Rose
Ro seသူ့အချစ်မှလွဲလို့
Chapter.21
အနှိုင်း showroomထဲကနေ သူ့ရုံးခန်းထဲဝင်လာပြီး စားပွဲပေါ်ကဖုန်းကိုယူကြည့်လိုက်ရာ အသွင်ကသူ့ကိုဖုန်းခေါ်ထား၍ သူဖုန်းပြန်ခေါ်မယ်လုပ်တော့ အန်ကယ်မော်ကွန်းကသူ့ကိုဖုန်းအရင်ခေါ်လာလေသည်။
ထို့ကြောင့် သူဖုန်းအမြန်ကိုင်လိုက်၏။
''ဟဲလိုအန်ကယ်''
''အနှိုင်း...သမီးဆေးရုံရောက်နေတယ်''
''ဗျာ!''
သူချက်ချင်းပဲထိုင်ရာမှထရပ်လိုက်မိလေသည်။
''မင်းဆေးရုံကိုလာခဲ့လိုက်ဦး''
''ဟုတ်ကဲ့အန်ကယ်...အခုပဲလာခဲ့ပါ့မယ်''
သူဖုန်းချပြီးသည်နှင့် ရုံးခန်းထဲကနေပြေးထွက်လာခဲ့လိုက်တော့၏။
အသွင်သာတစ်ခုခုဖြစ်သွားရင်တော့...
သူကားကိုအမြန်မောင်းလာမိတာကြောင့် ဆေးရုံကိုဘယ်လိုရောက်လို့ရောက်လာမှန်းမသိချေ။
သူအသွင်ရှိနေတဲ့အခန်းဆီရောက်တော့ သူမကပွန်းပဲ့ဒဏ်ရာတွေနဲ့ သတိလစ်နေသလားအိပ်နေသလားမသိ။
''အန်ကယ်''
သူ့အသံကြားတော့ အန်ကယ်မော်ကွန်းရောအန်တီဖယောင်းရော ပြီးတော့ကဗျည်းကပါသူ့ကိုလှည့်ကြည့်လာလေသည်။
သူ့ကိုတွေ့တော့ကဗျည်းက သူ့ဆီလွှားခနဲရောက်လာပြီးမှ သူ့အင်္ကျီကော်လံစကိုဆွဲ၍...
''မင်းငါ့အစ်မကိုဘာလို့တစ်ယောက်တည်းပစ်ထားတာလဲ...အတော်လို့များဗိုက်ကိုထိသွားရင်ဘယ်လိုလုပ်မလဲကွ''
''ဘာ...ဘာပြောတယ်...ဗိုက် ဟုတ်လား''
''ငါ့အစ်မမှာကိုယ်ဝန်ရှိနေတာမင်းမသိဘူးလား''
ထိုစဥ် အသွင်ကအိပ်ပျော်နေရာမှနိုးလာပြီး...
''ကဗျည်း...နင်သူ့ကိုအခုလွှတ်လိုက်စမ်း...သူကနင့်အစ်မယောကျ်ားနော် မင်းတွေငါတွေပြောရအောင်က သူ့ကိုနင်နဲ့ရွယ်တူများမှတ်နေလား''
ထိုအခါမှကဗျည်းကသူ့ကိုလွှတ်ပေးလာသည်။
သူလည်းအသွင့်နားသို့သွားလိုက်ပြီး သူမလက်ကလေးကိုဆုပ်ကိုင်လိုက်၏။
''အသွင်...နင့်မှာကိုယ်ဝန်ရှိနေတာလား''
''အင်း...ကျွန်မရှင့်ကိုပြောချင်လို့ အိမ်ကနေထွက်လာခဲ့တာ...အဲဒါ လမ်းတစ်ဖက်ကကားကဘရိတ်ပေါက်တယ်ထင်ပါတယ် အဲ့ကားကကျွန်မကားရှေ့ရောက်လာပြီးဝင်တိုက်လိုက်တာ''
