Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.3


''ဟပ်ချိုး...အဟွတ်''


အသွင် ပါးစပ်လေးကိုလက်နဲ့ဖိပိတ်ရင်း ချောင်းတစ်ချက်ဆိုးလိုက်သည်။


''မမ...ရရဲ့လား ဖေဖေ့ကိုဖုန်းဆက်လိုက်ရမလား''


သူမကိုစိုးရိမ်စွာမေးလာသောမောင်ဖြစ်သူအား အသွင်လက်ကာပြရင်း...


''နေပါစေ ရတယ်...ဖေဖေလည်းအလုပ်ရှုပ်နေမှာ...ငါကရိုးရိုးအအေးမိရုံလေးပါ''


ထိုစဥ် တံခါးခေါက်သံနဲ့အတူ အနှိုင်းနဲ့အတာကသူမအခန်းထဲဝင်လာ၍ အသွင်အိပ်ရာကနေထထိုင်လိုက်လေသည်။


''ဘယ်လိုဖြစ်ရတာလဲအသွင်ရယ် မနေ့ကထိအကောင်းကြီးပါ''


အတာက ကုတင်မှာဝင်ထိုင်ရင်းမေးလာ၏။


''ဒီလိုပဲ အအေးမိသွားတာပါ''


''နင်ဆေးသောက်ထားရဲ့လား''


အနှိုင်းကမေးလာတော့ အသွင့်ရင်ထဲမှာသိမ့်ခနဲကြည်နူးရသည်။


''သောက်ထားပါတယ်''


''နင်မပေါ့နဲ့နော်အသွင်...နင်ကဖျားရင်ရက်ကြာလွန်းလို့ လူကနဂိုကတည်းကချူချာရတဲ့အထဲ ကိုယ့်ကိုယ်ကိုဂရုမစိုက်ဘူး''


အနှိုင်းကသူမကိုစိုးရိမ်နေသည်တဲ့။အသွင် နေမကောင်းနေတာတောင်မှပျောက်ချင်သွားပြီ။


''ဒီမှာ နင်ကြိုက်တတ်တဲ့မုန့်တွေငါဝယ်လာပေးတယ်အသွင်''


အတာကမ်းပေးတဲ့မုန့်ထုပ်အား ကဗျည်းကပဲလှမ်းယူလိုက်လေ၏။


''ကျေးဇူးပါပဲအစ်မ''


''ရပါတယ်''


''နင်တို့ကငါ့ဆီတမင်လာတာလား''


''အေးပေါ့...နင်ကနေမကောင်းဖြစ်ရင်အကြာကြီးပဲ ပြီးရင်အိမ်ထဲကလည်းတော်တော်နဲ့မထွက်တော့ဘူးလေ အဲဒါငါတို့ကနင်အဆင်မှပြေရဲ့လားလို့''


''ပြေပါတယ်ဟာ...အေးဆေး''


''ပြောတာပဲ''


''တစ်ကယ်''


''ထားပါ...ခုနကအန်တီဖယောင်းကနင့်အတွက်မြူစွမ်လုပ်နေတယ်ပြောတယ် ငါသွားယူလာပေးမယ်...ကဗျည်း အစ်မတို့သွားရအောင်လေ...အဲ့မုန့်ထုပ်ပါယူခဲ့ မြူစွမ်ယူရင်းနဲ့ မုန့်လေးပါထည့်ပြီးယူခဲ့ရအောင်''


''ဟုတ်ကဲ့အစ်မ''


ကဗျည်းကသူ့အစ်မကိုစိုးရိမ်ခြင်းမရှိဘဲ အတာနဲ့အတူလိုက်သွားလေ၏။


ဘာလို့ဆို အနှိုင်းကသူ့အစ်မကိုစိတ်မဝင်စားတာကိုသိနေသည်ပဲလေ။

အတာကလည်းအနှိုင်းတို့ကိုတမင်ရှောင်ပေးခဲ့တာပါ။


အတာတို့မရှိတော့တာနဲ့ တုနှိုင်း​မြတ်ကအသွင့်နဖူးလေးကိုလာစမ်းလေ၏။


''ကိုယ်ကတော့နည်းနည်းငွေ့နေတယ်...အဖျားတက်မလာခင် အခုကတည်းကဂရုစိုက်နော်''


''အင်းပါအနှိုင်းရဲ့''


''နင်အိပ်ချင်လား အိပ်ချင်ရင်အိပ်နော် နင်များများအနားယူမှဖြစ်မှာ''


''ဟင့်အင်း...ငါမအိပ်ချင်ပါဘူး''


''.......''


