Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.22[Final]


''အနှိုင်း''


နေ့လည်စာအတွက်ပြင်ဆင်ချက်ပြုတ်နေသောအနှိုင်းဆီသို့ အသွင်တိုးကပ်သွားလိုက်ပြီး ခါးကိုနောက်ကနေသိုင်းဖက်လိုက်၏။


အနှိုင်းလည်းရုတ်တရက်မို့ကြောင်အ,သွားရသည်။


''ထူးထူးဆန်းဆန်းပါလား''


''ဘာလဲ...ငါကကိုယ့်ယောကျ်ားကိုဖက်ခွင့်မရှိဘူးလား''


သူမဆီကအသုံးအနှုန်းတွေကြောင့် အနှိုင်းသူမလက်လေးကိုအသာဆွဲဖြုတ်ပြီး သူမနဲ့မျက်နှာချင်းဆိုင်ကာရပ်လိုက်သည်။


''ဘယ်လိုအသွင်''


''ငါနင့်ကိုမေ့သွားပြီးနောက်ပိုင်းမှာ အိပ်မက်တွေခဏတိုင်းမက်တယ်...နင်လည်းသိမှာပါ''


''......''


''အဲ့အိပ်မက်တွေက တဖြည်းဖြည်းနဲ့အိပ်မက်သပ်သပ်မဟုတ်ဘူးဆိုတာငါသိလာတယ်...ပြီးတော့ ငါလည်းနင့်ကိုပြန်မှတ်မိလာပြီ''


''တ တစ်ကယ်လားအသွင် နင်ငါ့ကိုပြန်မှတ်မိပြီပေါ့ဟုတ်လား''


''အင်း''


''ဟာ...အသွင်ရာ''


သူဝမ်းသာအားရနဲ့ပဲ သူမအားဖက်တွယ်လိုက်တော့၏။


''ငါဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးဟာ...နင်ငါ့ကိုမမှတ်မိတော့ဘူးလို့ထင်နေတာ''


''ငါကနင့်ကိုချစ်ခဲ့ရတဲ့သူပဲ...ငါနင့်ကိုမမှတ်မိလာစရာအကြောင်းမရှိပါဘူး''


အနှိုင်း သူမကိုဖက်ထားရာမှခွာလိုက်ပြီး သူမမျက်နှာလေးကိုစိုက်ကြည့်လိုက်၏။


''ငါ့ကိုနောက်တစ်ခေါက်ထပ်ပြောစမ်းပါဦး''


''ငါနင့်ကိုချစ်တယ်အနှိုင်း...အရင်ကတည်းကချစ်လာရတာ...နင်ကမမြင်ခဲ့ပေမယ့်ပေါ့လေ''


''ဟုတ်ပါတယ်...ငါကငတုံးကောင်ပါ နင့်ကိုတစ်ချိန်လုံးနာကျင်အောင်လုပ်ခဲ့မိတယ်...ငါတောင်းပန်ပါတယ်အသွင်ရယ်''


''ဟင့်အင်း...နင်ငါ့ကိုချစ်တယ်မလားဟင်''


''ချစ်တာပေါ့...ငါသိပ်ချစ်တာပေါ့''


''အဲဒါဆိုရပြီ...အရင်ကအကြောင်းတွေမေ့လိုက်တော့နော်...ငါတို့တစ်ယောက်နဲ့တစ်ယောက်အမြဲချစ်သွားကြမယ်''


သူအသွင့်အားနောက်တစ်ကြိမ်ဖက်ထားလိုက်တော့၏။

အခုသူတို့ကြားမှာဘယ်လိုစိတ်ဒုက္ခမှမရှိတော့ပါဘူး။


<<<


''တီတောင်...တီတောင်''


အခန်းရှေ့ကဘဲလ်သံကြောင့် ဉာဏ်လင်းတံခါးလာဖွင့်ကြည့်လိုက်တော့ သူ့ယောက္ခမတွေဖြစ်နေ၍သူတအံ့တသြဖြစ်နေတုန်း အတာကလည်းအခန်းထဲကထွက်လာပြီး...


