Myanmar Hard Talk
MHTNEWSနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု(၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟔》
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ နှင့်ဇနီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်(လေ)၏ သမိုင်းကို ပြန်ကြည့်မည်ဆိုပါက ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ဗမာ့အပျော်တမ်း လေတပ်ဖွဲ့(BVAU)နှင့် ဗမာ့အပျော်တမ်း လေတပ်(BVAF)တို့အဖြစ်အဆင့်ဆင့်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြင့် အစတည်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်မတော်(လေ) အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြင့် တပ်မတော်(လေ)အဖြစ် စတင် ပေါ်ထွန်းရပ်တည် နိုင်ခဲ့သည်မှာ ယနေ့ဆိုပါက ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း။
တပ်မတော်(လေ) စတင်ဖွဲ့စည်းတည်ထောင်ပြီးချိန်နှင့် မရှေးမနှောင်း၌ပင် ပြည်တွင်းရောင်စုံသူပုန်များ၏ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများ နိုင်ငံအနှံ့ပေါ် ပေါက် လာခဲ့ကြောင်း၊ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စောင့်ရှောက် ကာကွယ်ထိန်းသိမ်းနိုင်ရန် တပ်မတော်(လေ)သည် စီမံခန့်ခွဲမှု၊ ဖွဲ့စည်းလေ့ကျင့်မှုနှင့် လက်နက်တပ်ဆင်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်၌ပင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)တို့နှင့်အတူ သောင်းကျန်းမှုနှိမ်နင်းချေမှုန်းရေးအတွက် စစ်ဆင်ပျံသန်း မှုများ ပြုလုပ်ခဲ့ရကြောင်း၊ မျိုးချစ်စိတ်၊ ဇွဲသတ္တိနှင့် တီထွင်ကြံဆလိုစိတ်တို့ကို အရင်းခံ ပြီး ရှိသည့်လေယာဉ်၊ ရှိသည့်လက်နက်ကို အကောင်းဆုံးအသုံးချပြီး ရည်မှန်းချက် အောင်မြင်အောင် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရကြောင်း၊ တပ်မတော်(လေ)သည် ယနေ့အချိန်အထိ ပြည်ပကျူးကျော်မှု တွန်းလှန်ချေမှုန်းရေးနှင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်မှု အမျိုးမျိုးသာမက မူးယစ်ဆေးဝါး တိုက် ဖျက်နှိမ်နင်းမှု စစ်ဆင်ရေးများတွင်လည်း ပါဝင်တိုက်ပွဲဝင်ဆင်နွှဲခဲ့ရာ တပ်မတော်(လေ) စစ်သည်တော်များ၏ အသက်သွေးချွေးများစွာ ရင်းနှီးစတေးပြီး သူရဲကောင်းပီသစွာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့သောကြောင့် တိုက်ပွဲအဆုံးအဖြတ်အပေါ် များစွာအထောက် အကူပြုနိုင်ခဲ့ကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် တည်ဆောက် ကြိုးပမ်းရာတွင် ခိုင်မာတောင့်တင်းသည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ် ပိုင်ဆိုင်ထား ရန် မဖြစ်မနေလိုအပ်သည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ တပ်မတော်သည် လွတ် လပ်ရေးနှင့်အတူ ပြည်သူကြားက ပေါက်ဖွားလာသည့် မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ် ပြီး တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုတပ်မတော်လည်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံတော်အပေါ် ကျရောက်လာသည့် ပြည်တွင်းပြည်ပအန္တရာယ် အမျိုးမျိုးကို ပြည်သူများနှင့်လက်တွဲပြီး အသက်သွေးချွေးများစွာ ပေးဆပ်ကာကွယ်စောင့်ရှောက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ အရေးကြုံလာတိုင်း ပြည်သူ့ရှေ့ က မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်မှာ တပ်မတော်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အစဉ်ပြောင်းလဲဖြစ်ပေါ်တိုးတက်နေသည့် ခြိမ်းခြောက်စိန်ခေါ်မှု အမျိုးမျိုးကို အပြည့် အဝရင်ဆိုင်တုံ့ပြန်နိုင်အောင် တပ်မတော် (ကြည်း/ ရေ/ လေ) ဟူသည့် ကာကွယ်ရေး စွမ်းအားစုကြီးကို ခိုင်မာတောင့်တင်းပြီး စွမ်းရည်မြင့်မားထက်မြက်စွာ တည်ဆောက်ထားရန် အထူးလိုအပ်ကြောင်း၊ သို့မှသာ အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အာမခံချက်အပြည့်အဝဖြင့် ကာကွယ်စောင့်ရှောက်ပေးနိုင် မည်ဖြစ်ကြောင်း။
တပ်မတော်(လေ)ကိုလည်း ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံများအပေါ် သင်ခန်းစာဖော်ထုတ်ကာ ခေတ်မီပြီး စွမ်းရည်ထက်မြက် အင်အား တောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိကြောင်း၊ စတင်ဖွဲ့စည်းတည်ထောင်ချိန်က အခြေစိုက်စခန်း ၁ ခုနှင့် ပျံသန်းရေးအုပ် အနည်းငယ်သာ ရှိခဲ့ရာမှ ယခုဆိုပါက မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီ စိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင်လည်း သောင်း ကျန်းမှုနှိမ်နင်းရေးလေတပ်အဆင့်မှ နည်းဗျူဟာမြောက်လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ကြောင်း၊ လက်ရှိဆင်နွှဲနေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ဆင်မှုများတွင် တပ်မတော်(လေ)အနေဖြင့် နိုင်ငံအနှံ့ပျံသန်းစစ်ဆင်မှု များ ထိထိရောက်ရောက်ဆောင်ရွက်ကာ အထောက်အကူပြုနေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။
ထိရောက်အစွမ်းထက်မြက်သည့် လေကြောင်းစွမ်းအားကို ပိုင်ဆိုင်အသုံးချ နိုင်ရေး လေတပ်၏တိုက်စွမ်းအားနှင့် တိုက်စွမ်းရည် ၂ မျိုးလုံး မြင့်မားပြည့်စုံအောင် တည်ဆောက်ထားရန်အထူးလိုအပ်ကြောင်း၊ တိုက်စွမ်းအား တိုးတက်ကောင်းမွန်စေရေး အတွက် နိုင်ငံတော်အနေဖြင့် လေယာဉ်ရဟတ်ယာဉ်နှင့် စစ်ဆင်ရေး အထောက်အကူ စနစ်များကို အခါအားလျော်စွာ ကြိုးပမ်းဖြည့်တင်းပေးနေကြောင်း၊ ယင်းစနစ်များ အမြဲတမ်းကောင်းမွန်ပြီး စွမ်းအားပြည့်တိုက်ပွဲဝင်နိုင်မှသာ တိုက်စွမ်းအားရရှိမည် ဖြစ်သည့်အတွက် တပ်မတော်(လေ)စစ်သည်တော်များအနေဖြင့် အမြတ်တနိုးတန်ဖိုးထားကာ စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်၊ ပြုပြင်ထိန်းသိမ်းကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း။
တစ်ဖက်ကလည်း တိုက်စွမ်းရည်မြင့်မားကောင်းမွန်အောင် အစဉ်ကြိုးပမ်းနေရ မည်ဖြစ်ကြောင်း၊ စစ်သည်တော်တိုင်းသည် မိမိတို့တာဝန်ကျရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိနေမှသာ ဖြည့်ဆည်းပေးထားသည့် တိုက်စွမ်းအားများကို အကျိုးအရှိဆုံး အသုံးချနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရာတွင် ကျန်းမာ ကြံ့ခိုင်မှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့သည်လည်း မရှိမဖြစ်လိုအပ်သည့်အတွက် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေး၊ ယုံကြည်ချက်ခံယူချက် မြင့်မားကောင်းမွန်ရေးကို ခေါင်းဆောင်အဆင့်ဆင့်က အထူးအလေးထား လေ့ကျင့်တည်ဆောက်ကြရမည်ဖြစ် ကြောင်း၊ ပျံသန်းရေး၊ အုပ်ချုပ်ရေးနှင့် စက်မှုလက်မှု ကဏ္ဍကြီး ၃ ရပ်လုံးရှိစစ်မှုထမ်းအားလုံး တက်ညီလက်ညီ ကြိုးပမ်းလုပ်ဆောင်ကြမှသာ တပ်မတော်(လေ) အနေဖြင့် တိုက်စွမ်းရည်တိုက်စွမ်းအားပြည့်ဝကောင်းမွန်ပြီး “တောင်ပံဖြန့်ချီ အောင်ပွဲ ဆီသို့” ဟူသည့်အတိုင်း အောင်မြင်မှုများရရှိမှာဖြစ်ကြောင်းကို သတိပေး ပြောကြား လိုကြောင်း။