''အနှိုင်း...ငါမေးစရာရှိတယ်''


''မေးလေ...ဘာမေးမှာလဲ''


''ဟို...အကယ်၍ အတာ့မှာချစ်သူရှိနေရင် နင်ဘယ်လိုလုပ်မလဲ...သူ့ကိုဆက်ချစ်မှာလား''


''ဘာလဲ...သူ့မှာချစ်သူရှိနေလို့လား''


''ငါကစကားအဖြစ်ပြောတာလေဟာ''


အနှိုင်းကတစ်ခုခုကိုစဥ်းစားနေဟန်ဖြင့်...


''အင်းးး...ဆက်ချစ်မချစ်ကမသေချာဘူး...ဒါပေမယ့် ​သေချာတာတစ်ခုကတော့ ငါသူ့ဆီကအချစ်ကိုတောင်းဆိုမှာမဟုတ်တော့ဘူး''


''တစ်ကယ်လား''


''တစ်ကယ်ပေါ့...ချစ်သူရှိနေတဲ့မိန်းကလေးတစ်ယောက်ကိုတွယ်ကပ်နေရလောက်တဲ့အထိတော့ ငါမိုက်ရူးရဲမဆန်သေးပါဘူး''


ထိုစကားကအသွင့်ကိုစိတ်အေးစေသည်။


ဒါပေမယ့်လည်း အတာ့မှာချစ်သူရှိနေတဲ့အကြောင်းကိုတော့ အသွင့်နှုတ်ကနေဘယ်တော့မှပြောမှာမဟုတ်ပေ။


အနှိုင်း သူ့ဘာသာပဲသိပါစေ။


အသွင်ကတော့ သူအတာ့ကိုလက်လွှတ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘယ်သောအခါမှဂုန်းတိုက်မှာမဟုတ်ပေ။


<<<


လက်ကနာရီကိုကြည့်လိုက်တော့ ချိန်းထားတဲ့အချိန်ထက်ကျော်လွန်နေ၍ ဉာဏ်လင်းတစ်ယောက်ဂနာမငြိမ်ဖြစ်နေရသည်။


''ဘာလို့ဒီလောက်ကြာနေရတာလဲတွယ်တာရယ်...''


ခဏကြာတော့ သူရှိနေတဲ့တံတားပေါ်သို့ပြေးလာတဲ့အပြာရောင်အရိပ်ကလေးကြောင့် သူ့ရင်ထဲကအလုံးကြီးကဘုတ်ခနဲပြုတ်ကျသွားခဲ့ရတော့၏။


''မောင်''


တွယ်တာ ချစ်ရသူကိုတွေ့သည်နှင့်နှစ်ရှည်လများဝေးကွာနေသူလိုမျိုးဖက်တွယ်ထားလိုက်မိသည်။


''ဘာလို့အဲလောက်နောက်ကျနေရတာလဲတွယ်တာရယ်...မောင်အရမ်းစိတ်ပူနေတာ''


''တွယ်တာ့သူငယ်ချင်းကနေမကောင်းဖြစ်နေတော့ သူ့အကူအညီကိုယူလို့မရဘူးဖြစ်နေတာမောင်ရဲ့...အိမ်ကတွယ်တာ့ကိုအိမ်ထဲကနေတစ်​ယောက်တည်းပေးမထွက်ဘူးလေ...အခုတောင်မှ တွယ်တာ့သူငယ်ချင်းကနေမကောင်းနေလို့လူနာသတင်းသွားမေးမယ်ဆိုပြီးထွက်လာတာ​...အရေးထဲမှငှားလာတဲ့တက္ကစီသမားကလည်းမောင်းတာနှေးနေသေးတယ်''


''​မောင့်ချစ်သူလေး အရမ်းကိုစွန့်စားခဲ့ရတာပဲ''


''ဒါပေါ့ မောင်နဲ့တွေ့ချင်တာကို''


''မောင်လည်းတွယ်တာနဲ့အချိန်တိုင်းအတူရှိချင်နေပြီ''


''တွယ်တာလည်းအတူတူပါပဲမောင်ရယ်''


မောင်ကသူမအားသူ့ရင်ခွင်ထဲမှာထွေးပွေ့လိုက်သည်နှင့် အတာလည်းမောင့်အားအလိုက်သင့်လေးပြန်ဖက်ထားလိုက်တော့သည်။


ထိုစဥ်...