''မောင်...ဘယ်သူလာတာလဲ''


သူမအခန်းသံတံခါးကြားကိုလှမ်းကြည့်လိုက်တော့ သူမမိဘတွေဖြစ်နေတာကြောင့် အတာ့ရင်ထဲမှာဝမ်းသာမှုတွေလှိုက်တက်သွားခဲ့တော့သည်။


''ဖေဖေနဲ့မေမေ''


''တံခါးကမဖွင့်တော့ဘူးလား''


ဉာဏ်လင်းကပြာကယာနဲ့ပဲ တံခါးဖွင့်ပေးလိုက်တော့ ဦးသက်နောင်နဲ့ဒေါ်ခင်ဦးတို့ကအခန်းထဲသို့ဝင်လာပြီး ဧည့်ခန်းထဲမှာသွားဝင်ထိုင်လိုက်ကြလေ၏။


အတာလည်းမိဘတွေနောက်ကလိုက်သွားပြီး ဆက်တီခုံမှာဝင်ထိုင်ရင်း...


''ဖေဖေနဲ့မေမေ...အတာ့ဆီလာတာလားဟင်''


''အင်း''


''အတာဝမ်းသာလိုက်တာ...အတာလေ ဖေဖေနဲ့မေမေ့ကိုလွမ်းနေတာ''


ဉာဏ်လင်းကလည်းအတာ့ဘေးမှာလာကပ်ထိုင်လိုက်သည်။


''ဘာလို့တိုက်ခန်းလဲ...ပြီးတော့နေတာကလည်းအပေါ်ဆုံးအလွှာမှာ...အဲလိုနဲ့အတက်အဆင်းလုပ်ရင်း လှေကားပေါ်ကချော်ကျရင်ဘယ့်နှယ်လုပ်မလဲ''


မေမေ့စကားကြားတော့ အတာဝမ်းသာမျက်ရည်လေးတွေကျလာရ၏။


''ဖေဖေတို့အတာ့ကိုခွင့်လွှတ်ပေးပြီလား''


ဦးသက်နောင်ကသမီးကိုစိတ်မကောင်းသလိုကြည့်ရင်း သမီးဘေးမှာလာဝင်ထိုင်ကာ ပုခုံးလေးကိုဖက်ပြီးသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။


''သမီးကဖေဖေတို့သွေးကနေဖြစ်လာတဲ့ကလေးလေ...ဖေဖေတို့ကဘာလို့ခွင့်မလွှတ်ဘဲနေရမှာလဲ...အခုကိုယ်ဝန်ရှိနေပြီဆိုတော့ ဒီမှာမနေနဲ့တော့...ဖေဖေတို့ကသမီးတို့နေဖို့အတွက်အိမ်စီစဥ်ပေးမယ်...အဲ့မှာနေကြ ဟုတ်ပြီလား''


''ကျေးဇူးတင်ပါတယ်ဖေဖေရယ်...ဖေဖေတို့အတာကိုခွင့်လွှတ်တယ်ဆိုရုံနဲ့တင် အတာ့အတွက်လုံလောက်နေပါပြီ''


အတာ အမေဖြစ်သူကိုလှမ်းကြည့်လိုက်တော့ သူမမေမေကသူမကိုပြုံးပြလာ၍ အတာ,မေမေ့ဆီသွားပြီး ရင်ခွင်ထဲတိုးဝင်ကာငိုမိပြန်သည်။


''မေမေ...အတာ့ကိုခွင့်လွှတ်ပါနော်''


''သမီးဖေဖေပြောသလိုပဲလေ...သမီးကမေမေတို့ရဲ့တစ်ဦးတည်းသောသမီးလေး...အဲတော့ ကြာကြာစိတ်မဆိုးနိုင်ပါဘူး''


