Rose
Ro seသူ့အချစ်မှလွဲလို့
Chapter.12
ဉာဏ်လင်းနဲ့အတာတို့ ပဲခူးကနေပြန်ရောက်သည်နှင့် ဉာဏ်လင်းရဲ့အိမ်ကိုပဲတန်းတန်းမတ်မတ်ရောက်လာခဲ့ကြလေသည်။
သူမတို့ထိုအိမ်ကိုရောက်သည်နှင့် ဉာဏ်လင်းမိဘတွေရဲ့မျက်နှာခပ်တင်းတင်းနှင့်ကြိုဆိုကြတာကိုအရင်ကြုံလိုက်ရ၏။
''ဉာဏ်လင်း''
''ဗျာဖေဖေ''
''မင်းတို့အတွက်ငါတို့တိုက်ခန်းတစ်ခန်းဝယ်ပေးထားတယ်...အဲမှာပဲသွားနေလိုက်ကြ...မင်္ဂလာပွဲကိုလည်းဘာမှတခမ်းတနားမလုပ်ပေးဘူးနော်...ပြီးရင်မင်းတို့အတွက်စီးပွားရေးလုပ်ဖို့ဆိုင်ခန်းတစ်ခန်းဝယ်ပေးမယ် မင်းတို့ဘာသာဘာလုပ်လုပ်...အငှားထားချင်ထား စီးပွားရေးလုပ်မယ်ဆိုလည်းငါအရင်းအနှီးထုတ်ပေးမယ်...ပြီးရင်တော့ငါတို့နဲ့လာမပတ်သက်နဲ့တော့''
''ဟုတ်ကဲ့ပါဖေဖေ...အခုလိုလုပ်ပေးတာကိုပဲကျေးဇူးတင်နေပါပြီ''
''မင်းအမေဆီကတိုက်ခန်းလိပ်စာနဲ့အခန်းသော့တောင်းသွားလိုက်''
သူတို့ရှေ့ကနေဒေါနဲ့မောနဲ့ထွက်သွားသောသူ့အဖေကိုလိုက်ကြည့်ရင်း ဉာဏ်လင်းရင်ထဲမှာမကောင်းပေ။
ပြီးတော့ အခုလိုဆက်ဆံခံရတဲ့အပေါ်မှာ တွယ်တာလည်းစိတ်မကောင်းဖြစ်ရှာလောက်မှာပေါ့။
သူကျေနပ်လို့...ဖြစ်လာမယ့်အကျိုးဆက်ကိုလက်ခံနိုင်လို့တွယ်တာ့လက်ကိုရဲရဲဆွဲခဲ့တာပါ။
အဲ့အတွက်လည်းသူနောင်တရမှာမဟုတ်ဘူး။
တွယ်တာ့အနေနဲ့လည်း သူမကိုအခုလိုမျိုးလုပ်ပေးတာကိုက မိန်းကလေးတစ်ယောက်ရဲ့သိက္ခါနဲ့တန်ဖိုးကိုထည့်တွက်လို့ဆိုတာသိပေမယ့် စိတ်တော့မကောင်းပါ။
သူမမိဘတွေလည်းမြန်မြန်စိတ်ဆိုးပြေရင်ကောင်းမည်။
''တွယ်တာ''
မောင့်အသံကြားမှ သူမသတိပြန်ဝင်လာရ၏။
''သွားကြစို့''
''အင်း''
သူတို့ ကျန်နေခဲ့တဲ့သူ့အမေကိုကန်တော့ခဲ့ပြီး အိမ်ထဲကနေထွက်ခဲ့လိုက်ပါတော့သည်။
တိုက်ခန်းဆီသွားနေတဲ့လမ်းတွင်...