''တွယ်တာကို!''


ဆိုသောအသံကျယ်ကျယ်ကြောင့် အတာအလန့်တကြားနဲ့ပဲနောက်ကိုလှည့်ကြည့်လိုက်ရာ သူမအမေကသူမထံသို့ဒေါနဲ့မောနဲ့လျှောက်လာနေ၍ အတာ့ရင်ထဲမှာအေးခနဲဖြစ်သွားခဲ့ရပါတော့၏။


''မေ...မေမေ''


ဒေါ်ခင်ဦးကသမီးဖြစ်သူရှေ့ရောက်သည်နှင့်...


''အမိုက်မ''


ဟုဆိုကာ ပါးကိုပါလွှဲရို.က်ပစ်လိုက်တော့သည်။


''တွယ်တာ''


ဉာဏ်လင်းကစိုးရိမ်ကြီးစွာနဲ့တွယ်တာ့ပါးကိုလှမ်းကိုင်ဖို့လုပ်တော့ ဒေါ်ခင်ဦးကသူ့လက်ကိုဖယ်ချပစ်၏။


''ငါ့သမီးကိုမထိနဲ့''


ပြောပြီး ဒေါ်ခင်ဦးကသမီးဖြစ်သူကိုပြန်ကြည့်ကာ...


''ဒီမှာမိအတာ...ငါကနင့်ကိုမွေးထားတဲ့အမေဟဲ့ နင်ဘယ်ခြေလှမ်းလှမ်းနေလဲဆိုတာငါမသိဘူးမှတ်နေလား...နင့်မှာကြိုက်စရာအဲလောက်ရှားလို့ ဒီအကောင့်ကိုမှရွေးကြိုက်တာလားမိအတာ...နင်ငါ့ကိုပြောစမ်း!''


''နှလုံးသားကိုအမိန့်ပေးလို့မရသလို ထိန်းချုပ်လို့လည်းမရဘူးလေမေမေရယ်''


အတာကမျက်ရည်တွေကြားကနေပြန်ပြောလာ၏။


''နင်ငါ့ကိုအရည်မရအဖတ်မရတွေမပြောစမ်းနဲ့...ဒီမှာဉာဏ်လင်း နောက်ကိုငါ့သမီးနဲ့မပတ်သက်ပါနဲ့...မင်းတို့မိသားစုနဲ့ငါတို့မိသားစုကမတည့်ဘူးဆိုတာမင်းသိတာပဲ...အဲတော့မင်းရှေ့ဆက်မတိုးပါနဲ့...လာခဲ့အတာ''


အမေဆွဲခေါ်ရာကိုနောက်ကို အတာယက်ကန်ယက်ကန်နဲ့ပါသွားခဲ့ရသည်။


သူမနောက်မှာကျန်ခဲ့တဲ့မောင့်ကိုလှည့်ကြည့်တော့ မောင်ကသူမကိုဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့လှမ်းကြည့်လို့နေခဲ့လေ၏။


အတာ သူမအမေရဲ့ကားပေါ်သို့ရောက်တော့ မေမေက...


''သမီးကိုရို.က်မိတာတောင်းပန်တယ်...ဒီကိစ္စကိုဒီမှာပဲထားခဲ့တော့...သမီးအဖေသိရင်ဒီ့ထက်ပိုဆိုးမှာသိတယ်နော်...ဒီနေ့ကစပြီးအိမ်ထဲကအိမ်ပြင်မထွက်ရဘူး ဖုန်းလည်းသိမ်းမယ်...အိမ်ဖုန်းသုံးခွင့်လည်းပိတ်မယ်''


''မေမေဒါတော့တရားလွန်တာပေါ့''


''သမီးလုပ်ပုံကရော မှန်တယ်ထင်နေလို့လား...ဘာလို့အဲ့မိသားစုနဲ့သွားပတ်သက်ချင်ရတာလဲ...မေမေတစ်ခါတည်းပြောထားမယ်...ဉာဏ်လင်းတော့လုံးဝမဖြစ်ဘူး...သူနဲ့ချစ်ခဲ့တာတွေ အခုပြဿနာဖြစ်ခဲ့တာတွေကိုမေ့လိုက်တော့...သမီးအဖေသိရင်ပိုပြီးအကြောင်းဆိုးသွားမယ် ယောကျ်ားအတင်းပေးစားတာ ဒါမှမဟုတ်နိုင်ငံရပ်ခြားကိုပို့တာမခံချင်ရင် လိမ်လိမ်မာမာနေ...သမီးကိုအဲ့အခြေအနေထိရောက်မှာစိုးလို့တားနေတာ မေမေပြောတာသဘောပေါက်တယ်နော်''