ဒေါ်ခင်ဦး သမီးရဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်၏။


ထို့နောက်မှာတော့ ဉာဏ်လင်းနဲ့အတာတို့ သူတို့မိဘတွေကိုကန်တော့ခဲ့ကြပြီး မိဘတွေဆီကဆုမွန်ကောင်းတွေကိုခံယူခဲ့ကြတော့သည်။


အတာ့အတွက်တော့ဒီနေ့လေးကဘဝမှာအပျော်ရဆုံးနေ့တွေထဲကတစ်နေ့ပါပဲ။


<<<


''တစ်ကယ်လားအတာ...ငါအရမ်းဝမ်းသာတာပဲဟယ်...အဲဒါဆိုနင်တော့အတော်ပျော်နေပြီပေါ့''


အတာကသူမကိုဖုန်းဆက်ပြီး မိဘတွေဆီကခွင့်လွှတ်မှုကိုရပြီဖြစ်ကြောင်းပြောပြလာ၍ အသွင်ပါသူမနဲ့အတူဝမ်းသာခဲ့ရသည်။


''ဒါပေါ့ဟာ...အခုအပျော်ကဘာနဲ့မှမတူဘူး...ငါလည်းကလေးရလာမှပဲ မိဘမေတ္တာကိုနားလည်တော့တယ်...ဒါနဲ့ နင့်ကလေးနဲ့ငါ့ကလေးကရွယ်တူနော်''


''ငါလည်းအဲဒါပဲတွေးနေတာ...ငါတို့ကလေးတွေလည်းငါတို့လိုမျိုးအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာမှာသိလား''


''အင်းနော်...ဘာပဲဖြစ်ဖြစ် ငါနင့်ကိုကျေးဇူးတင်ပါတယ်အသွင်...ငါ့ဘက်မှာအမြဲရပ်တည်ပေးခဲ့လို့ပါ...နင်ချစ်တဲ့သူထက်ငါ့ကိုရွေးပေးခဲ့တာနဲ့တင် နင်ငါ့အပေါ်မှာဘယ်လောက်သံယောဇဥ်ကြီးလဲဆိုတာငါသိခဲ့ရပါတယ်...အဲ့အတွက်ငါလည်းနင့်ကိုချစ်တယ်နော်''


''မိန်းမ...ပိုကိုပိုတယ်''


''တစ်ကယ်ပြောတာပါကောင်မစုတ်လေးရဲ့''


''အေးပါ...ယုံပေးပါမယ်...ဒါပဲနော်အတာ''


''အေး...နောက်မှတွေ့မယ်''


''အင်း''


အသွင်ဖုန်းချပြီးသည်နှင့် အနှိုင်းကသူမဘေးမှာလာဝင်ထိုင်လေသည်။


''အတာလား''


''အင်း...သူ့မိဘတွေကသူ့ကိုခွင့်လွှတ်လိုက်ပြီတဲ့''


''ငါထင်ပြီးသားပါ...ဘယ်မိဘကမှကိုယ့်သားသမီးကိုမစွန့်ပစ်နိုင်ဘူး...အခုသူအတော်ပျော်နေမှာပဲ''


''အင်း...သိပ်ပျော်နေတာ...နင်ရော သူ့ကိုခွင့်လွှတ်တယ်မလား''


''ခွင့်လွှတ်ပါတယ်...သူ့ကြောင့်ပဲငါကငါ့နှလုံးသားကိုသေချာနားလည်လာတာ...သူ့ကြောင့်ပဲငါကနင်နဲ့နီးစပ်ခဲ့တာ...ငါနင့်ကိုချစ်တယ်အသွင်...အဲဒါအမြဲတမ်းအတွက်ပဲသိလား''


''ငါလည်းအတူတူပါပဲ...နင်ကငါ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်ပါ''


