအခန်းထဲကပြန်ထွက်သွားလေတော့သည်။


''မေမေတို့ရော''


''ကိုယ်ပြန်ခိုင်းလိုက်ပြီ...မေမေကခင်ချူးကိုအရမ်းစိတ်ပူနေတာ သူဆေးရုံစောင့်မယ်တကဲကဲလုပ်နေတာ မေမေကလူကြီးဆိုတော့ညဘက်စောင့်ရရင်ပင်ပန်းမှာစိုးလို့ပြန်ခိုင်းလိုက်တာ''


''ကျုပ်ကထင်ထားတာထက်ပျော့တယ်မလား...ခင်ဗျားလည်းစိတ်ညစ်နေမှာပဲ''


''လင်မယားကြားမှာအဲဒါတွေကပြောစရာမလိုပါဘူး...စိတ်ညစ်စရာလည်းဘာမှမရှိဘူး ခင်ချူးသာမြန်မြန်နေကောင်းအောင်လုပ်...ဟုတ်ပြီလား...အခုဗိုက်ဆာပြီလား ကိုယ်ခင်ချူးအတွက်အိုဗာတင်းဖျော်ပေးမယ် ပေါင်မုန့်လေးနဲ့စားလိုက် နော်''


''အင်း''


''လာ''


ဘုန်းမြတ်ကသူမကိုအိပ်ရာကနေထူပေးပြီး ကျောအောက်မှာခေါင်းအုံးခု၍မှီထိုင်စေလိုက်လေသည်။


ပြီးတော့သူမအတွက်အို​ဗာတင်းဖျော်ပေးပြီးအအေးခံပေး၏။


''လာ...မုန့်လေးနည်းနည်းစားလိုက်''


ခင်ချူးကသူကမ်းပေးလာတဲ့ပေါင်မုန့်နဲ့အိုဗာတင်းခွက်လေးကိုလှမ်းယူလိုက်ပြီး တို့ကနန်းဆိတ်ကနန်းနဲ့ပဲ နည်းနည်းချင်းစားရင်းနဲ့ပဲမုန့်ရောအို​ဗာတင်းပါကုန်သွားလေသည်။


''ပြန်အိပ်နေလိုက်တော့နော်...မနက်ကျရင်အိမ်ပြန်ကြမယ်''


''အင်း''


ခင်ချူးမျက်လုံးလေးတွေမှိတ်ပြီးငြိမ်သက်သွားရင်းမှ အိပ်ပျော်လုဆဲဆဲမှာပဲ သူမနဖူးလေးနွေးခနဲဖြစ်သွားခဲ့ရ၏။


ဘုန်းမြတ်နမ်းလိုက်တယ်ဆိုတာသိပေမယ့် သူမမျက်လုံးတွေကမဖွင့်နိုင်တော့ဘဲ လူကလ​ည်းလုံးဝမလှုပ်ချင်တော့ပေ။


ဒီလူကြီး ဘာလို့များသူမကိုခဏတိုင်းနမ်းနေရလဲမသိ။


ပိုပြီးထူးဆန်းသည်က သူနမ်းလိုက်တိုင်း ခင်ချူးကရင်တွေခုန်နေမိခဲ့တာပါပဲ။


***


C.12ဆက်ရန်

Report Page