Rose

Rose

Ro se

သူ့အချစ်မှလွဲလို့


Chapter.4


''ဘယ်လို...နင် နင်ငါ့ကိုချစ်တယ် ဟုတ်လားအတာ''


မယုံနိုင်ပုံနဲ့ပြန်မေးလာသောအနှိုင်းအား သူမစိတ်မကောင်းသလိုပြန်ကြည့်မိသည်။

မတရားဘူးထင်ပေမယ့်မတတ်နိုင်ဘူးလေ။


မောင်နဲ့နီးရဖို့ဘာမဆိုလုပ်ရမှာပဲ။


''ဟုတ်တယ်...ငါနင့်ကိုချစ်တယ်အနှိုင်း''


''ဟား...ငါဝမ်းသာလိုက်တာဟာ ငါဒီစကားကိုကြားချင်နေတာကြာလှပြီ''


တုနှိုင်းမြတ် ဝမ်းသာအားရနဲ့ပဲအတာ့ကိုယ်လေးအားဖက်တွယ်လိုက်သည်။


အတာ့ရဲ့ ခံစားချက်မဲ့နေတဲ့မျက်နှာကိုတော့သူမြင်ရလိုက်တဲ့အတွက် ဒီလောကမှာသူကအပျော်ဆုံးနဲ့ကံအကောင်းဆုံးလို့ထင်မြင်နေမိတာပင်။


တစ်ဖက်မှာတော့ အသွင်ကအတာပေးလိုက်တဲ့စာကိုယူပြီး ဉာဏ်လင်းထံသို့ရောက်လာလေ၏။


စာထဲမှာရေးထားသည်က...


''မောင်...မေမေ့ရဲ့ယုံကြည်မှုကိုပြန်ရအောင် တွယ်တာအခုတစ်ခြားတစ်ယောက်နဲ့တွဲပြမှဖြစ်မယ်...မောင့်ဘက်ကအားလုံးအဆင်သင့်လုပ်ထားပါ...အခွင့်အရေးရတာနဲ့ အတာတို့အတူထွက်ပြေးကြမယ်...အရမ်းချစ်တယ်မောင်''


တဲ့...။


''အဓိပ္ပါယ်မရှိ​တာကွာ...အဲလိုနဲ့တွယ်တာကဟိုကောင့်ကိုချစ်သွားရင်ရော''


''အဲ့အတွက်တော့ပူမနေပါနဲ့...သူအဲ့တစ်​ယောက်ကိုချစ်ချင်မှဖြင့် နင်ဆိုတာသူ့ကောင်လေးဖြစ်လာမှာမဟုတ်ဘူး''


''ဒါပေမယ့်ငါစိတ်မအေးဖြစ်နေတုန်းပဲ ဒီလိုလုပ် ငါဒီညပဲသူ့ကိုလာခိုးမယ်ပြောလိုက်''


''အဲလောက်လွယ်နေရင်တော့ အခုလောက်ထိအလုပ်ရှုပ်ခံနေမှာမဟုတ်ဘူး...နင်အန်တီခင်ဦးအကြောင်းဘယ်လောက်သိလို့လဲ...အန်တီကလွယ်တာမဟုတ်ဘူး နင်နဲ့အတာ့အကြောင်းသိသွားတာပဲကြည့်တော့...နင်တို့ခိုးပြေးလည်းမအောင်မြင်တဲ့အပြင်ပိုဝေးသွားမှာ...အတာကသူ့အမေအကြောင်းကိုအကုန်လုံးထက်ပိုသိတယ်...နင်သူပြောတဲ့အတိုင်းသာလုပ်စမ်းပါ''


''ငါတွယ်တာ့ကိုဆုံးရှုံးရမှာကြောက်တယ်ဟာ''


သူ့ကိုအသွင်ကိုယ်ချင်းစာပေးလို့ရပါတယ်။

လူတိုင်းကတော့ကိုယ်ချစ်တဲ့သူကိုဆုံးရှုံးမှာကြောက်သလို အထိခိုက်အရှနာဖြစ်မှာလည်းကြောက်ကြတာပဲ။


အသွင်လည်းအနှိုင်းထိခိုက်မှာကိုအရမ်းကြောက်တယ်။

ဒါပေမယ့်လည်း ဉာဏ်လင်းနဲ့အတာကအရမ်းချစ်ကြတာမို့ ခွဲခွာလိုက်ရမယ်ဆိုရင်ရင်နာစရာကောင်းနေမှာပင်။


