Rose
Ro seသူ့အချစ်မှလွဲလို့
Chapter.9
ပိုင်စိုးကအသွင့်ကို ပြည်ချစ်ဘုရားဆီခေါ်လာပေး၏။
ဘုရားရှေ့မှာဘုရားပန်းစည်းတွေနဲ့ပန်းကုံးတွေကိုအလုအယက်ရောင်းနေကြသောအမျိုးသမီးတွေထဲကတစ်ယောက်ဆီကနေ သူတို့ပန်းစည်းနှစ်စည်းဝယ်ပြီး လှေကားအတိုင်းတက်လာလိုက်ကြလေသည်။
ပြီးတော့နှစ်ယောက်အတူဘုရားဖူးခဲ့ကြ၏။
''အသွင်...ဒါပြီးရင်နှီးဘုရားကိုသွားမယ်နော်...ဘုရားရင်ပြင်ပေါ်ကနေလှမ်းကြည့်ရင်မြင်ရတဲ့မြင်ကွင်းကအရမ်းလှတာ''
''ဟို...အသွင်ကအမြင့်ကြောက်တယ်''
''ဟုတ်လား''
''ဟုတ်...အဲဒါကြောင့်နှီးဘုရားကိုမသွားတော့ဘူး''
''ဟုတ်ပါပြီ''
''အသွင့်ကိုအခုလိုတကူးတကလိုက်ပို့ပေးလို့ ကိုပိုင်စိုးကိုကျေးဇူးတင်ပါတယ်နော်''
''ရပါတယ်...ကိစ္စမရှိပါဘူး...ကျွန်တော့်ကိုယ်တိုင်ကိုကလိုလိုလားလားလုပ်ပေးတာပါ...နောက်ထပ်လည်းတစ်မြို့လုံးကိုပို့ပေးဦးမယ်''
''ကျေးဇူးပါပဲ''
''အခုကျွန်တော်အသွင့်ကိုဓာတ်ပုံရိုက်ပေးမယ်''
''အမ်...ဟို အသွင်ကပို့စ်မပေးတတ်ဘူး''
''ကျွန်တော်သင်ပေးပါမယ်...လာ''
သူကအသွင့်လက်ကိုဆွဲပြီး ဘုရားရဲ့အပြင်ဘက်ကိုခေါ်လာလေ၏။
''အသွင်ဒီမှာရပ်''
သူရပ်ခိုင်းတဲ့နေရာမှာအသွင်ရပ်လိုက်သည်။
''ညာဘက်လက်ကိုနောက်ပစ်လိုက်...ပြီးရင်ဘယ်ဘက်လက်ကဆံပင်ကိုနားကြားညှပ်ပြီးခေါင်းလေးနည်းနည်းငုံ့လိုက်...ပြီးတော့ရှက်ပြုံးပုံစံလေးပြုံးလိုက်နော်''
''ဟုတ်ကဲ့''
အသွင်သူပြောတဲ့အတိုင်းအကုန်တစ်သွေမတိမ်းလိုက်နာပြီးသည်နှင့် သူကအသွင့်အားဓာတ်ပုံရိုက်ပေးလာပါတော့သည်။
ထို့နောက်သူကအသွင့်ကိုpostတွေတစ်မျိုးပြီးတစ်မျိုးသင်ပေးရင်းဓာတ်ပုံပေါင်းများစွာကိုရိုက်ပေးလာတော့ အသွင်လည်းသိပ်မရှက်တော့သလိုပါပဲ။
ဒီဘက်မှာအသွင်ကဘုရားဖူးရင်းဓာတ်ပုံရိုက်ရင်းသာယာနေသလောက် အနှိုင်းတစ်ယောက်ကတော့အသွင်ပြန်အလာကိုစောင့်ရင်းနဲ့ မဆီမဆိုင်ဒေါပွနေခဲ့လေသည်။
<<<
အသွင်အိမ်ပြန်ရောက်တော့ အနှိုင်းကအခုထိအိမ်မှာရှိနေသေး၍ အသွင်အံ့သြရပြန်၏။
အခုလောက်ဆိုသူပြန်လောက်ပြီမှတ်တာပေါ့။
''အနှိုင်း...နင်မပြန်သေးဘူးလား''
သူကအသွင့်ကိုခပ်စူးစူးကြည့်ကာ သူမထံသို့လျှောက်လာလေ၏။
''တုနှိုင်းမြတ်လို့ပဲခေါ်လေ''
''......''
