Nat

Nat

Ro se

သူ့အချစ်မှလွဲလို့


Chapter.7


ခရီးတစ်လျှောက်လုံးပင်ပန်းလာသမျှက ဖွေးဖွေးလှိုင်နေသောနှင်းဆီပန်းခင်းကြီးကိုအမြင်မှာပဲ အားလုံးယူပစ်သလိုပျောက်သွားခဲ့လေ၏။


''ငါ့နှင်းဆီလေးတွေကလှလိုက်တာ''


အသွင်နောက်ကြောင်းပြန်လှည့်မကြည့်တော့ဘဲ ခြံထဲသို့ပြေးဝင်ခဲ့လိုက်တော့သည်။


ပန်းတွေကသူမကိုအနည်းနဲ့အများတော့စိတ်အေးချမ်းစေပါ၏။


''အသွင်''


သူမကိုမြင်တော့ ခြံစောင့်လင်မယားနှစ်ဦးကသူမထံသို့အပြေးလေးရောက်လာသည်။


''ငါ့ညီမလာမယ်ဆိုလို့မအေးမွန်ကမျှော်နေတာ...အခန်းကိုလည်းမနေ့ကမဖ​ယောင်းဖုန်းဆက်ကတည်းကရှယ်ပြင်ပေးထားတယ်သိလား''


''ကျေးဇူးပါမအေးမွန်''


''လာလာ အိမ်ထဲဝင်ကြ...ကိုစိုး ကားပေါ်ကပစ္စည်းတွေအိမ်ထဲသယ်ခဲ့''


''အေးအေး''


သူမတို့မောင်နှမနှစ်ယောက် မအေးမွန်နဲ့အတူအိမ်ထဲသို့ဝင်ခဲ့လိုက်ကြလေ၏။


''က​ဗျည်းကရောဒီမှာဘယ်လောက်ကြာအောင်နေမှာလဲ''


''ကျွန်တော်ကမနက်ဖြန်ပြန်မှာ...ကျောင်းတစ်ဖက်နဲ့ဆိုတော့အကြာကြီးနေလို့မရဘူး''


''အသွင်ကရော''


''အသွင်ကသုံးလနေဖို့ခွင့်ရထားတယ်''


''ဟုတ်လား...ကောင်းတာပေါ့ မအေးမွန်တို့လင်မယားနှစ်ယောက်တည်းဆိုပျင်းတိပျင်းခြောက်နဲ့...အသွင်ရောက်လာတော့ပျော်ဖို့ကောင်းတာပေါ့...ကဲ နှစ်ယောက်သားခရီးပန်းလာတယ်ဆိုတော့နားလိုက်ကြဦး''


''ဟုတ်ကဲ့မအေးမွန်''


အသွင်နဲ့ကဗျည်းတို့လည်း သူမတို့ဒီရောက်ရင်နေနေကျအခန်းမှာပဲဝင်နေလိုက်ကြလေ၏။


ခါတိုင်းဒီကိုအလည်လာကြရင် မေမေနဲ့သူမကတစ်ခန်းနေပြီး ဖေဖေနဲ့က​ဗျည်းကတစ်ခန်းနေကြသည်။

ဒီမှာကအခန်းသုံးခန်းပဲရှိပြီး မအေးမွန်တို့လင်မယားကိုတစ်ခန်းပေးသုံးထား၏။


အခုတော့အသွင်ကမေမေတို့နဲ့အတူလာတဲ့အခါ မေမေနဲ့နေနေကျအခန်းမှာပဲနေဖြစ်ခဲ့သည်။


အသွင် ပင်ပန်းစွာနဲ့ပဲအိပ်ရာပေါ်ကျောခင်းလိုက်တုန်း သူမပိုက်ဆံအိတ်ထဲကဖုန်းကမြည်လာ၍ အသွင်ဖုန်းကိုလှမ်းနှိုက်ပြီးဖုန်းခေါ်လာသူကိုကြည့်လိုက်ရာ သူမ​မေမေဖြစ်လို့နေလေ၏။


''ဟဲလိုမေမေ''


''သမီးတို့ဘယ်ရောက်နေပြီလဲ''


''ခြံကအိမ်ရဲ့အခန်းထဲမှာကျောခင်းနေပြီ''


''ပြင်ဦးလွင်ကိုရောက်သွားပြီပေါ့...ဒါများမေမေ့ကိုဖုန်းမဆက်ဘူး''


''အခုမှရောက်တာမေမေရဲ့...အသွင်လည်းဆက်တော့မလို့ပါပဲ''


''ထားပါ...ဒါနဲ့လေ အနှိုင်းတောင်မှလာသွားသေးတယ်...မေမေမေးတော့ဘာမှရေရေရာရာမပြောဘူး...သူကသမီးပြင်ဦးလွင်ကိုသွားတာမသိဘူးလား...မေမေပြောတော့အံ့သြနေတယ်''


''အသွင်သူ့ကိုမပြောခဲ့ဘူးမေမေ''


''ဘာလို့လဲသမီး...သမီးတို့ချင်းစိတ်ကောက်နေတာလား''


''ဒီလိုပါပဲမေမေရယ်...အသွင်ပင်ပန်းနေလို့ခဏနေမှပြန်ဆက်လိုက်တော့မယ်နော်''


''အင်းပါ...အစစအရာရာဂရုစိုက်နော်သမီး...အဲဒီကရာသီဥတုကရန်ကုန်နဲ့တူတာမဟုတ်ဘူး...အအေးမမိစေနဲ့ ကြားလား...ဒီမှာလိုမျိုးမနက်စောစောရေချိုးတာတွေလည်းမလုပ်နဲ့''