သူအသွင့်ရဲ့နဖူးလေးထက်ကိုအနမ်းခြွေပြီး သူမအားရင်ခွင်ထဲမှာထွေးပွေ့ထားလိုက်တော့သည်။


<<<


နွေဦးရာသီမို့ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီးလွမ်းမောဖွယ်ရာအတိနဲ့။


ခြံထောင့်ကပိတောက်ပင်တွေကလည်း ရွက်ဟောင်းတွေကြွေပြီးရွက်သစ်တွေဝေနေပါပြီ။


ခြံရှေ့ကခေါင်းလောင်းလေးလှုပ်ခတ်သွားသံကြောင့် အသွင်အိမ်ထဲကထွက်လာတော့ အနှိုင်းကသမီးကိုပွေ့ချီပြီး သမီးရဲ့ကျောပိုးအိတ်လေးကိုလက်ဖျံမှာချိတ်၍ အိမ်ဘက်သို့တရွေ့ရွေ့လျှောက်လာနေတာကိုတွေ့လိုက်ရလေသည်။


အခုချိန်ထိ အနှိုင်းကဒီမိသားစု​အပေါ်မှာအချစ်ရောတာဝန်ပါမလျော့သေးပါဘူး။


အနှိုင်း အိမ်လေးဆီလျှောက်လာနေတုန်း အသွင်ကပန်းနုရောင်​ဗိုက်ဖုံး​အင်္ကျီလေးတကားကားနဲ့သူတို့ထံသို့လျှောက်လာလေ၏။


''ပြန်လာပြီလားသမီး...ကျောင်းမှာပျော်ခဲ့ရဲ့လား''


သူတို့နားရောက်သည်နှင့်အသွင်ကမေးသည်။


''ဟုတ်...ပျော်တယ်မေမေ...ကဗျာတွေလည်းဆိုရတယ်''


''ဟုတ်လား...ပြီးရင်ဖေဖေနဲ့မေမေကိုပြန်ဆိုပြနော်''


''ဟုတ်''


အသွင်က အနှိုင်းလက်မှာချိတ်ထားတဲ့သမီးရဲ့ကျောပိုးအိတ်လေးကိုဆွဲဖြုတ်ပြီး သူ့လက်ကိုသူမပုခုံးပေါ်သို့တင်ကာ သူ့ခါးကိုပါသိုင်းဖက်လာခဲ့လေသည်။


ပြီးတော့သူ့ကိုသွားတန်းလေးတွေပေါ်အောင်ရယ်ပြလာ၏။


''ငါ့မိန်းမကတော့အခုထိကြောင်လေးတစ်ကောင်လိုကပ်ချွဲနေတုန်းပဲ''


''နင်ပဲအရင်ကတော့ငါ့ကိုနင့်အနားမှာကြောင်လေးတစ်ကောင်လိုကပ်နေစေချင်တာဆို...အခုတော့အဲ့စကားတွေမေ့သွားပြီလား''


''မမေ့ရပါဘူး...နင်နဲ့ပတ်သက်လာရင် ငါဘာကိုမှမမေ့ဘူး...ပြီးတော့အမြဲတမ်းချစ်တယ်''


''ငါလည်းနင့်ကိုချစ်တယ်''


''ဖေ​ဖေနဲ့မေမေ Let's go''


''ဟုတ်ပြီဟုတ်ပြီ...Let's go''


သူတို့တစ်ယောက်မျက်နှာတစ်​ယောက်ကြည့်ပြီးရယ်လိုက်မိတော့သည်။


ခြံထဲကနှင်းဆီတွေက သူတို့မိသားစုနဲ့အတူထပ်တူပျော်ရွှင်ပြီး သူတို့အချစ်ကိုဂုဏ်ပြုနေသည့်သဖွယ် သူတို့ရဲ့ရနံ့လေးတွေကိုခြံဝန်းအတွင်းမှာဖြန့်ကျက်နေပြီး လေလာရာအတိုင်းယိမ်းနွဲ့လို့.....


<<<


ပြီးပါပြီ။

Report Page