အတာအော်မငိုမိအောင် နှုတ်ခမ်းလေးကိုဖိကိုက်ပြီး ကိုယ့်လက်လေးကိုဆုပ်ကိုင်ထားလိုက်မိတော့သည်။


သူမတို့ကျမှ ဘာလို့အခုလိုတွေလာကြုံနေရတာလဲ။


<<<


အသွင် လှေကားကနေခြေဖွနင်းကာဆင်းပြီး အောက်ထပ်ကိုရောက်သည်နှင့်ပတ်ဝန်းကျင်ကို​ကြွက်ချောင်း​ချောင်းကာ ခါးကိုကိုင်း၍ကုပ်ချောင်းကုပ်ချောင်းဖြင့်အိမ်ပေါက်ဝဆီသို့ဦးတည်လိုက်လေ၏။


''ဒါကဘယ်တုန်း''


နောက်ပါးဆီမှအသံကြောင့် အသွင်ခါးလေးကိုမတ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်၏။


''ကဗျည်း''


သူမမောင်ကသူမကိုခါးထောက်ကာကြည့်နေရင်းမှ အနားသို့လျှောက်လာလေသည်။


''ဘယ်လဲလို့''


''အတာ့ဆီ''


''မသွားရဘူး...နင်နေကောင်းပျောက်ထားတာမကြာသေးဘူးလေ...ဒါကိုလမ်းသလားချင်သေးတာလား''


''ငါသက်သာနေပါပြီဟ''


''ဘာပဲဖြစ်ဖြစ်မသွားရဘူး''


''ဟဲ့...ငါကနင့်အစ်မနော်...နင်ငါ့ကိုအစ်ကိုကြီးပုံစံနဲ့လာမချုပ်ချယ်နဲ့''


''မမ...ငါကနင့်ကိုစိတ်ပူလို့လေဟာ''


''ငါကလေးမဟုတ်ဘူး ဘာမှစိတ်မပူနဲ့ အတာကလည်းငါနဲ့တိုင်ပင်စရာရှိတယ်တဲ့...ငါသွားပြီ''


ပြောပြီးတာနဲ့အသွင်လည်းအိမ်ထဲကနေထွက်ခဲ့လိုက်တော့သည်။

ဒီမောင်တစ်​ယောက်နဲ့လည်းခက်တော့တာပဲ။


အတာ့ဆီရောက်တော့ နှစ်​ယောက်သားခြံထဲမှာပဲစကားပြောဖြစ်ခဲ့ကြ၏။


''အတာ...ငါနဲ့တိုင်ပင်စရာရှိတယ်ဆို''


''အင်း...ငါနဲ့မောင့်ကိစ္စကိုမေမေသိသွားပြီ''


''ဟင်!...အဲ အဲဒီတော့ရော''


''မေမေကငါတို့ကိုရှေ့ဆက်မတိုးရအောင်လုပ်ထားတယ်...ဖုန်းလည်းသိမ်းထားတယ် အိမ်ဖုန်းတောင်မှသုံးခွင့်မပေးဘူး...နင့်ကိုတောင်မှမေမေမသိခင်ဖုန်းအမြန်ခိုးဆက်ပြီးခေါ်ရတာ''


''နင်အခုဘာဆက်လုပ်မှာလဲ''


''ငါစဥ်းစားထားပြီးပြီ...ငါအခုလိုအကျယ်ချုပ်ချုပ်ခံထားရရင် ရှေ့လျှောက်ကိုမောင်နဲ့နီးစပ်ဖို့ဝေးသွားပြီ...အဲတော့ ငါအနှိုင်းကိုအသုံးချမှရမယ်''


''ဘာပြောတယ်!...နင်အခုဘာပြောလိုက်တယ်အတာ''


''ဟုတ်တယ်...ငါအနှိုင်းကိုအဖြေပေးပြီး လွတ်လပ်ခွင့်ပြန်ယူရမယ် ပြီးရင်မောင်နဲ့အတူထွက်ပြေးမယ် အဲဒါနင်ကူညီမှဖြစ်မှာ''


''ဟင့်အင်း...ငါလက်မခံနိုင်ဘူး အနှိုင်းကလည်းငါတန်ဖိုးထားရတဲ့သူတွေထဲကတစ်ဦးပါအတာရယ်...သူ့ကိုထိခိုက်စေမှာမျိုးကိုငါလက်မခံနိုင်ဘူး...နင်အဲလိုတော့မလုပ်ပါနဲ့ဟာ...ငါတောင်းပန်ပါတယ်''


အတာကသူမလက်ကိုဆုပ်ကိုင်လာပြီးမှ...


