Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.8


ပြင်ဦးလွင်ကရာသီဥတုကအေးစိမ့်စိမ့်မို့ အသွင်အိပ်ရာကနေတော်တော်နဲ့မထနိုင်။


အိပ်လို့ကောင်းလိုက်တာလည်းမပြောပါနဲ့တော့။

စောင်အထူကြီးနဲ့ကွေးနေရတဲ့ဖီလင်ကဘာနဲ့မှကိုမတူတာပါ။


''ဒေါက်...ဒေါက်''


''မမ...ငါဝင်လာပြီနော်''


အခန်းရှေ့ကမောင်ဖြစ်သူအသံကိုကြားပေမယ့်လည်း အသွင်မျက်လုံးမဖွင့်ဘဲပေအိပ်နေလိုက်လေ၏။


ချက်ချင်းဆိုသလိုပဲ တံခါးဖွင့်သံနဲ့အတူခြေသံတရှပ်ရှပ်ကိုပါကြားလိုက်ရပြီး လူငွေ့တစ်ခုကိုပါခံစားလိုက်ရသည်။


''မမ...ထတော့လေ''


''......''


''မမ...ထတော့လို့...ငါမပြန်ခင်မနက်စာအတူစားသွားရအောင်လို့''


''ခဏလေးပဲဆက်ပြီးပေးအိပ်စမ်းပါ''


''မရဘူး...ထဟာ''


ကဗျည်း အစ်မဖြစ်သူကိုယ်ပေါ်ကစောင်ကိုအတင်းဆွဲဖယ်ပြီး အိပ်ရာကနေပါဆွဲထူလိုက်၏။


''ထလို့''


''အေးပါ...ထပြီ''


အသွင် အိပ်ရာကနေထထိုင်ပြီးမှအိပ်ချင်မူးတူးနဲ့ပဲ မောင်ဖြစ်သူကိုမျက်စောင်းထိုးလိုက်၏။


''နင်မျက်နှာသစ်ဖို့ရေပူအဆင်သင့်ပဲ...ပြီးရင်အနွေးထည်ထူထူထဲထဲဝတ်ပြီးအခန်းထဲကထွက်ခဲ့''


''အေးပါ''


မောင်ဖြစ်သူအမိန့်ပေးသမျှကိုနာခံရင်း အသွင်လည်းရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်တော့သည်။


ပြီးတော့ မျက်နှာသစ်သွားတိုက်ပြီး luggageထဲကအနွေးထည်တစ်ထည်ကိုထုတ်ဝတ်ကာ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးသင်၍အခန်းထဲကနေထွက်လာခဲ့လိုက်၏။


ထို့နောက် မောင်နှမနှစ်ယောက်မနက်စာအတူစားခဲ့ကြပါတော့သည်။


''မမ...နင့်ကိုငါတစ်ခါတည်းမှာမယ်နော်...နင်ဒီမှာဘာဇာတ်လမ်းမှရှာဖို့မစဥ်းစားနဲ့...ငါဘာအသံမှမကြားချင်ဘူး''


''အံမာ...လေသံကိုက...ငါကနင့်ထက်အကြီးနော်''


''ငါသိပါတယ်...ဒါပေမယ့်ငါကတော့နင့်ကိုထိန်းချုပ်နေရဦးမှာပဲ...နင်ဘယ်သူနဲ့မှပတ်သက်ဖို့မစဥ်းစားနဲ့''


''အေးပါဟယ်...တစ်ကယ်ပါပဲ''


အသွင် ကဗျည်းအားမျက်စောင်းတွေချည်းလှိမ့်ထိုးပစ်လိုက်၏။


ဖေဖေတောင်မှသူမကိုဒီလောက်အူမတိုဘူး။သူကလွန်ကိုလွန်လွန်းတယ်။


<<<


ကဗျည်းပြန်သွားတော့ အသွင်ပျင်းသလိုလည်းခံစားရလို လွတ်လပ်သလိုလည်းခံစားရသည်။


ဒီကောင်လေးကသူမကိုသူ့ညီမငယ်လိုမျိုးလိုက်ပြီးချုပ်ချယ်ချင်နေတာမို့ အခုသူနဲ့အချိန်တစ်ခုထိဝေးနေတော့ လွတ်လပ်နေရဦးမည်။