တစ်ကယ်ကို အသက်ရှူရခက်လိုက်တာ။


<<<


🎶အဝေးမှာလွင့်တဲ့တိမ်တွေရယ်🎶တို့စိတ်ကူးလိုပျံသန်းဆဲ🎶ကြုံဆုံခဲ့တဲ့အမှတ်တမဲ့အဖြစ်လေးတွေ🎶အချိန်ရှိတိုင်းပဲအမှတ်တရလိုရင်ထဲ🎶ချည်နှောင်ထားတော့သူ့ရဲ့အရိပ်ကလေးလို ရှင်သန်ရင်းနဲ့....🎶တိတ်တိတ်လေးငေးကြည့်ပြီးကျွန်မရင်ခွင်ထဲ🎶တိတ်တိတ်လေးတွေးကြည့်ပြီးလှိုက်ရင်ဖိုခဲ့🎶သူ့တစ်​ယောက်အတွက် မြတ်နိုးနှောင်တွယ် ပွင့်ဝေခဲ့ပြီမေတ္တာတွေ သူမသိလည်း🎶တိတ်တိတ်လေး အိပ်မက်ပြီးကျွန်မရဲ့အချစ်များ🎶တိတ်တိတ်လေးပေးအပ်ပြီးစွဲထင်ကျန်သွား🎶နှလုံးသားထဲ ကျေနပ်စွာရယ် တိတ်တိတ်လေးခိုနားနေမယ် ဒီအလွမ်း🎶


ခြံထဲကနားနေဆောင်ရဲ့ခုံတန်းလျားကျောမှီမှာ ကိုယ်တစ်စောင်းအနေအထားနဲ့ခေါင်းလေးမှီကာ သီချင်းနားထောင်နေရင်းမှ အသွင်မျက်ရည်တွေကျလာရ၏။


ဒီသီချင်းလေးက သူမနေ့တိုင်းနားထောင်ဖြစ်ပြီး ဘယ်တော့မှမရိုးသွားတဲ့သီချင်းလေး။

သူမခံစားချက်တွေနဲ့လည်းထပ်တူညီနေသေးတယ်လေ။


ထိုစဥ် သူမနားကြပ်တစ်ဖက်ကဆွဲဖြုတ်ခံလိုက်ရ၍ အသွင်ကပြာကယာလှည့်ကြည့်လိုက်တော့ အနှိုင်းကသူမနားကြပ်တစ်ဖက်ကိုသူ့နားမှာတပ်ထားသည်ကိုတွေ့လိုက်ရလေ၏။


''နင်ဒီသီချင်းကိုတော်တော်ကြိုက်...''


အနှိုင်းကအသွင့်ရဲ့မျက်ရည်တွေကို​မြင်သွားပြီး သူပြောမယ့်စကားကိုပင်ဆက်မပြောတော့ပေ။


''နင်ငိုနေတာလားအသွင်''


အသွင်ကပြာကယာနဲ့ပဲမျက်ရည်တွေသုတ်လိုက်၏။


''မဟုတ်ပါဘူးဟ...​ဒီအတိုင်း မျက်လုံးစပ်လို့''


''ဟုတ်လို့လား''


''အင်း...နင်ကဘာလာလုပ်တာလဲ''


''နင့်ဆီအလည်လာတာပေါ့''


''နင့်ကောင်မလေးဆီပဲသွားစမ်းပါ''


''နင်သိပြီးပြီပေါ့...အင်းလေ နင်သိသင့်ပါတယ်...အတာကငါ့ကိုပြောတယ်...သူငါ့ကိုအဖြေပေးဖို့ နင်ကတိုက်တွန်းခဲ့တာတဲ့...ဟုတ်လား''


''အမ်!...အင်...အင်း''


''အဲဒါကြောင့်ကငါကနင့်ကိုအရမ်းခင်နေရတာ...နင်ကတအားအားကိုးရတာပဲအသွင်...ငါနင့်ကိုကျေးဇူးတင်တဲ့အနေနဲ့ဝက်သားဒုတ်ထိုးလိုက်ကျွေးမယ်''


''အကုန်အကျများနေမယ်''


''အဲဒါနင်အကြိုက်ဆုံးအစားအစာလေ...ကြိုက်သလောက်စား...ok?''


''ပြီးရော''


အသွင်ကခြံတံခါးဘေးမှာကပ်ထောင်ထားတဲ့ပြိုင်ဘီးလေးကိုလှမ်းကြည့်ပြီးမှ...


