Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၃၀) ကျော်အား နိုင်ငံတော်က ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြားများ ဂုဏ်ပြုဆုချီးမြှင့်❞


≋နိုင်ငံသားတိုင်း အသိဉာဏ်ပညာ ပြည့်စုံကြမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် စစ်မှန်သည့်အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးပြောကြား≋


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟐𝟓》


၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၄ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။


ယခုလို အောင်မြင်မှုများရရှိခြင်းသည် လွယ်လွယ်ကူကူနှင့် ရခဲ့ခြင်းမဟုတ်ဘဲ ငယ်စဉ်ကတည်းက ပညာကို ကြိုးစားသင်ယူလိုစိတ်များ စိမ့်ဝင်စွဲမြဲခဲ့ပြီး ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့် ရည်မှန်းချက်ပန်းတိုင်ကို မရရအောင် သန္နိဋ္ဌာန်ချ အရောက်လှမ်းရယူနိုင်ခဲ့၍ သာရရှိခြင်းဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။


အလားတူ နိုင်ငံဖွံ့ဖြိုးရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် “လူငယ်တွေရဲ့အား” နှင့် တည်ဆောက်မှ ရနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များသည် အသိဉာဏ်ပညာပြည့်ဝသည့် ပညာတတ်များဖြစ်ရန်လိုအပ်ကြောင်းနှင့် “ပညာ” ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို သိရှိနားလည်ပြီး စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက နိုင်ငံသားတိုင်း အသိဉာဏ်ပညာ ပြည့်စုံကြမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် စစ်မှန်သည့်အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သလို နိုင်ငံတော်စဉ်ဆက်မပြတ်တိုးတက်ခိုင်မာစေရန် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် “အမျိုးသားပညာရေးကဏ္ဍ" ကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူပုံဖော်ပေးနေသကဲ့သို့ ပညာရေးဝန်ထမ်းများကလည်း နိုင်ငံသားတိုင်းပညာအလင်းရရှိစေရန်၊ ပညာရည်မြင့်မားစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ကျရာကဏ္ဍမှ ပြည်သူ့အကျိုးကိုသယ်ပိုးနေသည့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်ကြောင်း၊ တစ်နည်းဆိုပါက ပညာရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို “အမျိုးသားရေးတာဝန်တစ်ရပ်” အနေဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ ဦးလည်မသုန် ထမ်းဆောင်နေကြခြင်းဖြစ်၍ ပညာရေးဝန်ထမ်းများကိုလည်း အသိအမှတ်ပြုကြောင်း ပြောကြားသည်။


ထို့ပြင် ပညာရေးသည် တစ်ဦးတစ်ယောက်ချင်းအတွက် အရေးကြီးရုံသာမက လူ့ပတ်ဝန်းကျင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကကျကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မည်ဆိုပါက ရွေးချယ်မှုနှင့် ဒီမိုကရေစီသဘောတရားများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ပညာတတ်မြောက်မှုမြင့်မားရန်လိုကြောင်းနှင့် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမည့် အသိဉာဏ်၊ ဗဟုသုတ၊ အတွေးအခေါ်ရှိကြရန်လိုသဖြင့် လူငယ်များအတွက် အတတ်ပညာသာမက အသိပညာဗဟုသုတပြည့်ဝရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်းကိုလည်း အသိပေးပြောကြားသည်။


ယခုနှစ်တွင် အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီး၏ ဆိုးရွားသည့်ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း နိုင်ငံတော်နှင့် ပြည်သူများ၏ တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အခက်အခဲများ၊ အဟန့်အတားများကို တုံ့ဆိုင်းမှုမရှိကျော်လွှားနိုင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့အပြင် တက္ကသိုလ်များ၊ ကျောင်းများကို အခက်အခဲများကြားမှ အတတ်နိုင်ဆုံး မရပ်မနားပုံမှန်ဖြစ်အောင်ဖွင့်လှစ်ပြီး အန္တရာယ်များကြားက စိတ်ကောင်းစေတနာများဖြင့် သင်ကြားရေးအဆက်မပြတ်အောင် ကြိုးစားဆောင်ရွက်ခဲ့ခြင်းများ၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများသည် ပညာရေးသမိုင်းတွင် မှတ်တမ်းကောင်းတစ်ခုအဖြစ် ဂုဏ်ယူရမည်ဖြစ်ကြောင်း။


ထိုသို့အခက်အခဲများကြားက ရုန်းထပြီး စစ်မှန်သည့် အရည်အသွေးနှင့် အရည်အချင်းကို ထုတ်ဖော်ပြနိုင်ခဲ့သည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဘာသာစုံဂုဏ်ထူးရှင် (၁၉၆) ဦးအထိ ပေါ်ထွက်လာခဲ့ကြောင်း။


ယနေ့တွင် ဘာသာစုံဂုဏ်ထူးရှင်များကို ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြား၊ ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသည့် ကျောင်းသား ကျောင်းသူ (၃၃)ဦးကို ရွှေစင်တစ်ကျပ်သားဒင်္ဂါးပြားများ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆုတန်ဖိုးပမာဏထက် ဆုရရှိသူများ၏ ကြိုးစားမှု၊ အောင်မြင်မှုဂုဏ်ဒြပ်နှင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍနှင့် ထူးချွန်ထက်မြက်သည့် လူငယ်များကို ဂုဏ်ပြုချီးမြှောက်လိုသည့် ဆန္ဒက အဆမတန်သာလွန်နေသည်ဟု ပြောကြားသည်။


ထို့အပြင် ယမန်နှစ်ကကဲ့သို့ ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိခဲ့ကြသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ပြည်ပလေ့လာရေးခရီးစဉ်များ စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထူးချွန်မောင်မယ်များအနေဖြင့် အခြေခံပညာသင်ယူစဉ်တွင် အလေ့အကျင့်ကောင်းများနှင့် အစွမ်းကုန်ကြိုးစားခဲ့ကြသလို အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူရာတွင်လည်း မိမိတို့ဝါသနာပါသည့်၊ စိတ်ဝင်စားသည့် ပညာရပ်များကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။


ယင်းအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ဝိဇ္ဇာဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအားလည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဘာသာစုံဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား လည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့က ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်ဟု သိရသည်။

Report Page