Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.5


ဒီနေ့အသွင်တို့ဖိုးဖိုးဆုံးတာငါးနှစ်ပြည့်နှစ်ပတ်လည်ပါ။

ဒါကြောင့်​အသွင်တို့အိမ်မှာဧည့်သည်တစ်ချို့နဲ့ခြေချင်းလိမ်နေသည်။


သူမအဖေဘက်ကအဖိုးနဲ့ အမေ့ရဲ့မွေးစားအမေက နှစ်နှစ်ခြားပြီးဆုံးပါးသွားခဲ့တာပင်။


ပန်းနုရောင်မြန်မာဝမ်းဆက်လေးနဲ့ ပန်းနုရောင်နှင်းဆီပန်းလေးပန်ထားသောအသွင်က နူးနူးညံ့ညံ့လေးနဲ့လှလွန်းနေသည်။

ထို့ကြောင့် ကဗျည်းကသူမအနားကမခွာ။


အိမ်ကိုလာတဲ့ဧည့်သည်တွေထဲမှာ လူလတ်ပိုင်းအမျိုးသားတစ်ချို့လည်းပါတာမို့ သူ့အစ်မကိုငမ်းကြောထကြမှာစိုးလို့တဲ့လေ။


''အသွင်''


သူမ​ဧည့်သည်တွေကိုဧည့်ခံနေတုန်း အတာ့အသံကြားလိုက်၍ နောက်ကိုလှည့်ကြည့်လိုက်၏။


''အတာတို့ လာကြလေ...ကြွပါအန်ကယ်နဲ့အန်တီ''


အသွင်ကအတာတို့မိသားစုကိုအိမ်ထဲခေါ်လာပြီး စားပွဲတစ်ဝိုင်းမှာထိုင်စေ၏။

ထိုအချိန် သူမမိဘတွေရောက်လာပြီး အတာ့မိဘတွေနဲ့စကားလက်ဆုံကျနေတာမို့ အသွင်နဲ့အတာကလည်း မိဘတွေဆီကနေလစ်ထွက်လာခဲ့လိုက်ကြလေသည်။


''အသွင်...အနှိုင်းမလာသေးဘူးလား''


''မလာသေးဘူး...ငါဖုန်းဆက်ထားတယ် ဘာလို့လဲ''


''သူလာရင် ငါ့မိဘတွေဆီမှာသူနဲ့အပြင်ထွက်လည်ဖို့ခွင့်တောင်းမလို့...အဲဒါ ငါမောင့်ကိုလှမ်းခေါ်ချင်တာ...ငါ့ကိုမောင့်ဆီဖုန်းပေးဆက်စမ်းပါ''


''ဘယ်လို...နင်ကအနှိုင်းနဲ့ထွက်လည်ရင်း ဉာဏ်လင်းနဲ့တွေ့မလို့လား...ဖြစ်ပါ့မလားဟဲ့ ဘယ်လိုတွေ့မှာလဲ''


''အဲဒါငါကြံပါ့မယ်...ငါ့ကိုသာဖုန်းပေးဆက်စမ်းပါ''


''အေးအေး''


အသွင်လည်း စင်ပေါ်မှာတင်ထားတဲ့သူမဖုန်းလေးကိုယူပြီး အတာ့ကိုပေးလိုက်သည်။


အတာကလည်းအလွတ်ရပြီးသားဖြစ်သောမောင့်ရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်လေ၏။


မောင်ကလည်းချက်ချင်းပဲဖုန်းကိုင်သည်။


''ဟဲလို...မောင်လား...တွယ်တာပါ''


''တွယ်တာ...ဘယ်ကနေဆက်နေတာလဲ''


''အတာ့သူငယ်ချင်းရဲ့ဖုန်းနဲ့...မောင်အခုတွယ်တာ့ကိုမျှော်စင်ကျွန်းကတွေ့နေကျနေရာမှာ​စောင့်နေနော်...တွယ်တာအခုပဲထွက်ခဲ့မယ်''


''ဟုတ်ပြီဟုတ်ပြီ...မောင်စောင့်နေမယ်နော်''


''ဪ မောင်...ပိုက်ဆံအလုံအလောက်နဲ့မှတ်ပုံတင်ယူခဲ့ဦး''


ထိုစကားကြောင့် အသွင့်မျက်လုံးလေးတွေဝိုင်းစက်သွားရလေသည်။

ဒီစကားကမဟုတ်မှ...


