Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.11


ညရောက်တော့ အနှိုင်းစိတ်ထဲမှာအသွင့်ကိုစိတ်မချနေ၍ သူမအခန်းဆီရောက်လာပြီးတံခါးကိုအသာဖွင့်ကာ အသွင့်အခန်းထဲသို့ဝင်ခဲ့လိုက်သည်။


သူအခန်းထဲရောက်တော့ အသွင်ကကောင်းကောင်းကြီးအိပ်မောကျလို့နေလေ၏။


သူကုတင်ပေါ်မှာဝင်ထိုင်ပြီး သူမပါးပေါ်မှာတင်နေတဲ့ဆံပင်လေးကိုဖယ်ပေးကာ နဖူးကိုပါစမ်းကြည့်လိုက်သည်။


''ကိုယ်ပူသိပ်မရှိတော့ဘူးပဲ''


''အနှိုင်း''


သူမကအိပ်ပျော်နေရာမှသူ့နာမည်ကိုရွတ်လိုက်၍ သူ့မျက်ခုံးတွေကမသိမသာပင့်သွားခဲ့ရလေ၏။

သူမကနှုတ်ကနေမကြားတကြားနဲ့တစ်ခုခုကိုရွတ်နေတာမို့ သူလည်းအသွင့်ရဲ့မျက်နှာနားသို့ငုံ့မိုးကာတိုးကပ်သွားလိုက်ပြီး သူ့နားရွက်အားသူမနှုတ်ခမ်းနားသို့ကပ်လိုက်ရာ...


''မကောင်းတဲ့ကောင်...အနှိုင်း လူယုတ်မာကောင်''


''ဘာ!''


သူဒေါသထွက်ကာအော်လိုက်ပြီး သူမမျက်နှာကိုပြန်ကြည့်လိုက်တော့ သူ့အော်သံကြောင့်လန့်နိုးသွားပုံရသောအသွင်က သူ့ကိုမျက်လုံးပြူးလေးနဲ့စိုက်ကြည့်နေသည်ပင်။


''အနှိုင်း...နင် နင်ငါ့အခန်းထဲဘာလာလုပ်နေတာလဲ''


''ငါသာနင့်အခန်းထဲမလာရင် နင်ငါ့ကိုကျိန်ဆဲနေတာကိုသိမှာမဟုတ်တော့ဘူး''


သူ့စကားလည်းအဆုံး အသွင့်ရဲ့နဖူးကလည်းသူ့လက်စာမိသွားရတော့သည်။


''အာ့!''


အသွင်နဖူးလေးကိုဖိပွတ်ရင်း အိပ်ရာကထမယ်ပြင်လိုက်တော့ အနှိုင်းကသူမနားကခွာလိုက်လေ၏။


''နင်ငါ့အခန်းထဲဘာလာလုပ်တာလဲလို့''


''နင်နေမကောင်းလို့လာကြည့်တာ''


''အမ်''


''နင်နေမြန်မြန်ကောင်းမှ ငါခိုင်းချင်တာတွေခိုင်းလို့ရမှာမို့လို့''


''ဪ''


အသွင်စိတ်မကောင်းစွာနဲ့ပဲ သူ့ဆီကနေမျက်နှာလွှဲလိုက်တော့သည်။


''မြန်မြန်နေကောင်းအောင်လုပ်...ပြီးရင်ငါခိုင်းချင်တာတွေအများကြီးရှိသေးတယ်''


ပြောပြီးတာနဲ့သူကအခန်းထဲကနေထွက်သွားလေ၏။

အသွင်သူ့ကိုမျက်စိတစ်ဆုံးလိုက်ကြည့်ရင်း မျက်ရည်တွေဝေ့တက်လာရသည်။


အနှိုင်းရဲ့လုပ်ရပ်နဲ့စကားတွေက သူမစိတ်ကိုတမြေ့မြေ့နာကျင်စေတယ်ဆိုတာ အနှိုင်းမသိဘူးလား။

အကယ်၍သိခဲ့ရင်တောင်မှ သူကပိုပျော်နေမှာပါ။


သူကအသွင့်ကိုမုန်းနေတဲ့သူပဲလေ...


