Myanmar Hard Talk
MHTNEWS❝KIA/PDF အကြမ်းဖက်များ၏ လက်ချက်ကြောင့် ဖားကန့်၊ ကျွန်းစု၊ မြင်းခြံနှင့် မိတ္ထီလာမြို့နယ်တို့မှာ ပညာရေးဝန်ထမ်း ၂ ဦးနှင့် ရပ်ကျေး ရွေး/ကော်အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အရပ်သား ၃ ဦးဒဏ်ရာရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟐》
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့မှာ KIA/PDF အကြမ်းဖက်များ၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပညာရေးဝန်ထမ်း ၂ ဦးနှင့် ရပ်ကျေး ရွေး/ကော်အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များ ယခုရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ဖြစ်စဥ်များမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီတွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်နေသူများ ဖြစ်ကြသည့် ဦးစိုးလင်း(၄၀)နှစ်နှင့် ဦးမောင်ကြီး(၆၅)နှစ်တို့သည် အဆိုပါရပ်ကွက်ရှိ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှ ဈေးဝယ်၍ ၎င်းတို့၏နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ရပ်ကွက်လမ်းမပေါ် အရောက် လမ်းဘေးမှ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ခိုတောင်ကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ/ကဘင်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်ဖြစ်သူ ဦးမင်းမင်းနိုင်(ခ)မင်းမင်း(၃၇)နှစ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် PDF အကြမ်းဖက်သမား ၆ ဦးမှ နေအိမ်အထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ခိုတောင်ကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ဒီရေတောအစပ်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်ဟုဆိုသည်။
ထို့ပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်ရှိ နေအိမ်၌ရှိနေသော ဦးစိုးလှိုင် (၃၈)နှစ်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ကလည်း မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ မြေခြားကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာဖြစ်သူ ဦးသန်းအောင်(၅၇)နှစ်နှင့် အုံတုံကျေးရွာနေ ဂွေးတောက်ကန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးအောင်ကျော်ဦး(၆၂)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။