အသွင်အတွေးနဲ့အတူအိမ်ထဲကထွက်လာလိုက်ပြီး ပန်းခင်းကြီးဘက်ဆီလျှောက်လာလိုက်၏။


သူမတို့ကနှင်းဆီကိုစီးပွားဖြစ်မဟုတ်ဘဲအလှစိုက်ထားတာမို့ ပန်းတွေကပန်းခင်းအပြည့်နီးပါးပါပဲ။


ပြီးတော့အသွင့်အကြိုက်ပန်းရောင်လေးတွေချည်းပဲစိုက်ထားတာမို့ ပန်းခင်းတစ်လျှောက်ကိုမျှော်ကြည့်လိုက်သည်နှင့် စိတ်ထဲမှာအေးချမ်းသွားပါရော။


အသွင် ပန်းခင်း​ကြားထဲကလျှောက်လမ်းလေးအတိုင်းလျှောက်လှမ်းရင်း ပန်းပွင့်လေးတွေကိုတို့ထိကစားနေတုန်း သူမကိုတစ်ယောက်ယောက်ကကြည့်နေတယ်လို့ခံစားလိုက်ရ၍ ဘေးဘီကိုကပြာကယာဝေ့ဝဲကြည့်လိုက်တော့ သူမတို့ခြံနဲ့ဘေးချင်းကပ်လျက်ခြံကခြံစည်းရိုးဘေးမှာရှိနေတဲ့ယောကျ်ားတစ်​ယောက်ကသူမကိုလှမ်းကြည့်နေတာပင်။


သူမနဲ့အကြည့်ချင်းဆုံတော့ သူကအသွင့်ကိုပြုံးပြလာပြီး...


''ဧည့်သည်လား''


ဟုလှမ်းမေးလာ၏။


အသွင်လည်းသူ့ဆီသို့သွားလိုက်ပြီး ခြံစည်းရိုးကနေ ရင်ခေါင်းလောက်ထိပေါ်နေသောသူ့အားမော့ကြည့်လိုက်သည်။


သူကဘယ်ပေါ်မှာများရပ်နေလို့အခုလောက်ထိအရပ်ရှည်နေလဲမသိ။


''ဧည့်သည်မဟုတ်ဘူး...ပိုင်ရှင်ပါ''


''ဪ...ဟုတ်လား...ကျွန်တော့်နာမည်ကမင်းပိုင်စိုးပါ''


''ကျွန်မနာမည်ကနှင်းဆီသွင်ပါ''


''တွေ့ရတာဝမ်းသာပါတယ်မနှင်းဆီသွင်''


''ကျွန်မကိုအသွင်လို့ပဲခေါ်လို့ရပါတယ်''


''ဟုတ်ကဲ့...ကျွန်တော့်ကိုတော့အဆင်ပြေသလိုခေါ်ပါ''


''ဟုတ်ကဲ့ပါ''


''ဟို...ကျွန်တော်အဲ့ဘက်ကိုလာလည်လို့ရမလားဗျ''


''ဟုတ်...ရပါတယ် လာခဲ့လေ''


''ဟုတ်ကဲ့ဗျ''


သူခုံပေါ်ကနေပြန်ဆင်းခဲ့လိုက်ပြီး သူ့အိမ်ဘက်ကနေအသွင်ဆိုသောကောင်မလေးရဲ့အိမ်ဘက်သို့ကူးလာခဲ့လိုက်လေသည်။


သူရောက်သွားတော့ အသွင်ကသူ့ကိုခြံတံခါးအရန်သင့်လာဖွင့်ပေး၏။


''ကြွပါကိုပိုင်စိုး''


''ဟုတ်ကဲ့''


သူခြံထဲရောက်သည်နှင့် သူ့ဒူးနားလောက်ထိအမြင့်ရှိသောနှင်းဆီပင်တွေအားဝေ့ဝဲကြည့်လိုက်သည်။


''ပန်းတွေကလှလိုက်တာဗျာ...ကျွန်တော်ဒီကို​ရောက်တာနှစ်ဝက်​လောက်ရှိ​​ပြီ...ဒါတွေကိုလာဝယ်တဲ့သူလည်းမတွေ့မိဘူး''