<<<


နောက်နေ့...


''မနက်စာကဘာလဲ''


အနှိုင်းကမေးရင်းနဲ့ထမင်းစားပွဲမှာဝင်ထိုင်လိုက်လေ၏။


''မအေးမွန်ကထမင်းကြော်ထားပေးတယ်''


''အာ...ထမင်းကြော်ကြီးမစားချင်ပါဘူး...ငါရှမ်းခေါက်ဆွဲစားချင်တာ...နင်သွားဝယ်ပေးအသွင်''


''နင်ကလည်း ရှိတာပဲစားလိုက်ပါ...မနက်ဖြန်မှရှမ်းခေါက်ဆွဲစားလေနော်''


''မရဘူး...ငါကအခုစားချင်တာ''


အသွင်လည်းစိတ်ကိုအတတ်နိုင်ဆုံးလျှော့ချလိုက်ပြီး သူခိုင်းတာကိုလုပ်ပေးဖို့သာဆုံးဖြတ်လိုက်တော့သည်။


''​အေးပါ...ငါသွားဝယ်ပေးမယ်''


''ဆယ်မိနစ်အတွင်းအရောက်လာခဲ့နော်''


''အင်း''


အသွင်ကစားပွဲကနေခပ်သွက်သွက်ထသွားလေ၏။

အသွင်ပိုက်ဆံယူပြီးအိမ်ထဲကထွက်လာသည်နှင့် မအေးမွန်ကပန်းပင်တွေရေလောင်းနေရင်းမှ...


''မနက်စာစားပြီးပြီလားအသွင်...မြန်လိုက်တာ''


ဟုလှမ်းမေး၏။


''မစားရသေးဘူးမအေးမွန်...အနှိုင်းကရှမ်းစားချင်တယ်ဆိုလို့သွားဝယ်ပေးမလို့''


''လူကနေလည်းသိပ်မကောင်းသေးဘဲနဲ့...မအေးမွန်ခဏနေကျရင်​ဈေးသွားတော့မှာ အပြန်ကျရင်ဝယ်ခဲ့ပေးမယ်လေ''


''ရပါတယ်အစ်မရယ် သူအဲလောက်စောင့်နိုင်မှာမဟုတ်ဘူး...အသွင်လည်းသက်သာနေပါပြီ...စက်ဘီးကဘယ်မှာလဲအစ်မ''


''အိမ်ဘေးမှာ''


''ဟုတ်ကဲ့အစ်မ''


အသွင် အိမ်ဘေးကိုသွားလိုက်ပြီးစက်ဘီးကိုထုတ်ကာ ခြံထဲကနေထွက်ခဲ့လိုက်တော့သည်။

အနှိုင်း သူမကိုပြတင်းပေါက်ကနေလှမ်းကြည့်ရင်း စိတ်ထဲမှာဘယ်လိုကြီးခံစားနေရမှန်းမသိချေ။


သူဘာတွေများလုပ်မိနေပါလိမ့်။


<<<


အသွင်ရှမ်းခေါက်ဆွဲဝယ်ပြီးပြန်လာတော့ သူမတို့လမ်းထိပ်ကို​ရောက်စဥ်မှာပဲ ကားတစ်စီးကလည်းလမ်းထဲကထွက်လာ၍ သူမစက်ဘီးနဲ့ကားကတိုက်မိမလိုဖြစ်သွားပြီး သူမစက်ဘီးလေးကလဲကျသွားတော့သည်။


ကံကောင်းသည်က ရှမ်းခေါက်ဆွဲထုတ်တွေကစက်ဘီးလဲသွားတဲ့လက်ကိုင်ဘက်အခြမ်းမှာချိတ်မထားမိတာပါပဲ။


''ညီမလေး...ရရဲ့လား''


