Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

ကမ္ဘာအေးကုန်းမြေရှိ သာသနိကအမွေအနှစ်များ ရေရှည်တည်တံ့ရေးနှင့် သမိုင်းမှတ်တမ်းများကို ခေတ်မီနည်းပညာဖြင့် ထိန်းသိမ်းပြသရေး နိုင်ငံတော်သမ္မတ လမ်းညွှန်


𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟔》


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီးနှင့် ကမ္ဘာအေးကုန်းမြေအတွင်းရှိ သာသနိကအဆောက်အဦများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နိုဝင်ဘာ ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး သမိုင်းဝင်အဆောက်အဦများ ရေရှည်တည်တံ့ရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။


နိုင်ငံတော်သမ္မတသည် မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၊ ဗုဒ္ဓပြတိုက်၊ အဂန္တုကျောင်းဆောင်၊ ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတော်၊ မဟာသိမ်တော်ကြီး၊ ပိဋကတ်တိုက်တော်ကြီးနှင့် ပိဋကတ်ပုံနှိပ်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သာသနိကအဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ သံဃာတော်များ သီတင်းသုံးနေထိုင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေစေရေး၊ ရှေးဟောင်းပစ္စည်းများနှင့် ပိဋကတ်စာအုပ်များကို စနစ်တကျ ထိန်းသိမ်းထားရှိရေးတို့ကို မှာကြားခဲ့သည်။


ထို့ပြင် ဗုဒ္ဓဖြစ်တော်စဉ်နှင့် သင်္ဂါယနာတင်သမိုင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူ လေ့လာနားလည်နိုင်စေရန် ဗုဒ္ဓပြတိုက်၏ ပြသမှုများကို အဆင့်မြှင့်တင်ရန်၊ သမိုင်းမှတ်တမ်းဓာတ်ပုံများကို မူလအခြေအနေမပျက် ခေတ်မီနည်းပညာအသုံးပြု၍ ပြုပြင်ထိန်းသိမ်းရန်နှင့် သမိုင်းဆိုင်ရာ အချက်အလက်များ၊ ခုနှစ်သက္ကရာဇ်များကို တိကျပြည့်စုံစွာ ဖော်ပြရန် လမ်းညွှန်ခဲ့သည်။


ယင်းနောက် သမ္မတသည် မဟာသိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်းတော်၊ ပန်းနှင့် ရေချမ်း ဆက်ကပ်ပူဇော်ခဲ့ပြီး ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်တော်စာအုပ်များ ပုံနှိပ်ထုတ်ဝေခဲ့သည့် ပိဋကတ်ပုံနှိပ်တိုက်ရှိ ရှေးဟောင်းခဲစာလုံးပုံနှိပ်စက်နှင့် သမိုင်းမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Report Page