Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝NLD လက်ထက်က New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလိုက်သည့် ရတနာပုံဆိုက်ဘာစီးတီးကို မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာတိုးတက်ရေးအတွက်ပါ ဆောင်ရွက်သွားရန် ယာယီသမ္မတ လမ်းညွှန်မှာကြား❞


≋ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး လိုအပ်သည့် မြေနေရာများကို ခွင့်ပြုပေးသွားမည်ဟုဆို≋


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟔》


ဒီမိုကရေစီဒုတိယအစိုးရ (NLD) လက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့သော ရတနာပုံဆိုက်ဘာစီးတီးကို ယင်း၏ မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာတိုးတက်ရေးအတွက်ပါ ရည်မှန်းဆောင်ရွက်သွားရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါ ရတနာပုံဆိုက်ဘာစီးတီးကို နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ရေးအတွက် Silicon Village အဖြစ် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း NLD လက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ရတနာပုံဆိုက်ဘာစီးတီး၏ လုပ်ငန်းများရပ်တန့်သွားခဲ့ရခြင်းဖြစ်သည်။


ယနေ့ခေတ်သည့် IT ခေတ်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားရမည်ဖြစ်သဖြင့် ယခင်ဆိုက်ဘာစီးတီး မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာတိုးတက်ရေးအတွက်ပါ ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်းယာယီသမ္မတက ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ရတနာပုံမြို့သစ်စီမံကိန်းသို့ ဒီဇင်ဘာ ၅ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။


ဆက်လက်၍လည်း ယာယီသမ္မတက အဆိုပါ စီမံကိန်းကို နိုင်ငံတော်၏ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများ အဓိကထုတ်လုပ်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သလို နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) အနီးတွင် တည်ရှိသကဲ့သို့ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာက္ကသိုလ်များနှင့် ချိတ်ဆက်၍လည်း ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် လူသားအရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


အလားတူ မိမိတို့အနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းပြန်လည်စတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းလာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့် မြေနေရာများကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။


ထို့ပြင် စီမံကိန်းနယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့် မြေနေရာများ၌ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများ၊ နေထိုင်ရန်ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများမရှိသည့် မြေနေရာများကို စည်းကမ်းနှင့်အညီဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ရတနာပုံဆိုက်ဘာစီးတီးကို အစိုးရမှ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရတနာပုံမြို့သစ်အိမ်ရာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်သွားရန် မှာကြားသည်။


ထို့အတူ သောက်သုံးရေများ လုံလောက်စွာရရှိရေးကြိုတင်စီမံဆောင်ရွက်ထားရှိရန်နှင့် လျှပ်စစ်မီးလိုအပ်ချက်ကို ကြိုတင်တွက်ချက်၍ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ဖြည့်တင်းဆောင်ရွက်သွားနိုင်ကြောင်း လမ်းညွှန်ပြောကြားခဲ့သလို စီမံကိန်းမြေနေရာများ၌ အဆောက်အဦများ ထပ်မံဆောက်လုပ်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် စနစ်တကျဆောက်လုပ်သွားရန် မှာကြားခဲ့သည်ဟု သိရသည်။

Report Page