Right Now, Wrong Then (2015)
By ArielIMDb – 7.1/10, MyDramaList - 6.7
အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တိုရဲ့အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှသူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။
နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။
ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကိုလုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။
ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှရေးရေးလေး မြင်လာတာ။(ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။
ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက်သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။
ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း)သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။
ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင်နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်ကဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာအရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ဒါပါပဲ။ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။(#crd_cm)