''နင်တော်တော်ပျော်နေတာပဲအသွင်''
သူကအသွင့်ပုခုံးလေးနှစ်ဖက်ကိုဆုပ်ကိုင်၍ သူမကျောလေးအားနံရံမှာကပ်လိုက်လေသည်။
''နင်ကငါ့ကိုတော့စိတ်သောကရောက်စေပြီး နင်ကျတော့ဒီမှာအေးအေးလူလူလာနေနေတယ်ပေါ့''
''အနှိုင်း...နင်ငါ့ကိုအရမ်းမုန်းနေတယ်ဆိုလည်းငါ့ကိုဆဲဆိုပစ်လိုက်...ပြီးရင်ငါနဲ့မပတ်သက်ပါနဲ့တော့...ငါ့ကိုအခုလိုစိတ်ဒုက္ခမပေးပါနဲ့''
''အော် အော်...အခုတော့အဲလိုပြောပြီပေါ့လေ...ဟုတ်ပြီ...နင်ကငါ့ကိုနင်နဲ့လာမပတ်သက်စေချင်မှတော့ ငါကဒီမှာကိုရွဲ့ပြီးလာနေဦးမှာ''
''ငါနင်နဲ့မပတ်သက်ချင်ဘူးလို့မပြောမိပါဘူး...ငါ့ကိုမြင်ရင် နင်စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ''
''ဘာပဲဖြစ်ဖြစ်...ငါဒီအိမ်မှာလာနေမယ်...နင်ကျေနပ်လား''
''မကျေနပ်စရာမရှိပါဘူး...နင်လာနေလို့ရပါတယ်''
သူကအသွင့်ကိုဘာမှမပြောတော့ဘဲ အသွင့်ပုခုံးတွေကိုလွှတ်ပြီး အိမ်ထဲကနေထွက်သွားပါတော့သည်။
အသွင်ကတော့ ကြောင်တောင်တောင်နဲ့ပဲကျန်ခဲ့ရ၏။
အနှိုင်းကတစ်ကယ်ပဲဘာဖြစ်ချင်နေမှန်းမသိတော့ပါဘူး။
သူမကိုမကျေနပ်ခဲ့သမျှကို အနီးကပ်လာနေပြီးစိတ်ဒုက္ခပေးဖို့ရည်ရွယ်ထားပုံပင်။
ဘယ်လိုပဲဖြစ်ဖြစ် သူသာစိတ်ချမ်းသာမယ်ဆိုရင် အသွင်ဘာမဆိုလုပ်ပေးမှာပါ။
သူကအသွင်ချစ်ရတဲ့သူမို့...
<<<
အနှိုင်းကနေ့မကူးခင်ဘဲသူမရဲ့အိမ်သို့ရောက်လာလေ၏။
သူနေဖို့အတွက် အသွင်ကမအေးမွန်ကိုဘဲကျန်နေတဲ့အခန်းကိုသေချာပြန်ပြင်ခိုင်းထားလိုက်သည်။
သူရောက်လာတော့ အားလုံးအဆင်သင့်ပါပဲ။
''ဒါနင်နေရမယ့်အခန်းပဲအနှိုင်း...ဘာလိုအပ်တာရှိသေးလဲ''
သူကအခန်းပတ်ပတ်လည်ကိုကြည့်ပြီးမှ...