''ဟုတ်တယ်...အသွင်တို့ကအလှပဲစိုက်တာ...အသွင့်ဖိုးဖိုးကအသွင့်ကိုအရမ်းချစ်တာလေ...ဒီခြံလေးကိုအသွင့်အတွက်ရည်ရွယ်ပြီးဝယ်ပေးထားခဲ့တာ...ပြီးတော့အသွင်ကပန်းရောင်နှင်းဆီတွေကြိုက်မှန်းသိလို့ တမင်စိုက်ထားပေးခဲ့တာ''


သူမတို့စကားပြောရင်းနဲ့ပဲ အိမ်ရှေ့မျက်နှာစာမှာရှိတဲ့စားပွဲလေးဆီသို့ရောက်လာလေ၏။


''ထိုင်ပါ...ကိုပိုင်စိုးကော်ဖီကြိုက်တယ်မလား''


''ကြိုက်ပါတယ်''


''အဲဒါဆိုခဏလေးနော်''


ပြောပြီးသူမကအိမ်ထဲသို့မျှော်ကြည့်လိုက်လေ၏။


''မအေးမွန်...မအေးမွန်...''


''လာပြီအသွင်ရေ''


အသံနဲ့အတူ မအေးမွန်ကအိမ်ထဲကနေပြေးထွက်လာလေသည်။


''ဘာလဲအသွင်''


မအေးမွန်ကအသွင့်ကိုမေးပြီးမှ ပိုင်စိုးကိုလှည့်ကြည့်လိုက်ပြီး...


''ဪ...ပိုင်စိုးရောက်နေတာကိုး...အသွင်နဲ့ခင်နေကြပြီလား''


''ခုနလေးကမှမိတ်ဆွေဖွဲ့ထားတာအစ်မ''


''ဪ''


''မအေးမွန်...ကော်ဖီလေးနှစ်ခွက်လောက်ဖျော်ခဲ့ပေးပါနော်''


''အေးအေး''


မအေးမွန်အိမ်ထဲပြန်ဝင်သွားသည်နှင့် အသွင်လည်းမင်းပိုင်စိုးထံသို့အကြည့်ပြန်ပို့လိုက်၏။


''ကိုပိုင်စိုးကပြင်ဦးလွင်ဇာတိပဲလား''


''ဟုတ်တယ်...အရင်ကတော့တစ်ခြားနေရာမှာနေတာ...အခုနေနေတဲ့အိမ်ကိုဝယ်ထားတာနှစ်ဝက်​လောက်ပဲရှိသေးတယ်''


''ဪ''


''အသွင်ကရော ဒီကိုအလည်သဘောနဲ့လာတာလား''


''ဟုတ်တယ်...ဒီမှာသုံးလလောက်တော့နေဦးမှာ...အသွင်ကရန်ကုန်ကလာတာ''


''ဒါဆိုဒီမှာအချိန်တစ်ခုထိကြာဦးမှာပေါ့...အကူအညီလိုရင်ပြောနော်...ကျွန်တော်ကူညီပါ့မယ်...လျှောက်လည်ချင်တယ်ဆိုလည်းလိုက်ပို့ပေးမယ် ကျွန်တော့်ကိုယုံတယ်ဆိုရင်ပေါ့''


''ဟုတ်ကဲ့ပါ...အဲဒါဆို နောက်ရက်တွေမြို့ထဲမှာလျှောက်လည်ချင်ရင် ကိုပိုင်စိုးကူညီဦးနော်...အသွင့်​မောင်​လေးကကားကို​ပြန်ယူသွား​တော့အသွင်လျှောက်လည်ချင်ရင်အခက်တွေ့နေရလို့ အသွင်ကဆိုင်ကယ်လည်းမစီးတတ်ဘူးလေ''


''အသွင်သွားချင်တဲ့နေရာမှန်သမျှကိုအကုန်လိုက်ပို့ပေးပါမယ်''


''ကျေးဇူးပါပဲ''


ထိုစဥ် မအေးမွန်ကကော်ဖီခွက်တွေကိုင်ပြီးသူတို့နားသို့ရောက်လာလေသည်။


''ကော်ဖီလေးသုံးဆောင်ပါဦးကိုပိုင်စိုး''