''တွယ်တာပြောသလိုဖြစ်စေရမယ်''


''အင်းပါမောင်...ဒါပဲနော်''


အတာဖုန်းချပြီးသည်နှင့် အသွင်က...


''အတာ...နင်မဟုတ်မှ...''


အတာကခေါင်းအသာညိတ်ပြလာသည်။


''နင်အခုလိုလုပ်လိုက်ရင်အနှိုင်းအရမ်းခံစားသွားရမယ်ထင်တယ်နော်''


''အဲဒါဆိုငါကအနှိုင်းနဲ့ပဲရိုးမြေကျအတူနေသွားရတော့မှာလား...နင်ဘာမှရှည်ရှည်ဝေးဝေးတွေလျှောက်တွေးမနေစမ်းပါနဲ့ဟာ ငါ့ဘာသာကြံမယ် ဟုတ်ပြီလား''


အသွင်သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။


သူမကအနှိုင်းနဲ့အတာ့ကြားမှာကောင်းကောင်းကြီးညပ်နေသည်ပဲ။


ထိုအခိုက် အနှိုင်းရဲ့ကားလေးကပေါ်တီကိုအောက်မှာထိုးရပ်သွားတာမြင်လိုက်၍ အသွင့်နှလုံးသားကအခုန်မြန်လာခဲ့ရလေ၏။


''ဟန်မပျက်နေနော်''


ပြောပြီးသည်နှင့်အတာကအနှိုင်းတို့ကိုသွားကြိုပြီး သူ့ကိုလည်းသူမမိဘတွေထံသို့ဆွဲခေါ်သွားလေသည်။


ခဏနေကျရင် သူမတို့ကြားမှာဘာတွေပြောင်းလဲသွားကြတော့မှာလဲ။


''အန်ကယ်မော်ကွန်း...အန်တီဖယောင်း အနှိုင်းနဲ့အတာကချစ်သူတွေဖြစ်နေကြပြီ''


''ဟုတ်လား''


''ဟုတ်အန်တီ''


အတာကအနှိုင်းရဲ့လက်မောင်းကိုချိတ်ဆွဲပြီး မျက်နှာမှာလည်းအပြုံးပန်းတွေဝေဆာကာ အသွင့်ရဲ့မိဘတွေကိုသူတို့အကြောင်းပြောပြလို့နေလေ၏။


''အတာတို့ချစ်သူဖြစ်တာမကြာသေးဘူးရယ်...သူငယ်ချင်းကနေချစ်သူဖြစ်သွားတာဆိုတော့ အချင်းချင်းကလည်းညှိစရာသိပ်မလိုဘူးလေ...ပြီးတော့ အနှိုင်းကလည်းအတာ့ကိုချစ်ခွင့်ပန်ထားတာကြာပြီ''


''ကောင်းပါတယ်...အနှိုင်းကလည်းလိမ္မာတဲ့ကလေးပဲကို''


အနှိုင်းရဲ့အမေက...


''အမလေး...သူကအုံ့ပုန်း ကျမမှာလေ မခင်ဦးပြောမှပဲသူတို့အကြောင်းသိရတယ်''


ဟု သားဖြစ်သူကိုမျက်စောင်းတထိုးထိုးနဲ့ဆို၏။


''မဟုတ်ပါဘူးမေမေရာ...ကျွန်တော်လည်းပြောဖို့စဥ်းစားထားပြီးသားပါ''


အသွင်လည်းလူကြီးတွေနားသို့ခပ်ရို့ရို့သွားထိုင်လိုက်သည်။


''အသွင်လေးကချစ်စရာကောင်းနေလိုက်တာ...လူတောင်မှားတယ်''


