Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂၃ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၁၅ ဦး စစ်ဆေးနိုင်ခဲ့❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟐𝟐》


ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ - ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၇၃ ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သလို ပြည်ပနိုင်ငံသား ၂၁၅ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။


အလားတူ ရွှေကုက္ကိုလ်နယ်မြေမှ မြဝတီမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်ပနိုင်ငံသား ၅၀ ဦးကိုလည်း ဆက်လက် ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သဖြင့် ယနေ့တွင် ပြည်ပနိုင်ငံသားစုစုပေါင်း ၂၂၃ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၁၅ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။


ထိုသို့ ရွှေကုက္ကိုလ်နယ်မြေ၌ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၇၃ ဦးကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက် အဦ၌လည်းကောင်း၊ မြဝတီမြို့၌ ထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသား ၅၀ ဦးကို မြဝတီမြို့၊ နယ်ခြားစောင့်တပ် လုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေး ကွပ်ကဲရေးရုံး၌လည်းကောင်း ထိန်းသိမ်းထားရှိသည်ဟု သိရသည်။


၎င်းတို့အထဲမှ တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးစီးသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီခွဲထိ ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်များမှ တာဝန်ရှိသူများက မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ ရှင်းယုံလီပလာဇာ(၁၂ ထပ်အဆောက်အဦ) ၁လုံး၊ အလုပ်သမားတန်းလျား (၁ထပ်အဆောက်အဦ) ၁၄ လုံးနှင့် Arcde Triomphe KTV အမည်ရှိ အဆောက်အဦ ( ၂ ထပ် အဆောက်အဦ) ၁ လုံးတို့အား စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးခဲ့ရာ၌ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသူများသည် နေထိုင်မှုမရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရပြီး ၎င်းတို့အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ၊ မိုဘိုင်းဖုန်း ဟန်းဆက်များကိုလည်း တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်းနှင့် ရှီကျင်းဝမ် (၄ထပ်အဆောက်အဦ) ၂၃ လုံးတို့အား စစ်ဆေးခဲ့ရာ ကွန်ပျူတာ၊ မော်နီတာ(ဆက်စပ်ပစ္စည်းမပါ) ၂၄၀ လုံးအား စစ်ဆေးတွေ့ရှိသိမ်းဆည်းခဲ့သည်။


၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ တစ်ထပ်အဆောက်အဦ ၁၆ လုံး၊ နှစ်ထပ် အဆောက်အဦ ၁ လုံး၊ ၄ ထပ်အဆောက်အဦ ၂၃ လုံး၊ ၆ ထပ် အဆောက်အဦ ၂ လုံး၊ ၇ ထပ် အဆောက်အဦ ၈ လုံး၊ ကိုးထပ်အဆောက်အဦ ၃ လုံး၊ ၁၂ ထပ် အဆောက်အဦ ၁၀ လုံး၊ ၁၃ ထပ်အဆောက်အဦ ၂ လုံး၊ ၁၄ ထပ် အဆောက်အဦ ၂ လုံး၊ ဂိုဒေါင် တစ် လုံး၊ စုစုပေါင်း အဆောက်အဦ ၆၇ လုံးနှင့် ဂိုဒေါင် တစ်လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/မော်နီတာ ၂၈၉၃ လုံး၊ မိုဘိုင်းဖုန်းဟမ်းဆက် ၂၁၇၅၀ လုံး၊ Star Link ဘန်း ၁၀၁ လုံးနှင့် Router ၂၁ လုံး တို့အား စစ်ဆေးတွေ့ရှိ၍ ထိန်းသိမ်းထားရှိနိုင်ခဲ့သည်။


ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်များမှ တာဝန်ရှိသူများသည် ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ စစ်ဆေးတွေ့ရှိထိန်းသိမ်းထားသော ကွန်ပျူတာ/မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်းဟမ်းဆက် ၂၁၇၅၀ လုံးတို့အား ရွှေကုက္ကိုလ်မြိုင်ကျေးရွာ၊ နှစ်သစ်ကူးကွင်း၌ ယနေ့ မွန်းလွဲပိုင်းတွင် ဖျက်ဆီးဆောင်ရွက်ခဲ့သည်။


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၄၃၀ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၁၈၅၅ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၄၅၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်းလည်း သိရသည်။

Report Page