Rose
Ro seသူ့အချစ်မှလွဲလို့
Chapter.18
အတာတို့ပြန်သွားတော့ အသွင်ခေါင်းကိုက်နေတာနဲ့ပဲ အခန်းထဲဝင်ပြီးခဏလှဲရင်းကနေ အိပ်မက်တွေမက်တဲ့ထိအိပ်ပျော်သွားခဲ့သည်။
သူမအိပ်မက်ထဲမှာယောကျ်ားတစ်ယောက်ကိုတွေ့ခဲ့၏။
သူ့မျက်နှာနဲ့အသံကိုမမြင်ရမကြားရပေမယ့်လည်း သူ့ကြောင့်အသွင်ငိုချင်နေသလိုပါပဲ။
''အသွင်''
''မသွားနဲ့''
အနှိုင်း သူမကိုစိတ်ပူလို့အခန်းထဲဝင်ခဲ့တော့ အသွင်ကအိပ်ပျော်နေရာမှ မျက်ခုံးလေးတွေစုကျုံ့ပြီးခေါင်းကိုပါဘယ်ညာယိမ်းနေ၍ သူကုတင်မှာဝင်ပြီးအသွင့်ပုခုံးလေးကိုလှုပ်နှိုးလိုက်ရာ သူမကသူ့လက်ကိုအတင်းဖမ်းဆုပ်လာလေ၏။
''မသွားပါနဲ့''
''ငါရှိတယ်နော်...ဘယ်မှမသွားဘူး''
သူ့လက်ကိုဆုပ်ကိုင်ထားတဲ့အသွင့်လက်ဖမိုးလေးကိုသူခပ်ဖွဖွပုတ်ပေးတော့မှသူမကငြိမ်ကျသွားသည်။
ထိုအခါမှသူလည်းအသွင့်ဘေးမှာအသာဝင်လှဲပြီး သူမခေါင်းလေးကိုသူ့လက်မောင်းပေါ်တင်၍ သူမကိုယ်လေးကိုပါတင်းတင်းဖက်ထားလိုက်တော့၏။
<<<
အသွင်အိပ်ရာကနိုးတော့ ထုံးစံအတိုင်းတုနှိုင်းမြတ်ကိုတွေ့လိုက်ရပြန်သည်။
သူကအသွင့်ကိုလည်းပိုင်စိုးပိုင်နင်းဖက်ထားသေးတာမို့ အသွင်သူ့ရင်ဘတ်ကိုတွန်းဖယ်ပြီးအိပ်ရာကနေထထိုင်လိုက်၏။
''တုနှိုင်းမြတ်...တုနှိုင်းမြတ်!''
အသွင် သူ့ရင်ဘတ်ကိုဖြန်းခနဲပိတ်ရိုက်လိုက်တော့ အနှိုင်းလည်းအိပ်ရာကနေဆတ်ခနဲလန့်နိုးလာရသည်။
''ဘာလုပ်တာလဲအသွင်''
''ရှင်ကသာဘာလုပ်တာလဲ...ကျွန်မအခန်းထဲကိုမလာနဲ့လို့ဘယ်နှစ်ခါပြောရမလဲ''
''ခုနကနင်အိပ်မက်မက်ပြီးငါ့လက်ကိုမလွှတ်တမ်းကိုင်ထားလို့ငါလည်းနင်နဲ့အတူရောပြီးအိပ်ပျော်သွားတာပါ''
''လူလိမ်...ကျွန်မကဘယ်တော့မှအဲလိုလုပ်မှာမဟုတ်ဘူး...ရှင့်ကိုလည်းဘယ်တော့မှမလိုဘူး...ရှင်အခုထွက်သွား''
''အသွင်...''
''ထွက်သွား!''
သူမကအော်လွှတ်နေတော့ သူလည်းကုတင်ပေါ်ကနေဆင်းပြီးအခန်းထဲကနေထွက်လာခဲ့လိုက်တော့သည်။
အသွင့်ဘက်က ဘယ်တော့မှများသူ့ကိုလက်ခံပေးလာမှာလဲ။
သူမကရော သူ့ကိုဘယ်တော့များမှပြန်မှတ်မိလာမှာလဲ။
<<<
အသွင့်စိတ်ထဲမှာ တုနှိုင်းမြတ်ကိုအော်လိုက်မိတဲ့အပေါ်မှာ ဘာလို့စိတ်မကောင်းသလိုခံစားနေရလဲမသိပေ။
အဲလိုဆိုတိုင်း အသွင့်ဘက်ကသူ့ကိုစကားစပြောဖို့တော့မတွေးမိ။
ထိုစဥ်...