''အိပ်ရာခင်းနဲ့ခေါင်းအုံးဖုံးအရောင်ကိုမကြိုက်ဘူး...ပြန်ပြောင်းပေး''
''ဘာအရောင်ပြောင်းပေးရမလဲ''
''နက်ပြာရောင်''
''နက်ပြာရောင်မရှိဘူး...အပြာရောင်တော့ရှိတယ်...ငါမအေးမွန်ကိုလဲခိုင်းလိုက်မယ်''
''နင်ကိုယ်တိုင်လဲပေး''
အသွင်သက်ပြင်းသဲ့သဲ့လေးချလိုက်မိသည်။
''အေးပါ...ခဏစောင့်နော်''
အသွင်လည်းဗီရိုအောက်ဆုံးထပ်ကမိုးပြာရောင်အိတ်လေးကိုထုတ်လိုက်၏။
ပြီးတော့နဂိုအိပ်ရာခင်းအစိမ်းရောင်နဲ့ခေါင်းအုံးဖုံးတွေဖက်လုံးစွပ်တွေကိုဖယ်၍ အပြာရောင်နဲ့ပြန်လဲပေးလိုက်လေသည်။
''ရပြီလား''
''အခန်းထဲမှာပန်းတွေထားရင်ကောင်းမယ်နော်...နင့်ပန်းခင်းထဲကပန်းတွေသွားခူးလာခဲ့...ပြီးရင်ပန်းအိုးထိုးပြီးငါ့အခန်းထဲယူခဲ့''
''အေးအေး...ခဏစောင့်''
အသွင်သူ့အခန်းထဲကနေခပ်သွက်သွက်ထွက်ခဲ့လိုက်ပြီး မီးဖိုခန်းထဲကကပ်ကြေးကိုယူကာ အိမ်ထဲကနေထွက်လာခဲ့လိုက်လေသည်။
ပြီးတော့ပန်းခင်းထဲကပန်းဆယ်ပွင့်ကိုခူးပြီး မီးဖိုခန်းထဲပြန်ဝင်လာကာ ပန်းအိုးတစ်အိုးကိုရှာ၍ ပန်းအိုးထိုးပြီးအနှိုင်းရဲ့အခန်းထဲသို့ဝင်ခဲ့လိုက်လေ၏။
''အနှိုင်း...ပန်းအိုးရပြီနော်...ဘယ်နားမှာထားချင်လဲ''
''နင်အဆင်ပြေတဲ့နေရာမှာထားလိုက်''
''စားပွဲပေါ်ပဲတင်ခဲ့လိုက်မယ်''
''အင်း''
အသွင်ပန်းအိုးကိုစားပွဲပေါ်တင်ပြီးသူ့အခန်းထဲကထွက်လာဖို့ပြင်လိုက်စဥ် နောက်ပါးဆီမှတစ်ခုခုကျကွဲသံကြောင့် အလန့်တကြားလှည့်ကြည့်လိုက်တော့ ပန်းအိုးကကြမ်းပြင်ပေါ်မှာကျကွဲနေပြီး ပန်းတွေကလည်းဖန်ကွဲစတွေနဲ့အတူ ပြန့်ကြဲလို့နေတာကိုတွေ့လိုက်ရလေသည်။
''ဆောရီးပဲ...မတော်တဆကျကွဲသွားတာ''
သူ့ရဲ့မခိုးမခန့်အပြုံးကိုမြင်လိုက်ရုံနဲ့ သူတမင်လုပ်တာမှန်းအသွင်သိပြီးသားပါ။
အသွင်လည်းသူနဲ့ဘာမှတုပြောမနေချင်တာမို့ ပန်းအိုးကွဲနားမှာဆောင့်ကြောင့်ထိုင်ပြီး ပန်းပွင့်တွေကိုအရင်ကောက်လိုက်၏။
ပြီးတော့ပန်းအိုးကွဲစတွေကိုကောက်လိုက်စဥ်မှာပဲ သူမလက်ကဖန်ကွဲစရှသွားတော့သည်။
''အာ့!''
အသွင် ကိုယ့်လက်ကသွေးတွေကိုကြည့်၍ ခေါင်းထဲမှာမိုက်ခနဲဖြစ်သွားရကာ အရင်ကပုံရိပ်တွေကိုလည်းပြန်မြင်ယောင်ရပြီး ရင်ထဲမှာတလှပ်လှပ်နဲ့ခံစားလိုက်ရတော့၏။
''အသွင်''
အနှိုင်း ကိုယ့်လက်ကသွေးတွေကိုကြည့်ပြီးကြောင်တောင်တောင်ပုံစံဖြစ်နေသောအသွင့်ဘေးမှာခြေဖျားထောက်ထိုင်ချ၍ ပုခုံးကိုကိုင်ကာခေါ်လိုက်သည်။
''အသွင်''
အသွင်ကဘာမှပင်ပြန်မပြောနိုင်ဘဲ မျက်လုံးတွေကမှေးစင်းလာ၍ သူအသွင့်အားသူ့ပုခုံးပေါ်မှာမှီစေလိုက်လေ၏။
''အသွင်...ဘာဖြစ်တာလဲ...သွေးမြင်လို့လား''
''......''
''အသွင်''
သူအသွင့်ကိုငုံ့ကြည့်လိုက်တော့ အသွင်ကသူ့ရင်ခွင်ထဲမှာသတိလစ်မေ့မြောလို့နေပြီပင်။
သူမကအနီရောင်ကိုမုန်းတာသိပေမယ့် အခုလိုအနီရောင်သွေးစက်လေးကိုမြင်ရုံနဲ့သတိလစ်သွားမယ်လို့မထင်ထားမိပေ။
သူမအခုလိုဖြစ်သွားတာသူ့ကြောင့်လား။
<<<
C.10ဆက်ရန်။