''နင်သူ့ကိုဘယ်လောက်ချစ်လဲဆိုတာငါသိပါတယ်အသွင်...ဒါပေမယ့်လည်း ငါမောင်နဲ့မခွဲနိုင်ဘူး အနှိုင်းမုန်းလည်းငါခံမယ်...ပြီးတော့ အနှိုင်းကငါ့ကိုတစ်ကယ်မချစ်ပါဘူး...သူကငါနဲ့အနေနီးပြီးသံယောဇဥ်တွယ်တာကိုအချစ်လို့အထင်မှားနေတာ...ပြောရရင် သူကငါ့ကိုချစ်တာမဟုတ်ဘဲကြိုက်တာ ငါ့အလှအ​ပပေါ်မှာခုံမင်ယစ်မူးတာကိုအချစ်လို့ထင်နေတာ ငါသူ့ကိုလှည့်စားမိလည်းငါ့ကိုနာကျည်းရုံကလွဲလို့ဘာမှထူးထွေပြီးခံစားရမှာမဟုတ်ဘူး''


''အဲဒါနင့်အထင်လေ...ဘယ်လိုပဲဖြစ်ဖြစ် အလှည့်စားခံလိုက်ရတဲ့သူတစ်ယောက်က အနည်းနဲ့အများတော့စိတ်ဒဏ်ရာရကြမှာပဲ...ငါအနှိုင်းကိုအဲလိုအဖြစ်မခံနိုင်ဘူး''


''နင်ကငါ့ဘက်မှာမရှိတော့ဘူးလားအသွင်...ငါ့ကိုမသနားတော့ဘူးလား''


အသွင်ဘာမှဆက်မပြောမိဘဲ အတာ့ဆီကနေအကြည့်လွှဲထားလိုက်မိလေသည်။


''ရတယ်လေ...မောင်နဲ့မနီးရမှတော့ ငါကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်ရုံပဲ''


ထိုစကားကြားတော့ အသွင်ထိတ်လန့်သွားခဲ့ရလေ၏။

သူမအဖြစ်ကတစ်ကယ်ကိုကျဥ်းထဲကြပ်ထဲရောက်နေတာပင်။

တစ်ဖက်ကနှလုံးသားတစ်ခုလုံးပုံ​အော​ပြီးချစ်ရတဲ့သူ တစ်ဖက်ကအချစ်ဆုံးသူငယ်ချင်း...

အသွင့်အနေနဲ့ဘယ်လိုလုပ်သင့်လဲ။


''အတာ...နင်အဲလိုတွေလျှောက်မလုပ်ပါနဲ့...ငါ ငါကူညီပါ့မယ်...ဒါပေမယ့် အနှိုင်းကိုတော့အချိန်အ​ကြာကြီးအသုံးမချပါနဲ့ဟာ မဟုတ်ရင်သူ့ဘက်ကအနက်ရှိုင်းဆုံးတွယ်ငြိသွားပြီး ပြဿနာတွေပိုရှုပ်ကုန်မှာစိုးလို့''


''စိတ်ချနော်...နင့်ရဲ့အနှိုင်းကိုမထိခိုက်စေရပါဘူး''


အသွင် ခေါင်းအသာညိ​တ်ပြလိုက်တော့သည်။


အသွင့်အနေနဲ့ အခုလိုကြားညပ်ခဲ့ရတဲ့အခြေအနေမှာ အတာ့ဘက်ကိုအားသာသွားခဲ့တာမှန်လားမှားလားမသိချေ။


ထိုရွေးချယ်မှုမှာ သူမရဲ့မသိစိတ်ထဲကနေဖြစ်ပေါ်လာတဲ့ အတာနဲ့သူ့ချစ်သူသာမဆုံစည်းခဲ့ရင် တစ်ချိန်ချိန်မှာအတာကအနှိုင်းကိုပြန်ချစ်သွားမှာဆိုသောစိတ်ကလေးကလည်းတစ်စွန်းတစ်စပါဝင်နေခဲ့သည်ထင်ပါရဲ့။


<<<


C.4ဆက်ရန်။

Report Page