''မောင်...တွယ်တာတို့ကိုလူကြီးတွေကတစ်ကယ်ပဲခွင့်မလွှတ်ကြတော့ဘူးထင်တယ်နော်''
''သူတို့စိတ်ဆိုးပြေဖို့တစ်နည်းတော့ရှိတယ်''
''ဘာလဲဟင်''
''သူတို့အတွက်မြေးတွေအပြွတ်လိုက်မွေးပေးလိုက်ကြမယ်လေ''
''အာ...မောင်ကတော့ အဟုတ်မှတ်လို့ကို''
''တစ်ကယ်ပြောတာ''
''တော်ပါ...အဲဒါထက် အတာတို့ပြင်ဦးလွင်ကိုသွားရအောင်...အနှိုင်းနဲ့အသွင့်ကိုတောင်းပန်ချင်လို့''
''ဟုတ်ပါပြီ...မောင်လိုက်ပို့ပေးမယ်''
မောင်ကသူမခေါင်းလေးကိုလှမ်းပုတ်လာလေ၏။
သူမကိုတွေ့ရင် အနှိုင်းတစ်ယောက်ဘယ်လိုများနေမလဲ။
သူမကိုမြင်တောင်မြင်ချင်မှာမဟုတ်သလို တောင်းပန်တာကိုလည်းလက်ခံမှာမဟုတ်လောက်ဘူးပေါ့နော်။
<<<
အညိုရောင်ဂါဝန်လက်တစ်လုံးလေးပေါ်မှာ အဖြူရောင်မွေးပွအနွေးထည်အင်္ကျီလေးကိုဝတ်ပြီး ခြေမျက်စိအထက်ကျော်ကျော်နားထိရှည်သောအဖြူရောင်လည်သာဖိနပ်လေးကိုစီးကာ အခန်းထဲကနေရှိုးအပြည့်နဲ့ထွက်လာသောအသွင့်အား အနှိုင်းမှုန်ကုပ်ကုပ်နဲ့လိုက်ကြည့်ရင်း...
''နင်ကဘယ်လဲ''
ဟုမေးလိုက်၏။
''ပွဲကောက်ကိုသွားမလို့''
ထိုစဥ် အိမ်ထဲသို့လူတစ်ယောက်ဝင်လာ၍ သူတို့နှစ်ယောက်လုံးလှည့်ကြည့်လိုက်ရာ ပိုင်စိုးကအညိုရောင်ရှပ်အင်္ကျီနဲ့အဖြူရောင်စတိုင်လ်ပန်ကိုတွဲဖက်ဝတ်ဆင်ထားတာကြောင့် အနှိုင်းဟန်မဆောင်နိုင်စွာနဲ့ပဲ နေရာကနေဝုန်းခနဲထရပ်လိုက်မိလေသည်။
ပြီးတော့အသွင်နဲ့ပိုင်စိုးကိုလက်ညှိုးတစ်လှည့်စီထိုးကာ...
''ဒါကဘာလဲ...ဘာလို့အရောင်တူနေတာလဲ တိုင်ပင်ထားတာလား''
''မဟုတ်ပါဘူး...တိုက်ဆိုင်တာပါ''
''တိုင်ဆိုင်တာကဒီလောက်တိုက်ဆိုင်ရလားဟ!...မလိုချင်ဘူး...နင်အခုချက်ချင်းအင်္ကျီသွားလဲစမ်း...မဟုတ်ဘူး နင်လိုက်ကိုမလိုက်နဲ့ဟာ''
''တစ်ခုမှမလုပ်နိုင်ဘူး''
''ဘာ!''
''သွားရအောင်ကိုပိုင်စိုး''
ပြောပြီးအသွင်ကပိုင်စိုးရဲ့လက်ဖျံကိုဆုပ်ကိုင်ကာ အိမ်ထဲကနေခေါ်ထုတ်သွား၍ အနှိုင်းတစ်ယောက်ဆွေ့ဆွေ့တွေခုန်ကာကျန်ခဲ့ရလေ၏။
''နှင်းဆီသွင်!...နင် နင်ကတော့ဟာ...တောက်!''
အသွင်တို့အိမ်ကထွက်ခဲ့တဲ့လမ်းမှာ ပိုင်စိုးက...