ကားသမားကကားထဲကထွက်လာပြီးသူမကိုဆွဲထူရင်းမေးလေ၏။


''ရပါတယ်...ညီမဘာမှမဖြစ်ပါဘူး''


သူမပါးစပ်ကသာဘာမှမဖြစ်ဘူးပြောနေပေမယ့်လည်း လူကလမ်းမပေါ်ကိုလက်ထောက်လျက်ကျသွားတာမို့ သူမလက်ဖနောင့်ကပွန်းပဲ့သွားသလို ဒူးကလည်းနာနေတာမို့ဒူးပါပွန်းသွားသည်ဆိုတာသိလိုက်သည်။


''တစ်ကယ်ရရဲ့လား''


''ဟုတ်...တစ်ကယ်ရပါတယ်''


အသွင်လည်းအိမ်နားရောက်ခါနီးပြီမို့ စက်ဘီးကိုတွန်းပြီးတော့သာလမ်းလျှောက်လာခဲ့လိုက်တော့၏။

အခုမှပဲဒဏ်ရာတွေကလည်းတဖျင်းဖျင်းနဲ့နာလာသည်။


သူမခြံဝနားရောက်တော့ အနှိုင်းကအိမ်ရှေ့မှာခါးကြီးထောက်ပြီးဟိုလျှောက်ဒီလျှောက်လုပ်နေတာကိုတွေ့လိုက်၍ သူမကိုပြဿနာမရှိပြဿနာရှာတော့မည်ဆိုတာကိုတွေးကြည့်ရုံနဲ့သိလိုက်ပါသည်။


''နင်ကလည်းကြာလိုက်တာ...ဒါလေးသွားဝယ်တာကိုပေါ်မလာနိုင်ဘူး...ငါကဗိုက်ဆာလှပြီ''


အသွင်ထင်တဲ့အတိုင်းပါပဲ။အသွင်သူ့အနားရောက်သည်နှင့် သူကဆီးကြိုကာရန်တွေ့လာ၏။


''နင်ကလည်း မြေလျှိုးမိုးပျံပြီးသွားလို့ရတဲ့ခရီးမှမဟုတ်တာ''


''အပိုတွေပြောမနေနဲ့ လာ''


ပြောပြီးအနှိုင်းကအိမ်ထဲဝင်သွားတော့ အသွင်စက်ဘီးလက်ကိုင်မှာချိတ်ထားတဲ့ရှမ်းခေါက်ဆွဲထုတ်ကိုဆွဲဖြုတ်​၍ အိမ်ထဲသို့ဝင်ခဲ့လိုက်လေသည်။


ပြီးတော့ ရှမ်းခေါက်ဆွဲနဲ့ဟင်းရည်ကိုအနှိုင်းအတွက်ပန်းကန်ထဲမှာလှယ်ထည့်ပေးပြီးသည်နှင့် အသွင်နေရာကနေထွက်လာခဲ့လိုက်၏။


သူမဒဏ်ရာတွေကိုဆေးထည့်ရဦးမည်လေ။


''မအေးမွန်...မအေးမွန်''


အသွင့်အသံကိုကြားတော့ ကိုစိုးကအိမ်နောက်ထဲကနေထွက်လာလေသည်။


''အေးမွန်ကဈေးသွားလိုက်ပြီအသွင်...အသွင်ဘာခိုင်းမလို့လဲ''


''လိမ်းဆေးတစ်ခုခုများရှိလားလို့''


''ဒဏ်ကြေလိမ်းဆေးလား''


''ဒဏ်ရာကိုလိမ်းတဲ့ဆေးပါ ပြီးတော့အရက်ပြန်နဲ့ဂွမ်းရောပဲ''


''ခဏလေးနော်...အစ်ကိုသွားယူပေးမယ်''


''ဟုတ်''


ထမင်းစားခန်းထဲမှာမနက်စာစားနေတဲ့အနှိုင်းကလည်း အပြင်ကအသံကိုနားစွင့်နေရင်း အသွင်ကဒဏ်ရာ​လိမ်းတဲ့ဆေးကိုတောင်းနေတာကြောင့် သူစိတ်ပူသွားရပြန်၏။


