Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရေး၏ အရေးပါမှုကို အလေးပေးဆွေးနွေးခဲ့ကြဟုဆို❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟖》


နေပြည်တော်သို့ နေ့ချင်းပြန်ခရီးလာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ ဒီဇင်ဘာ ၇ ရက်ကတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရေး၏ အရေးပါမှုကို အလေးပေးဆွေးနွေးခဲ့ကြဟု သိရသည်။


အဆိုပါ တွေ့ဆုံမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းများဖြစ်ကြပြီး နှစ်နိုင်ငံအကြား တူညီသောယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ၊ လူမှုဆက်နွှယ်မှုများနှင့် စီးပွားရေးအရ အခိုင်အမာ အပြန်အလှန်အမှီသဟဲပြုမှုတို့ဖြင့် ချည်နှောင်ထားကြောင်း၊ ယင်းဆက်နွှယ်မှုများသည် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် ခိုင်မာအားကောင်းသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။


ထို့ပြင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရေးသည် နှစ်နိုင်ငံ နယ်စပ်နေ အသိုက်အဝန်းများ သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။ 


အလားတူ ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်ဒေသမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို မြန်မာအစိုးရက အမြစ်ဖြတ်တိုက်ဖျက်လျက်ရှိရာတွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအကြား ထိရောက်သောပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါမှုကို ရှင်းလင်းပြောကြားသည်။


ထို့အတူ တရားမဝင်ဂိတ်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ်သည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် မတည်ငြိမ်မှုများကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကျိုးစီးပွားကို ရှေးရှုလျက် တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှုမြှင့်တင်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ 


ဆက်လက်၍လည်း နှစ်နိုင်ငံကိစ္စရပ်များဖြေရှင်းရန်နှင့် အပြန်အလှန်အကျိုးစီးပွားကို မြှင့်တင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံသာယာဝပြောရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရန် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအတွက် အစဉ်တံခါးဖွင့်ထားပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)မှတစ်ဆင့် ထိုင်းအစိုးရ၏ ရန်ပုံငွေဖြင့် ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်ရှိ အထကခွဲ(သပြေကုန်း)သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။


ထို့နောက် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။

Report Page