''ဟုတ်ကဲ့ပါဗျ''


သူကော်ဖီ​ကိုယူသောက်ရင်းနဲ့ သူနဲ့မျက်နှာချင်းဆိုင်က​အသွင့်ကိုကြည့်ကာခိုးပြုံးလိုက်မိ၏။


ကြည်လင်ရှင်းသန့်နေတဲ့မျက်နှာလေးနဲ့သာယာတဲ့အသံလေးအပြင် နူးညံ့တဲ့အပြုအမူလေးတွေနဲ့သူမအား သူကြည့်ရင်းနဲ့သဘောကျလာမိတာပင်။


အခုမှပထမဆုံးမြင်ဖူးတဲ့ကောင်မလေးကို ရင်ခုန်မိတယ်ဆိုရင်သူလွန်ရာကျနေမှာပဲ။


<<<


တုနှိုင်းမြတ်တစ်ယောက် နှစ်ကြိမ်နှစ်ခါရောက်ဖူးသောအသွင်တို့ခြံရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။


သူရောက်စကတော့ ဟိုတယ်တစ်ခုမှာပဲအရင်တည်းဖြစ်သည်။


အခုမှသူမရဲ့ခြံရှေ့သို့ရောက်လာတာပါ။


သူခြံရှေ့ကထင်းရှူးပင်တွေစိုက်ထားတဲ့ပန်းခုံလေးပေါ်တက်ပြီး ခြံထဲကိုမျှော်ကြည့်လိုက်တော့ဘယ်သူ့မှမတွေ့ရ။


မအေးမွန်သည်လည်း ဈေးကနေပြန်လာတုန်း ခြံထဲကိုလူတစ်ယောက်ကချောင်းကြည့်နေ၍ သူခိုးပဲဟုထင်လိုက်မိကာ လမ်းပေါ်ကိုဝေ့ဝဲပြီးခဲတွေတုတ်တွေရှာတော့ အနီးနားမှာဝါးရင်းတုတ်တစ်ခုကိုသွားတွေ့လေ၏။


''သောက်သူခိုး တွေ့ဦးမယ်''


မအေးမွန်ကလက်ထဲကဈေးခြင်းတောင်းကိုချကာ ဝါးရင်းတုတ်ကိုကောက်ပြီး အနှိုင်းကိုနောက်ကနေရို.က်မိရို.က်ရာရို.က်ပစ်လိုက်ပါတော့သည်။


''သောက်သူခိုး...သောက်သူခိုး...ဘာချောင်းနေတာလဲ...ဘာခိုးမလို့လဲ''


အနှိုင်းလည်းရုတ်တရက်မို့ မအေးမွန်ရို.က်သမျှကိုခါးစည်းခံနေရသည်ပင်။


''ကျွန်တော်သူခိုးမဟုတ်ဘူး''


''ဘယ်သူခိုးကခိုးတယ်ပြောမှာလဲ...ကဲဟယ်''


နောက်ဆုံး အနှိုင်းကဝါးရင်းတုတ်ကိုအမိအရလှမ်းဖမ်းလိုက်မှပဲ မအေးမွန်ကသူ့ကိုသေချာသတိထားမိတော့၏။


''ဟင်!...မင်း...မင်းကအနှိုင်းမလား''


''ဟုတ်တယ်အစ်မ''


''ဟော်တော်...အဲဒါကိုအိမ်ထဲမဝင်ဘဲဘာလို့သူခိုးချောင်းချောင်းနေတာလဲ''


''အဲဒါက...''


သူဘာပြန်ဖြေလို့ဖြေရမလဲမသိ။


''အခုကအသွင့်ဆီလာတာလား...လာလာ အိမ်ထဲဝင်''


မအေးမွန်ကဈေးခြင်း​တောင်းကိုပြန်ကောက်ပြီးမှ ခြံတံခါးကိုတွန်းဖွင့်လိုက်သည်။


''လာအနှိုင်း''


အနှိုင်းလည်း နာကျင်နေသောသူ့ကျောနဲ့ခေါင်းကိုဖိပွတ်ရင်း မအေးမွန်နောက်ကနေလိုက်လာခဲ့လိုက်လေ၏။