''နင်ဒီကိုစက်ဘီးနဲ့လာတာလား''


ဟုမေးလာ၏။


''ဟုတ်တယ်...ငါ့ကားဘီးကပေါက်သွားလို့ဝပ်ရှော့ပို့ထားရတာ''


''ငါ့ကားကလည်းမေမေယူသွားတယ်''


''ဘာဖြစ်လဲ...စက်ဘီးနဲ့သွားမှာပေါ့''


''ငါကဘယ်ကလိုက်ရမှာလဲ''


''ငါ့ရှေ့က​ဘောင်ပေါ်ကနေလိုက်စီးပေါ့''


''ဟမ်!''


အသွင်ဘာမှမပြောရသေးခင်မှာပဲ သူကအသွင့်လက်ကိုဆွဲပြီးနေရာကနေခေါ်ထုတ်လာပါတော့သည်။


''ခဏလေး...ငါ့ဖုန်းသွားထားလိုက်ဦးမယ်''


သူမအနှိုင်းလက်ကိုဖြုတ်၍ အိမ်ထဲသို့ပြေးဝင်ကာ ဖုန်းကိုဧည့်ခန်းထဲကစားပွဲပေါ်တင်ခဲ့ပြီး အပြင်သို့ပြန်ပြေးထွက်လာခဲ့လိုက်လေ၏။


''ရပြီ...သွားမယ်''


အနှိုင်းကစက်ဘီးကိုခြံပြင်ထိတွန်းသွားပြီး စက်ဘီးပေါ်တက်လိုက်သည်နှင့် အသွင်လည်းခြံတံခါးကိုပိတ်ပြီး အနှိုင်းဘေးသို့သွားလိုက်သည်။


''ဘယ်လိုတက်ရမှာလဲ''


အနှိုင်းကအသွင့်အားသူ့ကိုကျောပေးရပ်စေလိုက်ပြီး သူမခါးလေးကိုအသာဖက်ကာ သူ့ရှေ့ကစက်ဘီးဘောင်ပေါ်သို့ဆွဲတင်လိုက်ပါတော့သည်။


ထိုအခိုက်အတန့်လေးမှာပဲ ခုနကဝမ်းနည်းနေတဲ့အသွင့်ရဲ့စိတ်တွေက ချက်ချင်းဆိုသလိုပဲပျောက်ရှသွားခဲ့ရလေ၏။


အသွင့်ရဲ့နှလုံးသားကလည်း အဆမတန်အခုန်မြန်နေလိုက်တာများ။


''ရလား''


''အင်း''


''သေချာကိုင်ထား''


''အေးပါ''


အသွင် စက်ဘီးလက်ကိုင်ကိုကိုင်လိုက်သည်နှင့် အနှိုင်းကလည်းစက်ဘီးကိုစတင်နင်းပြီး နေရာကနေထွက်လာခဲ့ပါတော့သည်။


ဒီအချိန်လေးကိုရပ်ထားချင်လိုက်တာ။


<<<


အနှိုင်းနဲ့ချစ်သူဖြစ်သွားတဲ့အကြောင်းကိုသိတော့ အတာ့အမေကသိပ်မယုံချင်ပုံပါပဲ။


ဉာဏ်လင်းနဲ့ပြ.တ်သွားတဲ့ရက်ပိုင်းလေးအတွင်းမှာ သူမကအနှိုင်းနဲ့ချစ်သူဖြစ်သွားခဲ့တာကိုး။


''အနှိုင်းနဲ့ကိစ္စကတစ်ကယ်ပဲလားသမီး''


''တစ်ကယ်ပေါ့မေမေရယ်...မေမေမယုံဘူးလား''


''ယုံတယ်ပဲထားပါတော့...အနှိုင်းကလည်းမေမေတို့မျက်စိရှေ့မှာတင်ကြီးလာတဲ့ကလေးပဲ...အဲတော့ဘာမှအထွေအထူးပြောစရာမရှိပါဘူး''


''အဲဒါဆိုဖုန်းပြန်ပေးတော့လေမေမေ''


''မပေးသေးဘူး''


''ရှင်...ဘာလို့လဲမေမေ...အဲဒါဆိုအတာကအနှိုင်းနဲ့ဘယ်လိုစကားသွားပြောရမလဲ''


''လိုလို့လား...မဟုတ်လည်းအချိန်မရွေးတွေ့လို့ရနေတာပဲလေ''


''.......''


