Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်သည့် ပြည်ပနိုင်ငံသား ၁၂၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းနိုင်ခဲ့ပြီး ၁၃၁ ဦးကို ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟓》


ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂၇ ဦးတို့ကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃၁ ဦးကို ပြည်နှင်နိုင်ရေး ထပ်မံစစ်ဆေးနိုင်ခဲ့သည်ဟု သိရသည်။


စစ်ဆေးခဲ့သည့် ပြည်ပနိုင်ငံသား ၁၃၁ ဦးကိုထဲတွင် အိန္ဒိယနိုင်ငံသား လေး ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၃၁ ဦး၊ ထိုင်းနိုင်ငံသား ၁၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၄၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား သုံး ဦးနှင့် ယူဂန်ဒါနိုင်ငံသား ၁၇ ဦး ပါဝင်သည်ဟု သိရပြီး ၎င်းတို့သည် မြဝတီမြို့ရှိ အမှတ်(၅)ရပ်ကွက်၊ ဝါးတောရပ်အတွင်းသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသူများဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ ယခုလို တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ ပြည်ပနိုင်ငံသားပေါင်း ၁၃၆၆၇ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။


ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၁၇၄၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၂၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

Report Page