Myanmar Hard Talk
MHTNEWS❝ရွေးကောက်ပွဲထိခိုက်အောင် အွန်လိုင်းကနေလုပ်နေတဲ့ Facebook နဲ့ Tiktok အကောင့်ပိုင်ရှင် (၉) ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟑𝟏》
ရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားအောင် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာတ္ကေနေ လုပ်ဆောင်ခဲ့ကြတဲ့ Facebook နဲ့ Tiktok အကောင့်ပိုင်ရှင် (၉) ဦးကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ ဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းတွေမှာ အသီးသီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အဲဒီအထဲက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်မှာနေထိုင်တဲ့ ဇော်မင်းသိန်း(ခ) မိုဟာမက်အဗ္ဗူကာဒရ် (၃၅)နှစ်ဖြစ်တယ်လို့သိရပြီး သူဟာ နိုဝင်ဘာလ ၂၁ ရက်နေ့က သူအသုံးပြုတဲ့ “Zaw Min Thein" Facebook အကောင့်ကနေ ရွေးကောက်ပွဲကို အများပြည်သူအထင်အမြင်လွဲမှားအောင် ရေးသားထားတဲ့ စာသားတွေကို ပြန်လည်မျှဝေခဲ့တာပါ။
ဒါကြောင့်မို့လို့ ဇော်မင်းသိန်း(ခ) မိုဟာမက်အဗ္ဗူကာဒရ် ဆိုသူကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကျောက်တံတားမြို့မရဲစခန်း (ပ)၁၂၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။
နောက်တစ်ယောက်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂ဝ) ရပ်ကွက်မှာနေတဲ့ ဆန်းဝင်း (၄၈)နှစ်ဖြစ်ပြီး သူအသုံးပြုတဲ့ “Bo Sanwin” Facebook အကောင့်ကနေ ရွေးကောက်ပွဲအပေါ် အများပြည်သူအထင်အမြင်လွဲမှားအောင် ရေးသားထားတဲ့စာသားတွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ထပ်ဆင့်ပြန်လည်မျှဝေခဲ့တာကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း (ပ)၁၁၃၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က)/၂၈ နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့တာပါ။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဦးမျိုးသူရ (၃၆)နှစ်ဟာ ၎င်းအသုံးပြုတဲ့ "Myo Thu” Facebook အကောင့်ကနေ ရွေးကောက်ပွဲအပေါ် အများပြည်သူအထင် အမြင်လွဲမှားအောင် ရေးသားထားတဲ့စာသားတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည်မျှဝေခဲ့တာကြောင့် အဲဒီ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာပဲ တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၄၀၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်၊ အင်တောမြို့၊ လယ်ခေါင်းကျေးရွာမှာနေထိုင်တဲ့ "moedoor 0 (tiktok. Com/@moedoor0)" Tik Tok အကောင့်ပိုင်ရှင် ဒေါ်သန္တာထွန်း (၄၆)နှစ်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်မှာနေထိုင်တဲ့ “Myint Kyaw" Facebook အကောင့်ပိုင်ရှင် ဦးမြင့်ကျော် (၅၃)နှစ်၊ မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှာနေထိုင်တဲ့ “Kyaw Sithu” Facebook အကောင့်ပိုင်ရှင် ဦးကျော်စည်သူ (၅၇)နှစ်တို့ကိုလည်း သက်ဆိုင်ရာ ရဲစခန်းတွေမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) နဲ့ ဖမ်းဆီးအမှုဖွင့်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃၇)ရပ်ကွက်မှာနေထိုင်တဲ့ “Mabel Phyu" Facebook အကောင့်ပိုင်ရှင် ဒေါ်မြပုန်းညက်ဖြူ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်မှာနေထိုင်တဲ့ “Ko Ye” Facebook အကောင့်ပိုင်ရှင် မနန္ဒာဦး (၃၂)နှစ်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ “သတိုးအောင်” Facebook အကောင့်ပိုင်ရှင် သတိုးအောင် (၂၈)နှစ်တို့ကိုလည်း သက်ဆိုင်ရာရဲစခန်းတွေမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။