အနှိုင်းရဲ့အမေကပြေလာ၏။


''ကျေးဇူးတင်ပါတယ်အန်တီနီလာ''


''ဒီလောက်လှနေလို့လည်းကဗျည်းကသူ့အစ်မကိုအူတိုပြီးအထိမခံတာပေါ့''


အန်တီခင်ဦးကပါပြောလာတော့ အသွင်နေလို့မတတ်စွာနဲ့ပဲ ခေါင်းငုံ့ထားလိုက်မိလေသည်။


''ဒါနဲ့မေမေ...အတာ အနှိုင်းနဲ့လျှောက်လည်ချင်တယ်...ချစ်သူဖြစ်ပြီးကတည်းကဘယ်မှမသွားရသေးဘူး''


ဒေါ်ခင်ဦး သမီးဖြစ်သူတောင်းဆိုတာကိုသိပ်လက်မခံချင်။

သူ့စိတ်ထဲမှာသမီးကိုသိပ်ပြီးစိတ်မချချင်သေးပေ။


''ဟုတ်တယ်အန်တီ...ကျွန်တော်တို့ကိုခွင့်ပြုပေးပါလား''


''မင်းကလည်းကွာ ခွင့်တောင်းရမယ့်သူတွေမှမဟုတ်တာ...ခေါ်သွားလိုက်''


ဘာမှမသိတဲ့ဦးသက်နောင်ကရှောရှောရှူရှူပဲခွင့်ပြုလာလေ၏။


''ဟုတ်ကဲ့အန်ကယ်...ကျေးဇူးပါပဲ''


''နင်လည်းလိုက်ခဲ့နော်အသွင်''


အတာကပြောလာတော့အနှိုင်းရောအတာပါလှုပ်လှုပ်ရှားရှားဖြစ်သွားလေ၏။


''အမ်!...ငါကဘာလိုက်လုပ်ရမှာလဲ...သူများအတွဲကြားထဲမှာကန့်လန့်ကန့်လန့်နဲ့မပါချင်ပါဘူး''


''ဟုတ်သားပဲအတာကလည်း...အသွင်ကဘယ်နေတတ်မှာလဲ''


''မရဘူး...ခေါ်မှာပဲ နင်လိုက်ရမယ်အသွင်''


''ဒါပေမယ့်...''


''ဒါပေမယ့်တွေဘာတွေလုပ်မနေပါနဲ့...လိုက်ခဲ့နော်...အနှိုင်း အသွင့်ကိုခေါ်လိုက်''


အနှိုင်းကလည်းချစ်သူလေးနဲ့နှစ်ယောက်တည်းတီတီတာတာနေချင်ပါဆိုမှ အသွင်ကဘေးမှာပါနေရင်ဘယ်လိုလုပ်ပြီးလွတ်လပ်ပါတော့မလဲ။

အဲလိုမှမဟုတ်ရင်လည်း အတာကသူနဲ့လိုက်မှာမဟုတ်တော့သလို အသွင်ကလည်းစိတ်မကောင်းဖြစ်ဦးမည်။


''အသွင်...နင်လိုက်ခဲ့လိုက်ပါ...မဟုတ်လည်းငါတို့ကသူငယ်ချင်းတွေပဲကို''


''......''


''လိုက်သွားလိုက်ပါသမီးအသွင်ရယ်...ခါတိုင်းလည်းသုံးယောက်အတူသွားနေကျပဲ''


အန်တီနီလာကပြောလာသည်။


ခါတိုင်းကသုံးယောက်လုံးကသူငယ်ချင်းအနေအထားနဲ့သွားကြတာလေ...


အခုက...