ထို့ကြောင့် မနက်စာပင်ဖြောင့်ဖြောင့်မစားနိုင်တော့ဘဲ စားပွဲကနေထထွက်လာခဲ့လိုက်သည်။

သူအပြင်ကိုရောက်တော့ အသွင်ကနေရာမှာမရှိတော့ဘဲ ကိုစိုးကလည်းဆေး​ဗူးရှည်လေးတစ်ခုရယ် အရက်ပြန်ပုလင်းနဲ့ဂွမ်းထုပ်လေးကိုကိုင်ကာသူတို့အခန်းထဲကထွက်လာ၍ သူကိုစိုးကိုလှမ်းတားလိုက်၏။


''ကိုစိုး...ခဏ''


ကိုစိုးကအသွင့်အခန်းဆီဦးတည်နေရာမှ သူ့ကိုလှည့်ကြည့်လာသည်။


''ဘာလဲအနှိုင်း''


''အဲ့ဆေးတွေကိုအသွင်ကဘာလုပ်ဖို့လဲ''


''အစ်ကိုလည်းမသိဘူးလေ''


''အဲဒါတွေကျွန်တော့်ကိုပေး...ကျွန်တော်ပဲသူ့ကိုသွားပေးလိုက်မယ်''


ကိုစိုးကဆေးတွေကိုသူ့ဆီလက်လွှဲပေးလာသည်နှင့် အနှိုင်းလည်းအသွင့်အခန်းထဲသို့ဝင်ခဲ့လိုက်တော့၏။


သူအခန်းထဲကိုဇိုးဇိုးဇက်ဇက်နဲ့ဝင်သွားတော့ အသွင်ကသူ့ကိုကပြာကယာလှည့်ကြည့်လာသည်။

သူမစိတ်ထဲမှာကိုစိုးကတံခါးမခေါက်ဘဲဝင်လာရလားဟုထင်နေပုံပင်။


''အနှိုင်း''


''နင်ကဒီဆေးတွေကိုဘာလုပ်ဖို့လဲ''


သူကမေးရင်းနဲ့သူမရှေ့ရောက်လာ၏။


''ငါစက်ဘီးလဲလာလို့''


''ဘာ!...နင်ဘာလို့သတိမမူရတာလဲ...နင်စက်ဘီးလေးတောင်ကျွမ်းကျွမ်းကျင်ကျင်မစီးတတ်ဘူးလား''


''ကားနဲ့တိုက်မိမလိုဖြစ်သွားလို့ပါ''


''ဘာပြောတယ်...အဲ့ကားသမားကဘယ်ကကောင်လဲ''


''နင်ကဘာလုပ်မလို့လဲ''


''ငါသွားထိုးမလို့...ကားမောင်းတာကိုဘယ်လိုမောင်းနေလို့လူတစ်ယောက်လုံးကိုမမြင်ရတာလဲ...စောစောစီးစီးမူးနေတာလားမသိဘူး''


အနှိုင်းကအခုလိုမျိုးသူမဘက်ကနေနာနေတော့လည်း အသွင့်စိတ်ထဲမှာကျေနပ်ရပြန်သည်။


''ဘယ်မှာဒဏ်ရာရလာတာလဲ''


အသွင်ကသူ့ကိုဒူးလှန်ပြပြီး လက်ဖဝါးဖြန့်ပြလာ၏။

သူလည်းအသွင့်ရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး သူမဒူးကဒဏ်ရာကိုအရက်ပြန်နဲ့အရင်သန့်စင်ပေးပြီးဆေးလိမ်းပေးလိုက်သည်။


လက်ကိုလည်းထိုနည်းတူပါပဲ။


''နောက်တစ်ခါဂရုစိုက်''


ပြောပြီးသူကအသွင်ရှေ့ကနေထရပ်ပြီး အခန်းထဲကထွက်သွားဖို့ပြင်လိုက်ရာ...


