Myanmar Hard Talk
MHTNEWS❝တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြောကြား❞
※တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဟုဆို※
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟕》
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက်သမိုင်းကြောင်းများအရပါဝင်ခဲ့ရသလို သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ သည်။
ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းကြောင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့်စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
အလားတူ တပ်မတော်သားများ၏ ခံစားခွင့်များနှင့်ပတ်သက်၍ မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်တွင် ပါရဂူဘွဲ့များနှင့် မဟာဘွဲ့ရရှိသူများအား ခံစားခွင့်များတိုးမြှင့်ဆောင်ရွက်ပေးခဲ့သလို ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော် တာဝန်များကိုထမ်းဆောင်ခဲ့ရချိန်တွင် ပညာရေးဌာန၊ ကျန်းမာရေးဌာနနှင့် အခြားဌာနများရှိ တာဝန်ထမ်းဆောင်နေသူများကို သက်ဆိုင်ရာပညာရပ်များအလိုက် ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် မိမိအနေဖြင့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ သက်စွန့်ဆံဖျားစရိတ်ကို မြှင့်တင်ဆောင်ရွက်ပေးခဲ့သကဲ့သို့ နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ထောက်ပံ့ကြေးများ တိုးမြှင့်ပေးခဲ့ကြောင်း၊ တပ်မတော်သားများ၏ စားရေရိက္ခာများ ပြည့်ဝစွာရရှိရေး၊ နေထိုင်မှုနှင့် ဝတ်ဆင်မှုများ အဆင့်မီကောင်းမွန်စေရေးတို့အတွက်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
တပ်မတော်သားများ၏ ပညာရည်မြှင့်တင်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ပညာဆိုသည်မှာ သင်ကြားနေရုံဖြင့်မပြီးပဲ မိမိတို့အတွက် ဗဟုသုတအသိဉာဏ်ပညာများကိုရရှိစေနိုင်သည့် သုတ၊ ရသစာအုပ်စာစောင်များကို စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာခြင်း၊ မှတ်သားခြင်း၊ လက်တွေ့အသုံးချခြင်း၊ အခြားသောသူများကို မျှဝေခြင်းတို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ဘဝအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
အလားတူ မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက်လည်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင် သားသမီးများအား ပညာရည်မြှင့်တင်ရေးအတွက် ခေတ်အဆက်ဆက်အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထူးချွန်သည့်တပ်မတော်သားမိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအား ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးများ စေလွှတ်ပေးလျက်ရှိသကဲ့သို့ အခြားသော ချီးမြှင့်ထောက်ပံ့မှုများကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
မိဘများအနေဖြင့်လည်း မိမိတို့၏သားသမီးများ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့်တပ်မတော်မှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်အကျိုးကို မိမိတို့တတ်စွမ်းသည့် အခန်းကဏ္ဍမှ ပါဝင်အားဖြည့်ဆောင်ရွက်၍ နိုင်ငံတော်နှင့်တပ်မတော်မှ အားကိုးအားထားရသူများဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့သည်ဟု သိရသည်။