''ဟုတ်ကဲ့ပါမေမေ''


''အေးအေး...နားတော့သမီး''


''ဟုတ်''


အသွင်ဖုန်းချပြီးသည်နှင့် မေ​မေ့စကားကိုပြန်ကြားယောင်ကာအတွေးများလာရပြန်သည်။


အနှိုင်းကသူမဆီဘာလို့လာတာလဲ။


''ဒီအတိုင်းဖြတ်သွားဖြတ်လာပဲနေမှာပါ''


<<<


သတင်းစာထဲမှာပါလာတဲ့ သမီးအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်းဆိုတဲ့စာကိုဖတ်ပြီး အတာ့ရင်ထဲမှာဆို့နစ်သွားရသည်။


မေမေတို့ကသူမကိုအမွေပြတ်စွန့်လွှတ်လိုက်ပြီတဲ့။


''စိတ်မကောင်းမဖြစ်ပါနဲ့တွယ်တာရယ်...တွယ်တာ့ကိုမောင်ကမျက်နှာမငယ်အောင်ထားမှာပေါ့''


''အမွေမရလို့အခုလိုဖြစ်နေတာမဟုတ်ပါဘူး...ဖေဖေတို့ရဲ့သမီးမဟုတ်တော့လို့ တွယ်တာစိတ်မကောင်းဖြစ်နေတာပါ''


''မိဘဆိုတာစိတ်ဆိုးတုန်းခဏပါပဲ...သူတို့စိတ်ဆိုးပြေတဲ့အချိန်ထိစောင့်ကြတာပေါ့''


အတာခေါင်းအသာညိတ်ပြလိုက်သည်။


သူမမိဘတွေက​အမွေပြတ်စွန့်လွှတ်လိုက်ပေမယ့် မောင့်မိဘတွေကတော့သူမနဲ့လိုက်ပြေးသွားတာသိတာတောင်မှ အိမ်ပြန်လာဖို့ခေါ်လေ၏။


မင်္ဂလာပွဲအတွက်နဲ့နေစရာအပြင် မောင့်အတွက်အလုပ်ပါစီစဥ်ပေးမည်တဲ့။


ပြီးရင်တော့သူတို့နဲ့မပတ်သက်နဲ့တော့တဲ့လေ။


ဘာပဲဖြစ်ဖြစ် သူမမိဘတွေလိုမျက်နှာလွှဲပစ်မလုပ်တာကိုပဲကျေးဇူးတင်ရမှာပါလေ။


အတာ့အနေနဲ့တော့ အခုထိနောင်တမရပါဘူး။

​မောင်နဲ့အတူရှိနေသရွေ့ သူမဘယ်တော့မှနောင်တရမှာမဟုတ်ဘူး။


<<<


အနှိုင်းတစ်ယောက် ခရီးဆောင်အိတ်ထဲသို့သူ့အဝတ်အစားတွေကိုဆောင့်ကြီးအောင့်ကြီးထည့်ရင်း သူ့မီးခံသေတ္တာထဲကပိုက်ဆံတွေကိုပါထုတ်ကာ ကျောပိုးအိတ်ထဲထိုးထည့်လိုက်၏။


အားလုံးပြီးသည်နှင့် ခရီးဆောင်အိတ်ကိုဆွဲပြီး အောက်ထပ်ကိုဆင်းလာလိုက်တော့သည်။


''သွားတော့မှာလားမောင်မင်းကြီးသား''


သူအောက်ထပ်ရောက်သည်နှင့် သူ့အမေကဧည့်ခန်းထဲကထွက်လာပြီးမေးလေ၏။


''ဟုတ်မေမေ''


''လမ်းခရီးဂရုစိုက်...ငွေလိုရင်လည်းလှမ်းတောင်း...ကြားလား''


''ဟုတ်ကဲ့ပါမေမေ...​အဲဒါဆိုသွားပြီနော်''


''အေးအေး''


အိမ်ထဲကထွက်သွားသောသားကိုကြည့်ရင်း ဒေါ်နီလာမဲ့ရွဲ့ကာပြုံးလိုက်၏။


သားတော်မောင်က ပြင်ဦးလွင်ကိုအလည်အပတ်သဘောနဲ့သွားမယ်ဆိုပြီး အသွင့်နောက်ကိုတမင်လိုက်သွားတာမှန်းသိပြီးသား။


''အခု​ခေတ်ကလေးတွေများ ကိုယ့်စိတ်ကိုနားမလည်ကြဘူး''


အနှိုင်းတစ်ယောက်ကတော့ သူဘာတွေလုပ်မိနေလဲ ဟိုရောက်ရင်အသွင်နဲ့ဘယ်လိုများမျက်နှာချင်းဆိုင်မလဲဆိုတာမတွေးနိုင်မိတဲ့အထိ သူ့စိတ်ကူးရှိရာအတိုင်း ရန်ကုန်မြို့ကနေထွက်ခွာလာခဲ့ပါပြီ။


အသွင့်ကိုသူ့ဘက်ကစမခေါ်ချင်ပေမယ့် အသွင်နဲ့တစ်မြို့စီမှာလည်းသူမနေချင်။


အနီးကပ်သွားပြီးဒုက္ခပေးတဲ့နည်းနဲ့ပဲဖြစ်ဖြစ် သူအသွင်နဲ့အနီးကပ်သွားနေရမည်။

ပြီးရင်အသွင်သူ့ကိုပြန်​ချော့ပြီးပြန်တောင်းပန်လာအောင်လုပ်မည်။


သူ့ရည်ရွယ်ချက်ကဒါပဲ။


<<<


C.8ဆက်ရန်။

Report Page