Reload Your Digital Life!

Reload Your Digital Life!


တော်လှန်ရေးကာလ ဒစ်ဂျစ်တယ်ဘဝကို အသစ်ကပြန်စပါ ။


ဒီတစ်ပတ်လုံးမှာ နွေဦးလုံခြုံရေး ဝိုင်းတော်သားတွေနဲ့အတူတူ ခင်ဗျားတို့ ကျွန်တော်ရဲ့ ဒစ်ဂျစ်တယ်ဘဝတွေကို အသစ်ကပြန်စရအောင်.... ဒီကာလမှာတော့ မကြာသေးခင်က ဆုံးရုံးမှုတွေကို ရင်နဲ့အမျှခံစားခဲ့ရတဲ့ ချစ်မိတ်ဆွေတွေအတွက် အတိတ်ကိုပြန်ကြည့်ရင်း ဆင်ခြင်ရင်း မိမိတို့ရဲ့ digital ဘဝတွေကို အားမာဏ်အပြည့်နဲ့ လုံခြုံစွာ ပြန်လည် နိုးထလာဖို့အတွက် ဒီကာလတာအတွင်း ကျွန်တော်တို့ channel နဲ့ အတူ လုပ်သင့်တာတွေ လိုက်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘဝမှာ ပြန်ပြင်ချင်ပေမယ့် နောက်ကျသွားတဲ့အတွက် ပြန်ပြင်လို့ မရတော့တာတွေ ရှိပါတယ်။ ဒစ်ဂျစ်တယ်ဘဝမှာတော့ အမြဲတမ်း အသစ်က ပြန်စခွင့်ရှိပါတယ်။ တစ်ပတ်တာ ရဲ့ ပထမဆုံး အနေနဲ့ ဒစ်ဂျစ်တယ်ဘဝကို အသစ်က ပြန်စတယ်ဆိုတာ ဘယ်လိုလဲ ၊ ဘာကြောင့် ပြန်စသင့်တယ်ဆိုတာကို သေချာလေး ရှင်းပြပါမယ်။ 


ဒစ်ဂျစ်တယ်ငယ်ဘဝ

−−−−−−−−−−−−−−−−

ဒစ်ဂျစ်တယ်ဘဝမှာလည်း ငယ်ဘဝဆိုတာ ရှိပါတယ်။ Facebook စသုံးကာစ၊ ဖုန်းတစ်လုံး လက်ထဲ ရောက်လာကစဟာ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ် ငယ်ဘဝပါပဲ။ Facebook စသုံးသုံးချင်းကဆို အကောင့်တွေ ခဏခဏပျက်၊ ဖုန်းတွေလည်း သေချာ မရင်းနှီးသေးပဲ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်မှန်းသိကာစ ကာလဟာ တော်တော်လေး အသိနည်းခဲ့ပါသေးတယ်။ ဒစ်ဂျစ်တယ်အသိနည်းသေးတဲ့ ကာလတွေမှာ အကောင့်တွေ ဖွင့်ခဲ့တာ ၊ ဖုန်းတွေ သုံးစွဲမှုတွေကတော့ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသားမကျသေးပဲ လုံခြုံရေးပိုင်းဆိုင်ရာ အားလျော့ခဲ့ရတာတွေ အများကြီးနဲ့ပေါ့။ 

ဒီလိုနဲ့ ဒစ်ဂျစ်တယ်အသက်အရွယ်ရောက်လာတဲ့အထိ ဒစ်ဂျစ်တယ်လုံခြုံရေးထက် နည်းပညာတိုးတက်မှုတွေနောက်ကိုပဲ လိုက်ရင်း ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်ဘဝဟာ အဆင့်မြင့်လာပေမယ့် ဘဝလုံခြုံရေးတော့ မရှိတော့ပါဘူး။ အဲ့အခါမှာ အင်တာနက်ကတစ်ဆင့် ကိုယ်ပို့တဲ့ မက်ဆေ့တွေ ၊ ကိုယ်တင်တဲ့ ပုံတွေ ၊ ကိုယ့်ရှာဖွေမှုတွေဟာ မဆိုင်သူတွေပါ ဝင်ရောက်စွက်ဖက်နိုင်နေပါတယ်။ 

အခုလို အာဏာသိမ်းခံလိုက်ရတဲ့ အခါမှာတော့ ဘဝတွေပျက်စီး၊ ဆုံးရှုံးရတာတင်မဟုတ်ပဲ ဒစ်ဂျစ်တယ်ဘဝတွေဟာလည်း ဒီရိုက်ပုတ်လိုက်တဲ့ လှိုင်းကြီးကို ခံရပါတော့တယ်။ ဒီလို လှိုင်းဒဏ်ကို ခံနိုင်ရည်ရှိဖို့ကျတော့လည်း ကိုယ်တွေရဲ့ ဒစ်ဂျစ်တယ်ဘဝတွေဟာ နည်းပညာနဲ့ အသားမကျတာတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စိတ်ပူရတာတွေနဲ့ မလုံခြုံနေတော့ပါဘူး။ 