''ငါ့ကိုဘာလို့အခုလိုတွေလုပ်ပေးနေတာလဲ...နင်ငါ့ကိုမုန်းနေတာပဲမလား''


''နင်ကဘယ်လိုထင်လို့လဲ''


''ငါမသိဘူး...ငါမေးချင်တာတစ်ခုတော့ရှိတယ်...အကယ်၍ ငါ့နေရာမှာအတာသာဆိုရင်အခုလိုလုပ်မှာလား...ဒါမှမဟုတ် ငါဖြစ်နေလို့ နင်အခုလိုမုန်းနေတာလား...ငါမို့လို့ ငါဖြစ်နေလို့ နင်ငါ့ကိုအခုလိုမျိုးနာကျင်အောင်လုပ်နေတာလား''


''အဲလိုမေးနေမယ့်အစား ဘာလို့ငါ့ကို​တောင်းပန်ဖို့မစဥ်းစားတာလဲ...နင်ဘာလို့အခုလိုလုပ်ခဲ့မိတာပါဆိုတဲ့ဖြေရှင်းချက်ကိုငါမလိုချင်ဘူး...နင်ငါကျေနပ်တဲ့ထိတောင်းပန်တာကိုလိုချင်တာ...ငါ့ဘေးနားမှာတောက်တဲ့လိုလိုက်ကပ်ပြီးတောင်းပန်တာကိုလိုချင်တာ...အခုနစ်နာတာလည်းငါ လိုက်ကပ်နေရတာလည်းငါဖြစ်နေတယ်''


အသွင်အခုမှပဲသဘောပေါက်တော့သည်။


သူကအသွင်သူ့ကိုခြေသလုံးဖက်မတတ်တောင်းပန်တာကိုလိုချင်တာ...

အသွင့်ဘက်ကတောင်းပန်ယူရလောက်တဲ့ထိ သူကအသွင်နာကျင်အောင်တမင်အနုနည်းနဲ့နှိပ်စက်နေတာ...


''နင်ကတောင်းပန်စေချင်တယ်ဆိုလည်းငါတောင်းပန်ပါ့မယ်အနှိုင်းရယ်...ငါ့ကိုဘာကြောင့်ဆိုတဲ့စကားတွေမပြောနဲ့ဆိုလည်းမပြောဘဲနဲ့ခြွင်းချက်မရှိတောင်းပန်ပါ့မယ်...အဲဒါဆို နင်ငါ့ကိုအခုလိုတွေမလုပ်တော့ဘူးမလား...မမုန်းတော့ဘူးမလား ဟင်အနှိုင်း''


''တောင်းပန်ချင်သပါ့ဆိုလည်းတောင်းပန်ပေါ့...စိတ်ပြေပြီးခွင့်လွှတ်တာခွင့်မလွှတ်တာကတော့ငါ့ကိစ္စ...ငါစိတ်ပြေဖို့ကလည်းဘယ်လောက်ကြာမလဲမသိဘူးနော်...ပြီးတော့ ငါ့ရှေ့မှာတွယ်တာကိုရဲ့အကြောင်းကိုလာမပြောနဲ့ နာမည်တောင်မဟနဲ့''


အသွင်ဘာမှပြန်မပြောနိုင်ခင်မှာပဲသူကအခန်းထဲကထွက်သွားပါတော့သည်။


သူမလက်ကဒဏ်ရာကိုပြန်ကြည့်မိတော့ အသွင်ပြုံးမိပြန်၏။

ဒီဒဏ်ရာကသူ့ကြောင့်ရတာဖြစ်ပြီး ဆေးလိမ်းပေးသွားတာလည်းသူပဲမို့ သူမရဲ့စိတ်ထဲမှာတော့ အနာပေးတာထက်ဆေးပေးတာကိုပဲအာရုံရောက်ကာ အကျေနပ်ကြီးကျေနပ်မိနေတော့တာပင်။


<<<


C.12ဆက်ရန်။

Report Page