သူတို့အိမ်ထဲရောက်တော့ အသွင်ကလည်းအခန်းထဲကနေထွက်လာသည်နှင့်လာဆုံပါတော့သည်။

အဖြူရောင်မြန်မာဝတ်စုံလေးကိုဝတ်ထားပြီး မျက်နှာကိုလည်းလိမ်းခြယ်ပြင်ဆင်ထားသည်မို့ ကြည့်ရတာတစ်နေရာကိုသွားမလို့ထင်ပါရဲ့။


''နင်...အနှိုင်း''


သူ့ကိုတအံ့တသြကြည့်နေတဲ့အသွင့်အား သူခပ်တည်တည်ပဲပြန်ကြည့်လိုက်၏။


''ပြောရဦးမယ်အသွင်ရေ...ဒီကောင်လေးပေါ့ အိမ်ထဲကိုသူခိုးချောင်းလာချောင်းနေလေရဲ့...အစ်မလည်းသူခိုးထင်ပြီးဝါးရင်းတုတ်နဲ့အားရအောင်ဆော်ထည့်ပစ်လိုက်မိတယ်...အဲဒါသူ့ကိုဆေးလိမ်းပေးမှရမယ်ထင်တယ်...ခဏလေးနော်အနှိုင်း အစ်မဆေးဗူးသွားယူလာခဲ့မယ်''


မအေးမွန်အနားကထွက်သွားသည်နှင့် အသွင်လည်းအနှိုင်းရှေ့သို့လျှောက်လာခဲ့လိုက်သည်။


''နင်ဒီကိုဘာလာလုပ်တာလဲအနှိုင်း''


''ဒါနင်ပိုင်တဲ့မြို့မို့လို့လား''


''ဒီခြံကတော့ငါပိုင်တဲ့ခြံလေ''


ထိုသို့ဆိုပြန်တော့ သူ့မှာဖြေစရာစကားမရှိ။


ထိုအခိုက် မအေးမွန်ပြန်ရောက်လာပြီးမှ...


''လာအနှိုင်း အစ်မဆေးလိမ်းပေးမယ်''


''ရတယ်အစ်မ...သူလိမ်းပေးလိမ့်မယ်''


သူကအသွင့်ကိုမေးဆတ်ပြကာပြောလာပြီးမှ မအေးမွန်လက်ထဲကဆေးဗူးကိုယူကာအသွင့်လက်ထဲသို့ထည့်ပေး၍ သူကတော့ဧည့်ခန်းထဲကိုခပ်တည်တည်ပဲဝင်သွားလေ၏။


အသွင်လည်းသက်ပြင်းသဲ့သဲ့ချ၍ သူ့နောက်ကနေလိုက်လာခဲ့လိုက်ပြီး သူ့ဘေးမှာဝင်ထိုင်လိုက်သည်။


''ဘယ်နားလဲ''


''တစ်ကိုယ်လုံးပဲ...ကျောတွေရောခြေထောက်တွေရော ခေါင်းရော''


''နင်ကဘာလို့ခြံထဲကိုလာချောင်းနေတာလဲ...အဲတော့ဖြစ်ပြီပေါ့''


''နင်ငါ့ကိုအဲလိုလာပြောပိုင်ခွင့်မရှိဘူး''


သူထိုသို့ပြောတော့ အသွင့်စိတ်ထဲဝမ်းနည်းသွားရလေ၏။


သူ့စိတ်ထဲမှာအသွင့်ကိုအတော်လေးအစာမကြေနေပုံပါပဲ။


''လုပ်လေ...ဘာလုပ်နေတာလဲ''


''ငါကဘယ်လိုလိမ်းပေးရမှာလဲ...နင့်ဒဏ်ရာတွေကိုမှမမြင်ရတာ''


အသွင့်စကားဆုံးသည်နှင့် သူကသူ့ကိုယ်ပေါ်ကရှပ်အင်္ကျီကိုဆွဲချွတ်ကာ သူမကိုကျောပေးထိုင်လိုက်လေသည်။


သူ့ကျောပေါ်ကနီရဲနေတဲ့ဒဏ်ရာတွေကိုကြည့်ပြီး အသွင်စိတ်မကောင်းဖြစ်ရပြန်၏။


''အရမ်းနာနေလား''


''မေးမနေနဲ့...နင်လုပ်စရာရှိတာလုပ်စမ်းပါ''


''အေးပါ''


အသွင်လည်းဆေးဗူးထဲကဆေးအနည်းငယ်ကိုယူ၍ သူ့ဒဏ်ရာတွေကိုဆေးလိမ်းပေးလိုက်သည်။


''နာရင်ပြောနော်''


သူကပြန်မဖြေ။


ထိုစဥ် ပိုင်စိုးကအိမ်ထဲဝင်လာပြီးမှ...


