Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ပြင်ဦးလွင်ဘူတာကြီးအနီးမှာ မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးသစ်ကြီးတစ်ခု ဖော်ဆောင်ပေးသွားမည်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟕》


မကြာမီကာလအတွင်း ပြင်ဦးလွင်မြို့တွင် သုမင်္ဂလာအဆင့်မြင့်ဈေးသစ်ကြီးကို အဆင့်မီစွာဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်သည့်အပြင် ပြင်ဦးလွင်မြို့၊ မြို့မဈေးကြီးကိုလည်း မြို့ပြအဆင့်မီစွာဖြင့် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပြင်ဦးလွင်ဘူတာကြီးအနီး၌လည်း မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးသစ်ကြီးတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစွာတည်းခိုနိုင်ရေး တည်းခိုသည့်နေရာများကိုပါ ထည့်သွင်းတည်ဆောက်ပေးသွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။


အလားတူ အခြားသော မြို့ပြအဆင့်မြှင့်တင်မှုစီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်ကြသည့် ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့်လည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။


ထို့ပြင် ရွေးကောက်ပွဲပထမပိုင်းပြုလုပ်ပြီး ၂ ပတ်ကြာချိန်တွင် ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သလို ဒုတိယပိုင်းကျင်းပပြီး ၂ ပတ်ကြာချိန်တွင် တတိယပိုင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုံခြုံရေးပိုင်းဆိုင်ရာများအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။


ထို့အတူ ရွေးကောက်ပွဲ အောင်မြင်အထမြောက်စေရေးအတွက် မဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ကြရန်လိုကြောင်းနှင့် ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူများကို ရွေးချယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

Report Page