Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ကျားဖြန့်နှင့်ပတ်သက်၍ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသား ၁၆၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏》


ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ် နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၆၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပြည်ပနိုင်ငံသားများထဲတွင် တရုတ်နိုင်ငံသား ၁၃၁ ဦးနှင့် ပါကစ္စတန် နိုင်ငံသား ၃ဝ ဦးတို့ ပါဝင်သည်ဟု သိရပြီး ၎င်းတို့ကို ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။


အလားတူ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းနှင့်ဆက်နွယ်သော အဆောက်အဦ ၆၁ လုံးအားစစ်ဆေးခဲ့ရာ ၂ လုံးမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းသုံး အဆောက်အဦများဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းအဆောက်အဦများတွင် နေထိုင်မှု မရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရသည်ဟုဆိုသည်။


ထို့အတူ ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်း ဟန်းဆက်များကိုလည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့ထိ အဆောက်အဦ ၆၉၁ လုံး နှင့် ဂိုဒေါင် ၃ လုံးတို့ကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/ မော်နီတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၈၇၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။


၎င်းတို့အနက်မှ ၂၂-၁၁-၂၀၂၅ ရက်နေ့တွင် ကွန်ပျူတာ/ မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၇၅၀ လုံးနှင့် ၂၈-၁၁-၂၀၂၅ ရက်နေ့ တွင် ပိုင်လော့မိန် KTV ၌ ကာစီနိုလောင်းကစားခုံ ၆၃ လုံးအား ဖျက်ဆီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ ၆၅၇ လုံး၊ မိုဘိုင်းဖုန်း ဟမ်းဆက် ၁၂၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံး တို့အား ထိန်းသိမ်းထားရှိသည်။


အဆိုပါ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွင် အသုံးပြုခဲ့သော စုစုပေါင်းအဆောက်အဦ ၁၄၁ လုံးကိုလည်း ချိတ်ပိတ်သိမ်းဆည်း ဆောင်ရွက်ခဲ့ပြီး ကျန်အဆောက်အဦများ ချိတ်ပိတ်သိမ်းဆည်းခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးလျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၁၉၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သလို ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၇၅၅ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

Report Page