''ဒေါက်...ဒေါက်''
''အသွင်...ညနေစာစားရအောင်''
အခန်းရှေ့ကအသံကြောင့် အသွင်ကုတင်ပေါ်မှာခြေချထိုင်နေရာမှထရပ်လိုက်မိသည်။
သူမရဲ့စိတ်ကလည်းချက်ချင်းကိုပျော်သွားသလိုပါပဲ။
''အသွင်''
''လာပြီ''
အသွင် အသံပြန်ပေးရင်းအခန်းတံခါးကိုတွန်းဖွင့်လိုက်၏။
''ထမင်းစားကြမယ်''
''အင်း...ဘာဟင်းလဲ''
''ကြက်သားကြော်ထားတယ်...ပြီးတော့ချဥ်ပေါင်နဲ့မျှစ်နဲ့စပ်စပ်လေးကြော်ထားတယ်''
''ရှင်ကဟင်းချက်တတ်တယ်ပေါ့''
''အစကမချက်တတ်ပါဘူး...နင်နဲ့လက်ထပ်ဖို့စီစဥ်ပြီးတော့မှမေမေ့ဆီကသင်လိုက်တာ...နင်ကဟင်းမချက်တတ်တော့ ငါပဲချက်ရမယ်မလား...ကဲပါ သွားရအောင်...လာ''
သူကအသွင့်လက်ကိုလာကိုင်တော့ အသွင်လည်းသူဆွဲခေါ်ရာနောက်ကိုအလိုက်သင့်လေးလိုက်လာခဲ့လိုက်တော့သည်။
ထမင်းစားပွဲဆီရောက်တော့ သူကအသွင့်အတွက်ထမင်းပါအရန်သင့်ခူးပေးလာ၏။
''ဟိုဟာ...ရှင့်ကိုအော်ထုတ်ခဲ့တာကို ရှင်စိတ်မဆိုးဘူးလား''
''ပါးရိုက်ခဲ့တုန်းကတောင်ဘာမှမဖြစ်ခဲ့တာပဲ...အော်တာလောက်ကတော့ဘာမှုနေစရာလိုလဲ...ပြီးတော့ကိုယ်ချစ်တဲ့သူကအော်တာပဲ...ငါ့နားထဲမှာနားဝင်တောင်ချိုနေသေးတယ်''
''ရှင်လည်းအရူးပဲ''
သူကပြုံးထေ့ထေ့နဲ့ပဲ သူမပန်းကန်ထဲသို့ဟင်းတွေထည့်ပေးလာလေသည်။
''အခုရော...ခွံ့ပေးရဦးမှာလား''
''မရွဲ့နဲ့''
အသွင်သူ့ကိုမျက်စောင်းလေးဝဲကာကြည့်ပြီး ထမင်းတစ်ဇွန်းကိုခပ်စားလိုက်တော့၏။
''စားကောင်းလား''
''ကြက်သားကြော်ကနည်းနည်းပေါ့ပြီး ချဥ်ပေါင်ကြော်ကလိုတာထက်စပ်နေတာကလွဲရင်စားလို့တော့ဖြစ်ပါတယ်...ဘာပဲဖြစ်ဖြစ် ကျွန်မထက်တော့သာပါတယ်''
''ဟုတ်တာပေါ့...ကြက်ဥလေးတစ်လုံးကြော်တာကို မီးဖိုချောင်ကိုရှုပ်ပွအောင်လုပ်ပစ်ထားတာ''
''ရှင်နော်''
အသွင်နောက်တစ်ကြိမ်မျက်စောင်းထိုးတော့သူကရယ်သည်။
သူရယ်တာကကြည့်ကောင်းတော့ အသွင်ငေးကောင်းကောင်းနဲ့ပဲငေးကြည့်နေခဲ့မိ၏။
သူအသွင့်ကိုပြန်မော့ကြည့်လာမှ အသွင်လည်းသူ့ဆီကအကြည့်လွှဲပြီး ထမင်းသာဆက်စားနေလိုက်တော့သည်။
<<<
သူမတို့အိမ်ကခြံသာကျယ်ပေမယ့် ဘာအပင်မှမရှိ၍ တုနှိုင်းမြတ်ကခြံထဲမှာပန်းပင်တွေနဲ့တစ်ခြားအရိပ်ရအပင်တွေကိုစိုက်မယ်တဲ့။
အသွင်ကတော့ပန်းထဲမှာနှင်းဆီတစ်မျိုးသာကြိုက်သည်။
နှင်းဆီတောင်မှတစ်ခြားအရောင်တွေထက်ပန်းရောင်ဖျော့ဖျော့လေးကိုသဘောအကျဆုံးပါ။