သို့သော် စိတ်မပူပါနဲ့ ။ ဘဝရဲ့ ဆုံးဖြတ်ချက်တွေမှာ Setting တွေမပါပေမယ့် ဒစ်ဂျစ်တယ်ဘဝတွေမှာတော့ Setting တွေပါပါတယ်။ ဒစ်ဂျစ်တယ်ဘဝကို အသစ်က ပြန်စပါ။ ဘဝအသစ်ပြန်ရဖို့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ကြပါစို့။ 


ဒစ်ဂျစ်တယ်ဘဝအသစ်ကို Sim Card အသစ်များဖြင့် စတင်ပါ။

- SIM Card ကတစ်ဆင့် ခင်ဗျားရဲ့ နေရာကို သိနိုင်ပါတယ်။

လက်ရှိအခြေအနေမှာ မိုဘိုင်းဖုန်းမှ ခြေရာခံနိုင်တယ်ဆိုတာကို လူအများကြား စိုးရိမ်စရာ ကိစ္စတစ်ခုအနေနဲ့ ရှိ်နေပါတယ်။ အရင်ကလဲ  နွေဦးလုံခြုံရေးချယ်နယ်ကနေ " မိုဘိုင်းဖုန်းမှ ခြေရာခံခြင်း " ခေါင်းစဉ်နဲ့မျှဝေခဲ့ဖူးပါတယ် ။ မိမိမှာ မိုဘိုင်းဖုန်းတစ်လုံး Sim card တစ်ခုရှိရုံနဲ့ ခြေရာခံနိုင်ပါတယ် ။ ကျွန်တော်တို့လက်ရှိအသုံးပြုနေကြတဲ့ ဖုန်းလိုင်းတွေဟာ အသုံးပြုနေတဲ့ နေရာ နဲ့ အနီးဆုံးမှာရှိတဲ့  တာဝါတိုင် ၃ တိုင်ကို အလိုအလျောက်သွားရောက်ချိတ်ဆက်ပါတယ် ။ ဒါဟာ အင်တာနက် ဖွင့်ထားခြင်း မဖွင့်ထားခြင်းနဲ့ မဆိုင်ပါဘူး။ ဖုန်းလိုင်းတွေက သွားရောက်ချိတ်ဆက်တာဖြစ်ပါတယ်။ ဒီလိုသွားရော က်ချိတ်ဆက်ခြင်းဖြင့်  ကိုယ်ဟာ မှတ်ပုံတင်ထားပြီးသားဖြစ်တဲ့ SIM Card  (Registered SIM) နဲ့သုံးနေတယ်ဆိုရင်တော့  ဒီတာဝါတိုင်တွေကတဆင့်သိရှိပြီး ကိုယ့်အိမ်ရှေ့ထိ လိုက်လာနိုင်တယ်ဆိုတဲ့သဘောပါပဲ ။ ဒီလို ခြေရာခံသိရှိနိုင်ခြင်းကို Triangulation Method  လို့ခေါ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ အန္တရာယ် Zone ထဲမှာ မီးနီပြနေပြီဆိုရင်တော့ လက်ရှိ ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ Sim Card တွေကို ဆက်မသုံးသင့်တော့ပါဘူး။ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင် ဒီမှာဖတ်ပါ။    


