Peppermint Candy (1999)
By ArielIMDb – 7.6/10, MyDramaList - 7.4
IMdb 7.7 ,Rotten Tomatoes 83% ratingရှိတဲ့ Lee Chang Dongရိုက်တဲ့ ဒီကိုရီးယားရုပ်ရှင်ဟာ ကိန်းရုပ်ရှပ်ပွဲတော်အပါအဝင် ရုပ်ရှင်ပွဲတော်ခြောက်ခုက ဆုဆယ်ဆုရထားပါတယ်။
ဝေဖန်ရေးသမားတွေ အဆိုအရတော့ Burningနဲ့ Green fishတို့လိုကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Lee Chang Dongရဲ့ အကောင်းဆုံးကားဟာ Poetry(2010)ပါ။ သူရဲ့ ဒုတိယအကောင်းဆုံးကားကတော့ သူရဲ့ အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ အခုဒီ Peppermint Candyပါပဲ။ ရုပ်ရှင်တစ်ကား ကောင်းမကောင်းဟာ ကြည့်ရှုသူအပေါ်မှာပဲ မူတည်တာမို့ ကျွန်တော်တော့ Peppermint Candyကို ပိုသဘောကျပါတယ်။
Peppermint Candyဟာ Nolanရဲ့ mementoလိုမျိုး ဖြစ်ရပ်အချိန်စဉ်အလိုက် မပြထားတဲ့ ရုပ်ရှင်မျိုးပါပဲ။ အခန်းဖြတ်၇ခန်းကို သုံးထားပြီး အခန်းဖြတ်တိုင်းမှာ ခုနှစ် အချိန်အခါ ပါတာမို့ သိပ်ပြီး Mind-Blowingဖြစ်စေမယ့် ရုပ်ရှင်မျိုးတော့ မဟုတ်ပါဘူး။ မြင့်သန်းဘာသာပြန်ပြီး ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုးရေးထားတဲ့ လွင့်မျောနေသောကမ္ဘာကြီး၏အနုပညာသည်တစ်ဦးလို ခေတ်ကာလနှစ်ခုရဲ့ မျဉ်းပြိုင်ရသကို ပါးပါးလေးသုံးထားပြီး ၁၉၈၀ကျောင်းသားထကြွမှုကနေ ဇာတ်ကားထွက်ခဲ့တဲ့ ၂၀၀၀ခုနှစ်အထိ ကိုရီးယားသမိုင်းရဲ့အနှစ်နှစ်ဆယ်ကာလကိုသုံးထားပါတယ်။
ဇာတ်ရဲ့အဖွင့်ရဲ့ ဦးဆုံးအခန်းမှာ ပြထားတာကတော့ ရထားတစ်စင်း မြစ်ကူးသံလမ်းတံတားပေါ် ခုတ်မောင်းနေတာပါပဲ။ မြစ်ကူးသံလမ်းတံတားရဲ့အောက်မှာ လူတစ်ယောက်ပက်လက်လှဲပြီး ရထားကိုငေးမောနေပါတယ်။
အချိန်ကတော့ ၁၉၉၉နွေဦး။ ဂင်မ်ဟာ ပြန်လည်တွေ့ဆုံပွဲမှာသီချင်းတွေဆို စားနေသောက်နေရင်းက မြစ်ကူးသံလမ်းတံတားပေါ်တက် ရထားတိုက်ခံ အဆုံးစီရင်သွားပါတယ်။ ဒီတစ်ခန်းဖြတ်ရဲ့ အဆုံးသတ်ကတော့ ရထားတိုက်ခံသေခါနီး အော်ကြွေးနေတဲ့ ဂင်မ်ရဲ့ မျက်နှာပါပဲ။
ဒါက ပထမအခန်းရဲ့ အကြောင်းအရာ အကုန်ပါပဲ။
မော်ဒန်ဝတ္တုလောကမှာ အတိုဆုံးဝတ္တုလို့ခေါ်တဲ့ ရသမြောက်ဝတ္တုကလေးတွေရှိပါတယ်။
တိုတာမှ လေးငါးကြောင်းပဲပါတာပါ။ သို့ပေမယ့် ရသမြောက်တဲ့ ဝတ္တုတွေပါပဲ။ Peppermint Candyဟာ အဲ့ဒီလိုဝတ္တုတိုကလေးတွေကို Pointတစ်ခုနဲ့ ချိတ်ဆက်ထားသလိုပါ။ ဒါပေမယ့် သူက လူတစ်ယောက်အကြောင်းကို ဦးတည်ထားပါတယ်။ အခန်းဖြတ်အတိုကလေးခုနှစ်ခုကို အတိတ်နဲ့ဆက်စပ်တဲ့အကြောင်းအရာတစ်ခုကိုပြောပြီး အဲ့ဒီအကြောင်းအရာဖြစ်ခဲ့တဲ့ အတိတ်ကိုခေါ်ဆောင်သွားတဲ့နည်းနဲ့ ပထမအခန်းမှာတင် သတ်သေသွားတဲ့လူရဲ့ ဇာတ်လမ်းဟောင်းတွေဆီ ကျွန်တော်တို့ကို တဖြည်းဖြည်းချင်း ခေါ်ဆောင်သွားပါတယ်။
ထူးခြားတာကတော့ ဒါရိုက်တာဟာ ဇာတ်လမ်းအပိုင်းလေးတစ်ခုရဲ့အဆုံးနောက်အပိုင်းကလေးရဲ့အစတိုင်းမှာ ရထားတစ်စင်းခုတ်မောင်း နေတာကိုပြထားပါတယ်။ ဒီရုပ်ရှင်မှာ ရထားရဲ့နိမိတ်ပုံဟာ ဘဝသံသရာဖြစ်ချင်မှဖြစ်ပါမယ်။
နှုတ်ဆက်ခွဲခွာခြင်းဖြစ်ချင်မှဖြစ်ပါမယ်။ ဘယ်သူမှသေသေချာချာမသိပါဘူး။ Lee Chang Dongဟာ ဒီရုပ်ရှင်မှာလည်း မသိခြင်းကို ရသတစ်ခုအဖြစ်သုံးသွားပြန်တာပါပဲ။