''ဟုတ်ကဲ့ပါအန်တီ...အဲဒါဆိုငါအဝတ်အစားသွားလဲလိုက်ဦးမယ်နော်အတာ...ခဏစောင့်ကြ''


အတာကခေါင်းညိတ်ပြလာသည်နှင့် အသွင်လည်းအိမ်ပေါ်တက်ခဲ့လိုက်ပြီး အဝတ်အစားလဲ၍ အောက်ထပ်ကိုပြန်ဆင်းလာခဲ့လိုက်၏။


သူမအောက်ထပ်ကိုရောက်တော့ အနှိုင်းတို့ကသူမကိုကားနားမှာအရန်သင့်ရပ်စောင့်နေတာမို့ အသွင်လူကြီးတွေကိုနှုတ်ဆက်ပြီး အနှိုင်းတို့ဆီကိုပဲတန်းတန်းမတ်မတ်လျှောက်လာလိုက်တော့သည်။


''သွားလို့ရပြီနော်''


အတာကတက်ကြွစွာနဲ့ပဲကားရှေ့ခန်းမှာဝင်ထိုင်သလို အနှိုင်းကလည်းကားမောင်းသူနေရာမှဝင်ထိုင်လိုက်ပြီး အသွင်ကတော့ကားနောက်ခန်းမှာဝင်ထိုင်လိုက်သည်နှင့် ကားလေးကနေရာနေထွက်ခွာလာပါတော့သည်။


အတာကတက်ကြွနေသလောက် အသွင်ကတော့ဧရာမကျောက်တုံးကြီးကိုရင်ခွင်ထဲမှာပွေ့ပိုက်ထားရသလိုပါပဲ။


စိတ်မသက်မသာနဲ့...


<<<


အတာက ဉာဏ်လင်းနဲ့ချိန်းထားတဲ့ဆီကိုရောက်သည်နှင့် အနှိုင်းနဲ့အသွင့်ကိုမလှိမ့်တပတ်နဲ့ထားခဲ့ပြီး သူမကတော့အပေါ့သွားမယ်ဟုအကြောင်းပြကာ ဉာဏ်လင်းနဲ့ချိန်းထားတဲ့နေရာဆီသို့ထွက်သွားလေ၏။


''အနှိုင်း...ငါပါဘာလို့စိတ်အနှောက်အယှက်ဖြစ်နေလား''


''မဖြစ်ပါဘူး''


''ဟုတ်လို့လား...နင့်မျက်နှာကိုကြည့်ရတာတော့ အတော်လေးစိတ်ညစ်နေပုံပါ''


အနှိုင်းကခဏနှုတ်ဆိတ်သွားပြီးမှ...


''အင်း...ပြောရရင် ငါကချစ်သူနဲ့လျှောက်လည်တာလေ...နှစ်​ယောက်တည်းလွတ်လွတ်လပ်လပ်သွားချင်တာပေါ့...အတာကဘာသဘောနဲ့နင့်ကိုခေါ်လာမှန်းမသိဘူး''


သူ့ဆီကထိုစကားကိုတစ်ကယ်ကြီးကြားရပြန်တော့လည်း အသွင်စိတ်မကောင်းဖြစ်ရ၏။


သူမကခေါင်းငုံ့ကျသွားတော့ အနှိုင်းအနေနဲ့မနေသာပြန်။


''ကဲပါ...အဲ့ရုပ်ကြီးဖြစ်မနေပါနဲ့...ငါကနင့်ကိုအရှုပ်ထုပ်လို့ပြောနေတာမဟုတ်ဘူး...နင်ဝမ်းမနည်းပါနဲ့''


အသွင်ကဘာမှပြန်မပြော။


''အတာကလည်းကြာလိုက်တာဟာ''


သူဆိုင်ထဲကနေလည်ဆန့်ကြည့်ရင်းမှတီးတိုးရေရွတ်လိုက်၏။


သူမသိလိုက်တာက အတာကအောင်မြင်စွာနဲ့ပဲသူ့ချစ်သူနောက်ကိုလိုက်သွားပြီဆိုတာပါပဲ။


တစ်ဖက်တွင်....