ထို့ကြောင့်သူ့ကိုနှင်းဆီတစ်မျိုးတည်းစိုက်ဖို့ပြောချင်၍ သူ့အခန်းရှေ့သို့ရောက်လာ၏။
သူမနောက်ရက်ထိစောင့်ရမှာစိတ်မရှည်၍ပင်။
''တုနှိုင်းမြတ်...တုနှိုင်းမြတ်''
အသွင်တံခါးခေါက်ရင်းခေါ်တော့ သူကတံခါးလာဖွင့်ပေးလေ၏။
''ဘာလဲအသွင်''
''ပြောစရာရှိတယ်''
''အခန်းထဲလာလေ''
''မလာပါဘူး...ရှင်အပြင်ထွက်ခဲ့''
''မထွက်နိုင်ဘူး...နင်ဝင်ခဲ့''
အသွင်ကအောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြီးမှ သူ့ကိုမကျေမချမ်းလေးကြည့်ကာသူ့အခန်းထဲသို့ဝင်လာခဲ့လေသည်။
''ဘာပြောမှာလဲ''
''အထွေအထူးမဟုတ်ပါဘူး...ခြံထဲမှာပန်းပင်စိုက်မယ့်ကိစ္စကိုပြောချင်လို့''
''ပြောပါဦး''
''ခြံထဲမှာနှင်းဆီကလွဲရင်ဘာမှမစိုက်နဲ့''
''ပြီးတော့ရော''
''နှင်းဆီကိုပန်းရောင်ပဲစိုက်ပေး''
''နောက်ပြီးတော့ရော''
''ပန်းရောင်ကိုဖျော့ဖျော့နော်''
''ဘာကျန်သေးလဲ''
''ဒါပါပဲ''
''ဟုတ်ပြီ...ဖြစ်စေရမယ်''
''ပြီးရော''
သူမပြောချင်ရာပြောပြီးသည်နှင့် အသွင်သူ့အခန်းထဲကထွက်လာဖို့လုပ်တော့ သူကအသွင့်ရဲ့လက်မောင်းလေးကိုလှမ်းဆွဲပြီး သူမခါးလေးကိုသိုင်းဖက်လာလေ၏။
''ရှင်ဘာလုပ်တာလဲ''
''နင်ဖြစ်ချင်တာတွေတောင်းဆိုပြီးပြီဆိုတော့ ငါဖြစ်ချင်တာတွေလည်းတောင်းဆိုရဦးမှာပေါ့''
''ဘာ ဘာလဲ...ဘာတောင်းဆိုမှာလဲ''
သူ့ကိုမကြည့်ဘဲ အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်မေးလာတဲ့သူမကိုကြည့်ရင်း အနှိုင်းစိတ်ထဲမှာဘယ်လိုအသည်းယားမိမှန်းမသိပေ။
''ဘာလဲဆိုတော့...''
''......''
''ငါ့ကိုနမ်း''
''အမ်!''
''ငါ့ပါးကိုဖြစ်ဖြစ် နဖူးဖြစ်ဖြစ်နမ်း''
''မနမ်းနိုင်ပါဘူး''
''မနမ်းရင်မသွားရဘူး...နင့်လောက်လေးကတော့ ငါကောင်းကောင်းချုပ်ထားနိုင်တယ်နော်''
''ရှင်လူညစ်ပဲ''
''နမ်း''
''No''
''အဲဒါဆိုမသွားနဲ့''
''အရူးကောင်''
''နမ်းဆို''
အသွင် သူ့ကိုမျက်စောင်းလေးမော့ထိုးလိုက်ပြီးမှ ခြေဖျားကိုအသာထောက်ကာ သူ့ပါးဆီဦးတည်လိုက်စဥ် သူကမျက်နှာကိုလှည့်လာပြီးအသွင့်နှုတ်ခမ်းလေးကိုနမ်းလာပါတော့သည်။
သူ့နှုတ်ခမ်းနဲ့ထိတွေ့ လိုက်စဥ်မှာပဲ အသွင်စိတ်ညှို့ခံလိုက်ရသူလိုမျိုးငြိမ်သက်သွားရ၏။
ပြီးတော့သူ့ဆီကနေရုန်းထွက်ဖို့လည်းမေ့နေခဲ့လေသည်။
<<<
C.19ဆက်ရန်။