Myanmar Hard Talk
MHTNEWS❝ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရန် လဝကဝန်ကြီးမှာကြား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟖》
မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးစဥ် ယခုလို မှာကြားခဲ့ခြင်းဖြစ်သည်။
အလားတူ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုကြောင်းနှင့် ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန် မှာကြားခဲ့သလို မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့ပြင် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန် အရေးကြီးကြောင်း ပြောကြားခဲ့သလို လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်ဟု သိရသည်။