ဒေါ်ခင်ဦးတစ်ယောက် အသွင်တို့အိမ်ကနေပြန်​ရောက်ကတည်းကအဝတ်အစားပင်မလဲနိုင်ဘဲ လူကတစ်ခုခုကိုစိုးရိမ်ကြောင့်ကြစွာနဲ့ပဲ ဧည့်ခန်းထဲမှာဟိုလျှောက်ဒီလျှောက်ဖြင့် ဂနာမငြိမ်ဖြစ်နေရသည်။


''ခင်ဦး...မင်းဘာလုပ်နေတာလဲ အဝတ်အစားမလဲဘူးလား''


အဝတ်အစားလဲပြီးအိမ်ပေါ်ကနေဆင်းလာတဲ့ခင်ပွန်းသည်ရဲ့မေးခွန်းကိုလည်းမဖြေနိုင်။


''ခင်ဦး''


''ဘာလဲရှင်''


''မင်းဘာဖြစ်နေတာလဲ''


''စိတ်ပူနေတာ''


''ဘယ်သူ့ကိုလဲ...မဟုတ်မှ သမီးကိုလား''


''ဟုတ်တယ်''


''ဘာစိတ်ပူစရာရှိလို့လဲ...အနှိုင်းနဲ့ပါသွားတာပဲဟာ...ငါတို့ဆီကလည်းခွင့်တောင်းသွားတာပဲ''


''အေး...ယုံကြည်မှုကနေသတိတစ်ချက်လွတ်ပြီး ပြင်လို့မရတဲ့အရာကိုလုပ်သွားမှာစိုးလို့''


''မင်းဘာတွေပြောနေတာလဲခင်ဦး''


''ရှင်မသိပါဘူး''


ပြောပြီးသည်နှင့်ဒေါ်ခင်ဦးက စားပွဲပေါ်ကသူ့ဖုန်းကိုကောက်ပြီး နံပါတ်တစ်ခုကိုနှိပ်လိုက်လေသည်။


အနှိုင်းသည်လည်း အတာထွက်သွားတာအရမ်းကြာနေပြီမို့ စိတ်ပူပြီးနောက်ကလိုက်ခေါ်ဖို့ဆုံးဖြတ်လိုက်တုန်း သူ့ထံဖုန်းဝင်လာ၍သူစားပွဲပေါ်မှာမှောက်တင်ထားတဲ့ဖုန်းကိုလှန်ကြည့်လိုက်တော့...


''အန်တီခင်ဦးပဲ''


ထိုစကားကြားတော့ အသွင်က


''မကိုင်နဲ့''


ဟုဆိုကာ သူ့လက်ထဲကဖုန်းကိုဆွဲလုလာလေသည်။


''နင်ဘာလုပ်တာလဲအသွင်''


''ဟို...အဲဒါက...''


ထိုစဥ် အသွင့်ထံပါဖုန်းဝင်လာ၍ အသွင်ကသူ့ဖုန်းကိုလည်းပြန်မပေးဘဲ သူမဖုန်းကိုလည်းကိုင်လိုက်လေ၏။


''ဟဲလို''


သူမကထိုတစ်ခွန်းသာပြောပြီး သူ့ထံသို့ဖုန်းထိုးပေးလာ၍ အနှိုင်းကမျက်ခုံးအစုံစုကျုံ့နေရင်းမှ သူမဖုန်းကိုဆွဲယူကာနားမှာကပ်လိုက်လေသည်။


''ဟဲလို''


''ငါပါအနှိုင်း''


''အတာ...နင်ဘယ်ရောက်နေတာလဲ ပျောက်သွားတာအကြာကြီးပဲဟာ''


''ငါနင့်ကိုလှမ်းပြီးတောင်းပန်တာပါအနှိုင်း...တစ်ကယ်တော့ ငါနဲ့ဉာဏ်လင်းကချစ်သူတွေဖြစ်နေကြတာ''


''ဘာ!''


''ဟုတ်တယ်...အဲဒါကိုငါ့အမေသိသွားပြီး ငါ့ကိုအိမ်ထဲမှာအကျယ်ချုပ်ချခဲ့လို့ မေမေငါ့ကိုယုံအောင် နင်နဲ့တွဲပြခဲ့တာ''


''ဟာ...''