''သူမေးရင်လည်းဖုန်းပျက်သွားတယ်ပြောလိုက်ပေါ့...အနှိုင်းနဲ့လက်ထပ်ပြီးမှပဲ မေမေ့ဘက်ကအားလုံးကိုစိတ်ချလက်ချယုံပေးမယ်''


''မေမေအခုလောက်ထိလုပ်မှဖြစ်မှာလား''


ထိုအချိန်မှာပဲ သူမအဖေဦးသက်နောက်ကအိမ်ပေါ်ကနေဆင်းလာလေ၏။


''သားအမိနှစ်ယောက်ဘာတွေပြောနေကြတာလဲ''


မေးရင်းနဲ့သူမအဖေက ဧည့်ခန်းရဲ့ထိပ်ဆုံးကခုံမှာဝင်ထိုင်လိုက်သည်။


''ရှင့်သမီးလေ...အနှိုင်းနဲ့ချစ်သူဖြစ်နေပြီတဲ့''


''တစ်ကယ်လားသမီး''


''ဟုတ်...ဟုတ်ပါတယ်ဖေဖေ''


''ကောင်းတာပေါ့...အနှိုင်းကလည်းလူကောင်းလေးပဲ...လိမ္မာရေးခြားလည်းရှိတယ်...မိဘချင်းကလည်းသိနေတော့အဆင်ပြေတာပေါ့''


အတာနှစ်ထပ်ကွမ်းစိတ်ညစ်သွားရသည်။


အနှိုင်းရဲ့မိဘတွေပါသိရင်တော့ သူမတို့ကိစ္စကခက်ခဲသွားနိုင်တယ်။


မောင်နဲ့အတူထွက်ပြေးဖို့အတွက်အမြန်အကောင်အထည်ဖော်မှပါ။


<<<


''အစ်ကိုကြီးတုနှိုင်းမြတ်''


အိမ်ပေါ်ထပ်ကနေလေတချွန်ချွန်နဲ့ဆင်းလာသောသူ့အား သူ့အမေကထမင်းစားခန်းထဲကလှမ်းခေါ်လေ၏။


''ဗျာမေမေ''


''ဒီကိုလာပါဦး''


သူလည်းချက်ချင်းပဲ ထမင်းစားခန်းထဲသို့ဝင်ခဲ့လိုက်လေ၏။


''မနက်စာမစားဘဲဘယ်ကိုကြွမြန်းမလို့လဲ''


''အပြင်ရောက်မှစားလိုက်တော့မလို့''


''အတာနဲ့အတူစားမှာလား''


''မေမေဘယ်လိုသိတာလဲ''


သူ့အမေဒေါ်နီလာကသူ့ကိုမျက်စောင်းဝဲကာကြည့်လာပြီးမှ...


''မခင်ဦးပြောတာ...ကိုယ့်သားရည်းစားရ​နေတာကို သူများဆီကတစ်ဆင့်သိရတဲ့ဘဝ''


''မေမေကလည်း...ကျွန်တော်လည်းပြောဖို့စဥ်းစားထားပြီးသားပါ...အခုကအတာနဲ့ချစ်သူဖြစ်တာလည်းတစ်ပတ်​တောင်မကြာသေးဘူးလေ''


''ထားပါ...မေမေကသားကိုအသွင်လေးနဲ့ဖြစ်မယ်မှတ်တာ''


''အာ...မေမေကလည်း အသွင်နဲ့ကျွန်တော်ကသူငယ်ချင်းညီအစ်ကိုတွေလိုပဲ''


''ဘယ့်နှယ်မိန်းကလေးကို,ညီအစ်ကိုလဲ...ပေါက်ပေါက်ရှာရှာ''


''ဟုတ်တယ်မေမေရ...အသွင်နဲ့ကျွန်တော်ကပြောမနာဆိုမနာနဲ့ ညီအစ်ကိုတွေလိုပဲ...သူနဲ့ချစ်သူဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူး...သူ့ကိုလည်းမကြိုက်ဘူး...အခုတော့သွားလိုက်ဦမယ်...ဖေဖေ့ကိုလည်းပြောပြလိုက်ဦး သူ့သားလေးကချစ်သူရနေပြီလို့...သွားပြီ''


သူပြောပြီးသည်နှင့် နေရာကနေထွက်လာလိုက်ပါတော့သည်။


သူနဲ့အသွင့်ကိုချစ်သူဖြစ်မယ်လို့များထင်ရတယ်လို့။


မေမေတစ်ယောက်နဲ့ကတော့လေ...


<<<


C.5ဆက်ရန်။

Report Page