လေတပ်တစ်ခု စွမ်းရည်မြင့်မားကောင်းမွန်နေရေးသည် ပညာရပ်နယ်ပယ် အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည်တော်များအားလုံးအပေါ် တည်မှီ နေကြောင်း၊ ပျံသန်းရေးကဏ္ဍတွင် လေသူရဲများ ကျွမ်းကျင်ထက်မြက်နေရုံဖြင့် မပြီးဘဲ လေယာဉ်သားများ၊ ပျံသန်းမှုအင်ဂျင်နီယာများ၊ လေယာဉ်အမှုထမ်းများ အားလုံး မိမိလုပ်ငန်းတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် လိုက်လျော ညီထွေစွာဖြင့် အားလုံးကပူးပေါင်းဆောင်ရွက်ကြမှသာ ပျံသန်းရေးတာဝန်များ အောင်မြင်မည်ဖြစ်ကြောင်း၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင်လည်း ကဏ္ဍအလိုက် တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်ရမည့်အပြင် ကဏ္ဍတစ်ခုနှင့် တစ်ခု ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြမှသာ တပ်မတော်(လေ)၏ လုပ်ငန်းတာဝန်များ အောင်မြင်ပြီးမြောက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းလုံး ညီညွတ်မှု ခိုင်မာအောင်တည်ဆောက်ပြီး အဆင့်ဆင့်ခေါင်းဆောင်များ၏ မှန်ကန်သည့် ခေါင်းဆောင်မှုနှင့် ညီညီညွတ်ညွတ် ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်သွားကြရန် အလေးထား တိုက်တွန်းမှာကြားလိုကြောင်း။
တပ်မတော်(လေ) စတင်တည်ထောင်ခဲ့ချိန်ကစပြီး ယနေ့အထိ ရရှိခဲ့သည့် အောင်မြင်တိုးတက်မှုများနှင့် ရလဒ်ကောင်းများသည် ခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အရာရှိစစ်သည် အားလုံးရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ တာဝန်ကျေပွန်မှုများကြောင့်ဖြစ်သည်ကို ဂုဏ်ပြုပြောကြားလိုကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် စစ်မှုထမ်းများအနေဖြင့် ၎င်းတို့ကို အတုယူ စံနမူနာထားပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်အောင်ထမ်းဆောင် ကြရမည့်အပြင် နောင်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွေများ ချန်ထားပေး နိုင်ရေး၊ တပ်မတော်(လေ)၏ စွမ်းဆောင်ရည် အစဉ်တိုးတက်မြင့်မားနေရေး ဝိုင်းဝန်း ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
လေတပ်စစ်သည်တော်များအနေဖြင့် တပ်မတော်(လေ)၏ မွန်မြတ်သည့် အစဉ် အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းပေးကြပြီး မိမိတို့ သက်ဆိုင်ရာ ကျွမ်းကျင်မှုကဏ္ဍများအလိုက် ရည်မှန်းချက်တာဝန်များကို အကောင်းဆုံး အကျေပွန်ဆုံး ကြိုးစားထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားရင်း ယနေ့ (၇၈) နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့မှသည် နောင်လာမည့် နှစ်ပတ်လည်နေ့ များစွာတိုင် တိုက်စွမ်းရည် တိုက်စွမ်းအား မြင့်မားကောင်းမွန်ပြီး နိုင်ငံတော်အတွက် အားထားရသည့် တပ်မတော်(လေ)အဖြစ် အစဉ်ရပ်တည်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းလိုက်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။