''ငါတောင်းပန်ပါတယ်အနှိုင်း...ငါ့ကိုစိတ်ဆိုးပြီးမုန်းပစ်ချင်လည်းရပါတယ်...ငါမောင်နဲ့မခွဲနိုင်လို့အခုလိုလုပ်မိတာပါ...ငါ့ကိုနားလည်ပေးပါနော်''


ပြောပြီးသည်နှင့် အတာကဖုန်းချသွားပါတော့သည်။


ထိုအခါ အနှိုင်းရဲ့အကြည့်စူးစူးကသူမထံရောက်လာ၍ အသွင့်ကျောထဲမှာစိမ့်ခနဲဖြစ်သွားရလေ၏။


''အ...အနှိုင်း''


''နင်သိပြီးသားလားအသွင်''


''.......''


''နင်သိနေပြီးသားပဲအသွင်...နင်တို့ကငါ့ကိုပေါင်းလိမ်ကြတာပဲ''


''မဟုတ်ဘူးအနှိုင်း...ငါနင့်ကိုထိခိုက်စေချင်တဲ့စိတ်နဲ့အခုလိုလုပ်ခဲ့တာမဟုတ်ပါဘူး...အတာကအကူအညီတောင်းလို့ပါဟာ''


''တော်စမ်းပါ!''


သူဒေါသတကြီးနဲ့ပဲထိုင်ရာကထရပ်လိုက်လေသည်။


''တစ်​ယောက်ကငါ့နှလုံးသားကိုလှည့်စားတယ်...တစ်ယောက်ကဘေးကနေကူညီတယ်...အဓိကတရားခံကနင်ပဲနှင်းဆီသွင်''


''ဟင်!''


''နင်သူ့ကိုကူညီတာဘာမှမဖြစ်ပေမယ့် ငါ့ကိုတော့သစ္စာမဖောက်သင့်ဘူး...တစ်ကယ်ဆိုရင် ငါ့ကိုအမှန်အတိုင်းပြောပြီးအကူအညီ​တောင်းဖို့ အတာ့ကိုတိုက်တွန်းခဲ့သင့်တာ...အဲဒါဆိုအခုလိုဖြစ်မှာမဟုတ်ဘူး''


အသွင်ဘာမှပြန်မပြောနိုင်ခဲ့ပေ။


အရာအားလုံးကအသွင့်အမှားပေါ့။


''နင်တို့လိုကလိမ်ကကျစ်ကျပြီး စိတ်ရင်းစိတ်ဓာတ်နိမ့်ကျနေတဲ့မိန်းမတွေနဲ့ပတ်သက်မိတာငါ့အမှားပဲ!...နင်တို့ကိုငါ့သူငယ်ချင်းစားရင်းထဲကထုတ်လိုက်ပြီ...နင့်ကိုငါပိုပြီးမုန်းတယ်အသွင်!...လူမိုက်အားပေးလုပ်ပြီး ငါ့ကိုသစ္စာဖောက်ခဲ့လို့ နင့်ကိုပိုမုန်းတာ''


အသွင် သူ့ကိုမျက်ရည်တွေဝေ့သီနေသောမျက်ဝန်းတွေနဲ့မော့ကြည့်လိုက်စဥ်မှာပဲ သူကအသွင့်လက်ထဲကသူ့ဖုန်းကိုဆွဲယူပြီး နေရာကနေထွက်သွားပါတော့သည်။


''နင့်ကိုငါပိုပြီးမုန်းတယ်အသွင်''


''နင့်ကိုငါပိုပြီးမုန်းတယ်အသွင်''


အထပ်ထပ်ကြားယောင်လာသောစကားသံနဲ့အတူ အသွင့်နှလုံးသားတစ်ခုလုံးကြေမွသွားခဲ့ရလေ၏။


အဆုံးသတ်မှာအရာအားလုံးမှားခဲ့တာအသွင်ပဲဖြစ်ပြီး ပိုအမုန်းခံရတာလည်းအသွင်ပဲတဲ့...


ရယ်စရာတော့ကောင်းသား...ရင်တော့နာတာပေါ့လေ။


<<<


C.6ဆက်ရန်။

Report Page