''ဖြစ်ရတယ်အသွင်ရာ...ငါပြန်လာရင်ပြောလို့ရတာပဲကို''
''ကျွန်မကရှင်ပြန်လာတဲ့အထိမှမစောင့်နိုင်တာ...အခုရှင်ကလေးအဖေဖြစ်တော့မှာ ဝမ်းမသာဘူးလား''
''ဘယ်လိုများမေးလိုက်ပါလိမ့်...ငါအရမ်းဝမ်းသာတာပေါ့...အခုဗိုက်ကိုမထိသွားတာဘယ်လောက်ကံကောင်းလဲ...နင်သာတစ်ခုခုဖြစ်သွားရင် ငါရင်နာလို့ဆုံးမှာမဟုတ်ဘူး''
မော်ကွန်း သူ့ဘေးကဇနီးရဲ့ကျောလေးကိုသိုင်းဖက်ပြီးအသာပုတ်လိုက်တော့ ဖယောင်းကအလိုက်တသိနဲ့ပဲအခန်းထဲကထွက်သွားပေးပြီး မော်ကွန်းလည်းသူမနောက်ကနေလိုက်လာခဲ့လိုက်တော့၏။
ကဗျည်းကလည်းမှုန်တေတေနဲ့ပဲသူ့မိဘတွေနောက်ကလိုက်လာခဲ့လိုက်လေသည်။
''အခုသက်သာရဲ့လားအသွင်...နင်ဘယ်နားနာနေသေးလဲ''
''ဟင့်အင်း...မနာတော့ပါဘူး...အနှိုင်း''
''ဘယ်လိုခေါ်လိုက်တယ်''
''ရှင်ကိုအားလုံးကအဲလိုခေါ်ကြတာပဲမလား...ကျွန်မခေါ်လို့မရလို့လား''
''မဟုတ်ပါဘူး...နင့်ဆီကအဲ့နာမ်စားကိုမကြားရတာကြာပြီလေ...ငါအရမ်းလွမ်းနေတာ''
အသွင်နှုတ်ခမ်းလေးကိုကော့ညွတ်ကာပြုံးလိုက်လေ၏။
အတိတ်တုန်းက သူအသွင့်ကိုနာကျင်အောင်မလုပ်ဖူးသလို သူ့ကြောင့်အသွင်လည်းမနာကျင်ခဲ့ရဖူးဘူးလို့ အသွင်သတ်မှတ်နိုင်ပါတယ်။
ဘာလို့လဲဆိုတော့ အခုလက်ရှိမှာအသွင်ကသူ့အချစ်ကိုရနေပြီမို့ အတိတ်ကိုထည့်မတွက်တော့ပါဘူး။
အသွင်သူ့ကိုချစ်တယ်...အရင်ကသူ့ဆီကနေမျှော်လင့်ခဲ့ဖူးတဲ့အချစ်ကိုလည်းအခုရခဲ့တယ်...
ဒီလောက်ဆိုဘာမှမလိုတော့ပါဘူး။
<<<
အတာ,မောင့်ရဲ့တိုက်တွန်းမှုကြောင့် သူမကိုယ်ဝန်အကြောင်းကိုမိဘတွေကိုလှမ်းပြောခဲ့သည်။
သူမမိဘတွေအရမ်းပျော်သွားမယ်လို့တော့မမျှော်လင့်ခဲ့ပါဘူး။
''ဟဲလို မေမေ...''
''ဘာလဲ''
''ဟို...အတာ့မှာကိုယ်ဝန်ရှိနေပြီမေမေ''
တစ်ကယ်လည်းသူမထင်တဲ့အတိုင်းပါပဲ။
မေမေက...