''သူကအသွင့်ကိုကြိုက်နေတာလား''
ဟုမေးလာလေသည်။
''မဟုတ်ပါဘူး''
''ကျွန်တော်ကတော့အဲလိုထင်တာပဲအသွင်...သူအသွင့်ကိုကြိုက်နေတာ''
ထိုစကားကအသွင့်ရဲ့နှလုံးသားကိုသိမ့်ခနဲလှုပ်ရှားသွားစေလေ၏။
ကိုပိုင်စိုးပြောသလိုသာတစ်ကယ်ဆိုရင်တော့...
<<<
သူမတို့ပွဲကောက်ကိုရောက်လို့ ဝင်ကြေးပေးပြီးလက်မှတ်ဖြတ်ပြီးသည်နှင့် အထဲကိုဝင်ခဲ့တုန်း နောက်ကနေအသွင့်လက်ကိုတစ်ယောက်ယောက်ကလှမ်းဆွဲလိုက်တာကြောင့် အသွင်အလန့်တကြားလှည့်ကြည့်လိုက်တော့ အနှိုင်းဖြစ်နေ၍ အံ့သြသွားခဲ့ရလေသည်။
''အနှိုင်း''
သူကအသွင့်လက်ကိုလွှတ်မပေးတဲ့အပြင် လက်ချောင်းလေးတွေကိုဆုပ်ကိုင်လိုက်ပြီးမှ သူ့အနွေးထည်အိတ်ကပ်ထဲထည့်လိုက်၍ အသွင်မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်ထိ။
''ငါနဲ့သွားမယ်''
''အသွင်...ကျွန်တော်ဓာတ်ပုံရိုက်ပေးမယ်''
ထိုအခါအနှိုင်းက...
''ငါရိုက်ပေးလိုက်မယ်''
ဟုဆိုကာ နေရာကနေထွက်လာ၍ အသွင်လည်းသူ့နောက်ကနေယက်ကန်ယက်ကန်နဲ့ပါလာခဲ့တော့သည်။
''အနှိုင်း''
''ပါးစပ်ပိတ်ထား''
အသွင်နှုတ်ခမ်းလေးစူကာ ချက်ချင်းပဲပါးစပ်ပိတ်လိုက်၏။
''အသွင် cableစီး...အာ အသွင်ကအမြင့်ကြောက်တယ်နော်''
သူမတို့နဲ့ကပ်လိုက်လာတဲ့ပိုင်စိုးကသူ့ဘာသာမေး သူ့ဘာသာဖြေပြီးနှုတ်ဆိတ်သွားပေမယ့် အနှိုင်းကတော့နှုတ်ခမ်းကိုတွန့်ချိုးကာပြုံး၍ အသွင့်ကိုနေရာကနေခလုတ်တိုက်မတတ်ဆွဲခေါ်လာပါတော့သည်။
''ဘယ်သွားမလို့လဲအနှိုင်း''
သူကပြန်မဖြေ။
အနှိုင်းရဲ့ရည်ရွယ်ချက်က အသွင်နဲ့အတူcableစီးဖို့။
သူကအသွင်အမြင့်ကြောက်တာသိပေမယ့် ဘာလို့ကြောက်တယ်ဆိုတာမသိဘဲ တစ်ချို့တွေအမြင့်မတက်ရဲကြသလိုဒီအတိုင်းပုံမှန်ပဲကြောက်တယ်လို့ထင်ခဲ့မိတာကြောင့်လည်းပါသည်။
ငယ်ငယ်ကတည်းက အသွင်ကသူအမြင့်ကြောက်တယ်ပဲပြောဖူးသည်ကိုး။
''အနှိုင်း...နင်ငါ့ကိုဘယ်ခေါ်သွားနေတာလဲ''
''နင်နဲ့အတူcableစီးမလို့''
''ဘာရယ်...နင်ငါ့ကိုနောက်နေတာလားအနှိုင်း...ငါအမြင့်ကြောက်တာနင်သိရဲ့နဲ့''
''သိတယ်...သိလို့ကိုတမင်စီးခိုင်းတာ...အဲဒါနင်ငါ့စကားကိုနားမထောင်လို့''