- SIM Card ကနေ လုံးဝ ဖုန်းမခေါ်ပါနဲ့တော့ 

 ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ Sim Card မှာ ကိုယ့်ရဲ့ နာမည်တွေ ၊ လိပ်စာတွေနဲ့ မှတ်ပုံတင်နံပါတ်တွေကို ပေးထားရပါတယ်။ အာဏာသိမ်းခံရပြီးနောက် ဒီလိုဒစ်ဂျစ်တယ်ဘဝသစ်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာ ဘယ်သူ့ဘယ်သူက သိရှိနေနိုင်တာမျိုး မဖြစ်သင့်ပါဘူး။ ကြောက်ဖို့ ကောင်းပါတယ်။ ဖုန်းနံပါတ်ကနေတစ်ဆင့် ခြေရာခံပြီး ကိုယ့်ကို လာရှာတယ်ဆိုတာမျိုးတွေကိုလည်း ကျွန်တော်တို့ တော်တော် ကြားဖူးနေကြမှာပါ။ အဲ့တာကြောင့် ဒီအချိန်မှာတော့ သေချာပေါက် ပြင်သင့်တဲ့ အကျင့်တစ်ခုကတော့ Sim Card တွေကို သုံးပြီး ဖုန်းမပြောဘူး၊ မက်ဆေ့ မပို့ဘူး ဆိုတဲ့ အကျင့်ပါ။ Sim Card တွေကို ဖြစ်နိုင်ရင် လုံးဝကို မသုံးသင့်တော့ပါဘူး။ အင်တာနက် ရနေသ၍ ကာလပတ်လုံး ဖုန်းခေါ်ဆိုတာတွေ ၊ စာပို့တာတွေကို ဘယ်သူကမှာ ကြားဖြတ်စောင့်ကြည့်လို့ မရတဲ့ Telegram လို Signal လို Application တွေတစ်ဆင့်ပဲ အသုံးပြုကြပါတော့။ လူတိုင်း အနည်းဆုံးတော့ Telegram ကို သုံးဖို့ လိုပါပြီ။ Telegram ကို ကိုယ့်မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်မှတ်ဖို့လည်း သုံးလို့ ရသလို ၊ Telegram ကိုပဲ ဆက်သွယ်ပြောဆိုမှု အားလုံး ပုံသုံးလိုက်တော့တာမျိုး ဖြစ်သင့်ပါပြီ။ 


- မလိုရင် ထုတ်သာထားလိုက်တော့ 

နောက်တစ်ခုက မလိုအပ်ရင် ဖုန်းထဲကနေ Sim Card တွေကို ဖြုတ်ထားလိုက်တာပါပဲ။ ကိုယ်နေထိုင်ရာနေရာမှာ Wifi ရတယ်ဆိုရင် ဆက်သွယ်မှုအားလုံးကို အွန်လိုင်းပေါ်ကို ရွှေ့လိုက်လို့ရပါတယ်။ အပြင်သွားမယ်ဆိုရင်လည်း ကိုယ်နဲ့ ယူသွားလို့ရတဲ့ Wifi စက်မျိုးကို အသုံးပြုလို့ရပါတယ်။ ဒီလိုနည်းနဲ့ အင်တာနက်လည်း ရနိုင်တယ်၊ ဖုန်းခေါ်ဆိုမှုတွေကိုလည်း Application တွေသုံးပြီး လုပ်လို့ရပြီဆိုရင်တော့ ဘာကြောင့် ကိုယ့်အတွက် မလုံခြုံတဲ့ Sim Card တွေကို ဒစ်ဂျစ်တယ်ဘဝအသစ်မှာ သုံးနေဦးမှာလဲ ။ ဘဏ်အကောင့်တွေကို ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ အခြေအနေမျိုး ကြုံရနိုင်ပါတယ်။ အဲ့အခြေအနေမှာတော့ Sim Card တွေကို လွှင့်ပစ်လိုက်တာမျိုး မဟုတ်ပဲ အကောင့်ကို ပြန်ဝင်ရဖို့ လိုတဲ့အခါမျိုးမှာတော့ ကိုယ်နေထိုင်ရာ နေရာနဲ့ ဝေးရာမှာသာ အထုတ်အသွင်းပြုလုပ်တာမျိုး လုပ်ပါ။ အနည်းဆုံးတော့ အိမ်အောက်ဆင်း ၊ လူစည်ကားရာ လဖ္ဘက်ရည်ဆိုင်လိုမျိုးကို သွားလုပ်ပါ။ Account တွေရဲ့ Two Factor Authentication ကို ဖုန်းနံပါတ်တွေနဲ့ ခံထားတယ်ဆိုရင်တော့ ဖုန်းနံပါတ်တွေအစား Authenticator Application တစ်ခုခုကို သုံးပြီး ဖုန်းနံပါတ်တွေကို ပြန်ဖြုတ်ပါ။ 

ကဲ ဒီလောက်ဆိုရင်တော့ ဒစ်ဂျစ်တယ်ဘဝအသစ်မှာ Sim Card တွေကို စွန့်ပယ်ဖို့ လိုပြီဆိုတာ အားလုံး သိပြီးလောက်ကြပြီထင်ပါတယ်။ အားလုံး လိုက်လုပ်ကြပြီး လုံခြုံတဲ့ ဒစ်ဂျစ်တယ်ဘဝအသစ်တစ်ခုကို စတင်ကြရအောင်ပါ။ ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး အသေးစိတ် သိချင်တာ၊ မေးချင်တာတွေ ရှိလို့ကတော့ နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီအကြောင်းအရာတွေကိုလည်း တခြား မသိသေးတဲ့ သူတွေ ဆီရောက်အောင် ပို့ပေးဖို့ အကူအညီတောင်းပါတယ်ဗျို့။ 



Report Page