''ဟုတ်လား...ကောင်းပါတယ်...ဒါပဲမလား''
ဟုဝတ်ကျေတန်းကျေသာတုန့်ပြန်လာသည်။
''ဟုတ်ကဲ့မေမေ...ဒါပါပဲ''
သူမစကားဆုံးသည်နှင့် မေမေကဖုန်းချသွားလေ၏။
အတာလည်းစိတ်မထိန်းနိုင်ဘဲ မောင့်ရင်ခွင်ထဲမှာမှီချပြီးရှိုက်ကြီးတငင်ငိုမိပါတော့သည်။
''မငိုပါနဲ့တော့တွယ်တာရယ်...မောင်တို့တာဝန်ကျေပြီပဲ...သူတို့ဘက်ကလိုလားတာမလိုလားတာကမောင်တို့နဲ့မဆိုင်တော့ဘူးလေ...ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့''
''မောင်...တွယ်တာကဖေဖေနဲ့မေမေတို့ရဲ့သမီး ဘယ်တော့မှပြန်မဖြစ်နိုင်တော့ဘူးလားဟင်...တွယ်တာအရမ်းဝမ်းနည်းတာပဲ''
''တစ်နေ့နေ့တော့တွယ်တာလိုချင်သလိုဖြစ်လာမှာပေါ့''
တွယ်တာကသူ့ရင်ခွင်ထဲမှာငိုမြဲငိုနေဆဲပါပဲ။
<<<
''အသွင်...ထမင်းစားရအောင်လေ''
အသွင်ခေါင်းကိုက်လို့ အိပ်ရာထဲမှာခွေခေါက်နေတုန်း အနှိုင်းကအခန်းထဲဝင်လာပြီးသူမနားခပ်တိုးတိုးကပ်ကာခေါ်လာ၏။
''မစားချင်ဘူး...ခေါင်းကိုက်လို့''
''အရမ်းဆိုးနေတာလား...ငါအန်ကယ်ကနေတစ်ဆင့်ဆရာဝန်ပင့်လိုက်မယ်''
''ရပါတယ်...အိပ်လိုက်ရင်သက်သာသွားမှာပါ''
''ထမင်းလေးတော့စားမှဖြစ်မှာပေါ့...ပြီးရင်ဆေးသောက်ရဦးမှာ...အကယ်၍ထမင်းမစားချင်ရင်လည်းငါတစ်ခုခုလုပ်ပေးမယ်လေ''
''ဟိုဟာ ကျွန်မသံပုရာသီးစားချင်တယ်''
''ဟမ်!...သံပုရာသီးကိုဘယ်လိုစားချင်တာလဲ''
''အလုံးလိုက်ကိုက်စားမှာပေါ့...အခွံခွာပြီးယူခဲ့ပေးပါလား...ငရုပ်သီးမှုန့်လေးပါဖြူးခဲ့ပေး''
''အင်းပါ...ခဏစောင့်နော်''
ပြောပြီးသူကအခန်းထဲကထွက်သွားပါတော့သည်။
အချိန်တစ်ခုထိကြာတော့ သူကပန်းကန်ပြားထဲမှာသံပုရာသီးသုံးလုံးကိုအလုံးလိုက်အခွံခွာပြီး ငရုပ်သီးမှုန့်ဖြူးကာ သူမဆီသို့ယူလာပေးလေ၏။
''အသွင်...ရပြီနော်''
အသွင်အိပ်ရာကနေအားယူကာထလိုက်ပြီး သူ့လက်ထဲကသံပုရာသီးပန်းကန်ကိုယူလိုက်သည်။
ပြီးတော့သံပုရာသီးတစ်လုံးကိုယူကာ ရှေ့သွားနဲ့ကိုက်စားလိုက်တာကြောင့် အနှိုင်းပါးကြောတွေတောင့်သွားရပြီး မျက်နှာပါရှုံ့မဲ့သွားရလေ၏။
''စားလို့ကောင်းလိုက်တာ''
''ကောင်းရင်ကိုယ့်ဘာသာပဲစားနေခဲ့တော့...ငါနင့်ကိုဆက်မကြည့်နိုင်တော့ဘူး...ကြာရင်ငါ့သွားတွေအလိုလိုနေရင်းကျွတ်ထွက်ကုန်တော့မယ်''
ပြောပြီးအနှိုင်းကအခန်းထဲကနေထွက်သွားပါတော့သည်။
အသွင်လည်းသူ့ကိုလိုက်ကြည့်ရင်းနဲ့ရယ်လိုက်မိလေ၏။
အသွင်သူ့ကိုပြောပြလိုက်ရင်ကောင်းမယ်ထင်တယ်။
သူမအားလုံးကိုသတိရနေပြီလို့လေ။
<<<
C.22ဆက်ရန်။