အသွင်ဆွံ့အယူသွားရသည်ထိပါပဲ။
အနှိုင်းကိုအခုလောက်ထိလုပ်ရက်လိမ့်မယ်လို့တစ်ကယ်ထင်မထားခဲ့မိတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အသွင်သူ့ကိုမငြင်းနိုင်တာသိ၍ သူ့ဆန္ဒအတိုင်းလိုက်လျောရုံကလွဲလို့မတတ်နိုင်ခဲ့ပေ။
သူမတို့cableပေါ်ရောက်သည်နှင့် အသွင်ကိုယ့်လက်နှစ်ဖက်ကိုခပ်တင်းတင်းပြန်ဆုပ်ကိုင်ပြီး မျက်လုံးတွေကိုဖိမှိတ်ထားလိုက်မိသည်။
မျက်လုံးတွေမှိတ်ထားပြန်တော့ ငယ်ငယ်ကဖြစ်ရပ်တွေကမျက်လုံးထဲပြန်ပေါ်လာပြီး မျက်လုံးဖွင့်မိပြန်တော့လည်းကြောက်ရွံ့ရပြန်၏။
အနှိုင်း သူမကိုလှည့်ကြည့်တော့ သူမကမျက်လုံးမှိတ်ထားရင်းမှမျက်ရည်တွေကျနေ၍ သူအထိတ်တလန့်နဲ့ပဲသူမပုခုံးလေးကိုဆုပ်ကိုင်လိုက်မိသည်။
''အသွင်''
သူမကချက်ချင်းပဲသူ့လက်တွေကိုပုတ်ထုတ်လာလေ၏။
''ငါလေးနှစ်အရွယ်တုန်းက ပြန်ပေးဆွဲခံရဖူးတယ်''
''ဟင်!''
''သူတို့ကငါ့ကိုဆေးရုံရဲ့ခေါင်မိုးပေါ်ကနေပစ်ချဖို့လုပ်ခဲ့ကြတာ''
ပြောရင်းနဲ့အသွင်ကမျက်နှာကိုလက်နဲ့အုပ်ပြီးတအင့်အင့်ရှိုက်ငိုပါတော့သည်။
ထိုအခါမှအနှိုင်းလည်းမဟာအမှားကြီးကျူးလွန်လိုက်မိမှန်းကိုယ့်ကိုယ်ကိုသိတော့၏။
ထို့ကြောင့် အသွင့်ကိုယ်လေးကိုသူ့ရင်ခွင်ထဲမှာခပ်တင်းတင်းဖက်ထားလိုက်တော့သည်။
''ငါတောင်းပန်ပါတယ်အသွင်ရာ...ငါတစ်ကယ်မှားသွားတယ်...ငါတို့ခင်လာတာဒီလောက်ကြာပြီ နင်ငါတို့ကိုအဲ့အကြောင်းတွေပြောခဲ့သင့်တာပေါ့''
''အနှိုင်း...ငါနင့်ကိုအရှုံးပေးပါတယ်...နင်ဒီမှာပဲရပ်ပေးပါတော့...ငါလေ နင်နဲ့ပတ်သက်သမျှကိုမေ့ပစ်ချင်တဲ့အထိ နင့်ကိုကြောက်နေပြီ...နင်ကငါ့ကိုအဲလောက်ထိနာကျင်စေတာ''
အသွင့်ရဲ့စကားတွေကသူ့နှလုံးသားတည့်တည့်ကိုအရှိန်နဲ့လာစိုက်တဲ့အဆိပ်လူးမြှားတွေလိုပါပဲ။
အသွင်ငိုနေတာ အသွင်ထိခိုက်နာကျင်ရတာကိုမြင်တိုင်း သူကပါလိုက်ပြီးခံစားမိနေတာဘာကြောင့်လဲ။
အသွင်က သူ့ကျောထဲလက်သည်းတွေစိုက်ဝင်တော့မတတ်ကုတ်ထားပေမယ့် သူအဲဒီ့ဆီကိုအာရုံမစိုက်မိဘဲ ကိုယ့်စိတ်ကိုမေးခွန်းထုတ်ရင်းနဲ့အတွေးများနေခဲ့တာပင်။
မဟုတ်မှ သူ့နှလုံးသားထဲမှာအသွင်ရှိနေလို့များလား။
<<<
C.13ဆက်ရန်။