Myanmar Hard Talk
MHTNEWS❝ကျားဖြန့်နှင့်ပတ်သက်သည့် တရုတ်နိုင်ငံသား ၃၃ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟑𝟎》
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများလုပ်ကိုင်ပြီး ရွှေကုက္ကိုလ်နယ်မြေမှ မြဝတီမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် တရုတ်နိုင်ငံသား ၃၃ ဦးကို နိုဝင်ဘာ ၂၉ ရက်နေ့က ထပ်မံဖော်ထုတ်ထိန်းသိမ်းကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်ဟု သိရသည်။
အလားတူ ယင်းနေ့၌ပင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းသုံး အဆောက်အဦ ၂၆ လုံးကို စစ်ဆေးခဲ့ရာ ၎င်းအဆောက်အဦများတွင် နေထိုင်မှုမရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရပြီး ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်း ဟန်းဆက်များကိုလည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုသည်။
ယခုအခါ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ အဆောက်အဦပေါင်း ၅၃၂ လုံး နှင့် ဂိုဒေါင် ၃ လုံးတို့ကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/မော်နီတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၈၇၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အနက်မှ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကွန်ပျူတာ/မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၇၅၀ လုံးနှင့် ၂၈ ရက်နေ့တွင် ပိုင်လော့မိန် KTV ကာစီနိုလောင်းကစားခုံ ၆၃ လုံးတို့ကို ဖျက်ဆီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ ၆၅၇ လုံး၊ မိုဘိုင်းဖုန်း ဟမ်းဆက် ၁၂၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ တို့ကို ထိန်းသိမ်းထားရှိသည်ဟုဆိုသည်။
ထိူ့အတူ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ စစ်ဆေးဆောင်ရွက် ပြီးစီးခဲ့သည့် အဆောက်အဦ ၅၃၂ လုံးနှင့် ဂိုဒေါင် ၃ လုံးတို့အနက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း တွင် အသုံးပြုခဲ့သော စုစုပေါင်းအဆောက်အဦ ၁၀၁ လုံးကို ချိတ်ပိတ်သိမ်းဆည်း ဆောင်ရွက်ခဲ့ပြီးဖြစ်သလို ကျန်အဆောက်အဦများကို ဆက်လက်ရှာဖွေ စီးနင်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၁၅ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။
၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၈၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။