''အသွင်...ကျွန်တော်အဆင်သင့်ဖြစ်ပြီ''


ဟုပြောလာ၍ အသွင်ရောအနှိုင်းပါအိမ်ပေါက်ဝသို့လှည့်ကြည့်လိုက်ကြလေသည်။


ထိုအခါမှပိုင်စိုးကလည်းအနှိုင်းကိုသတိထားမိသွားသည်ပင်။


''ဧည့်သည်ရောက်နေတာပဲ''


''ဧည့်သည်မဟုတ်ပါဘူး...လာလေကိုပိုင်စိုး''


''ဟုတ်ကဲ့''


ပိုင်စိုးကခေါင်းတစ်ချက်ဆတ်ပြီး ဧည့်ခန်းထဲမှာဝင်ထိုင်လိုက်လေ၏။


''သူကဘယ်သူလဲ''


အနှိုင်းကမေးလာခြင်းပင်။


''ငါ့မိတ်ဆွေပါ...ကိုပိုင်စိုး သူကတုနှိုင်းမြတ်တဲ့...အသွင့်ရဲ့အသိပါ...တုနှိုင်းမြတ် သူကမင်းပိုင်စိုးတဲ့ ငါ့သူငယ်ချင်း''


အသွင်ကသူ့ကိုသူစိမ်းဆန်ဆန်ပဲနာမည်အပြည့်အစုံခေါ်လာတဲ့အပြင် သူ့ကိုသာမန်အသိမိတ်ဆွေလိုဆက်ဆံလာတဲ့အပေါ်မှာ အနှိုင်းရင်ထဲအတော်ခံရခက်သွားသည်။


''ကိုပိုင်စိုး ခဏလေးနော်...အသွင်ပိုက်ဆံအိတ်သွားယူလိုက်ဦးမယ်''


ပြောပြီးအသွင်ကအခန်းထဲပြန်ဝင်သွားပြီး ခဏကြာတော့ပိုက်ဆံအိတ်လေးလွယ်ကာအခန်းထဲကပြန်ထွက်လာလေ၏။


''နင်ကဘယ်လဲ''


အနှိုင်းကမကျေမချမ်းလေသံနဲ့မေးလာလေသည်။


''ဘုရားသွားမလို့...နင်ပြန်ချင်ရင်ပြန်နော် ငါ့ကိုမစောင့်နဲ့တော့...သွားရအောင်ကိုပိုင်စိုး''


''ဟုတ်ကဲ့''


ပိုင်စိုးကနေရာကနေထလာပြီး အသွင်နဲ့အတူအိမ်ထဲကထွက်ခဲ့လိုက်တော့၏။


အနှိုင်းလည်းမနေနိုင်မထိုင်နိုင်နဲ့ပဲ ပြတင်းပေါက်ဆီကိုသွားကာ အပြင်ကိုလှမ်းကြည့်လိုက်တော့ ပိုင်စိုးဆိုတဲ့ကောင်ကအသွင့်ကိုဆိုင်ကယ်ဦးထုပ်ပါဆောင်းပေးနေပြီး နှစ်ယောက်သားရယ်မောကာဖြင့်ဆိုင်ကယ်ပေါ်တက်ကာ ခြံထဲကနေမောင်းထွက်သွားကြပါတော့သည်။


သူလည်းဒေါသတွေအလိပ်လိုက်ထွက်ပြီး တစ်ယောက်တည်းကျန်ခဲ့ရလေ၏။


''ဘာ..အသိ..တုနှိုင်းမြတ် ဟုတ်လား...တောက်!''


<<<


C.9ဆက်ရန်။

Report Page