Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

ဧရာဝတီမြစ်နှင့် တိုးမြစ်ရေ မြင့်တက်မှုကြောင့် တိုက်ကြီးနှင့် မအူပင်မြို့နယ်တို့တွင် စာသင်ကျောင်းများ ယာယီပိတ်ထား


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟏𝟔》 


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တို့တွင် မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စာသင်ကျောင်းအချို့အား ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံရေးအတွက် ယာယီပိတ်ထားရကြောင်း သိရသည်။


တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထိ မြင့်တက်လာပြီး ကျောင်းအဆောက်အဦအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် အခြေခံပညာကျောင်း ၅ ကျောင်းဖြစ်သည့် အ-မ-က(သဲရိုး)၊ အ-လ-က(ခွဲ) အလယ်ကင်း၊ အ-မ-က(ရေပြန်)၊ အ-မ-က(ရေလဲကြီး)နှင့် အ-မ-က(မအူကုန်း)တို့ကို ယာယီပိတ်ထားခဲ့သည်။


အဆိုပါကျောင်းများကို ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းပြီး လုံခြုံစိတ်ချရသည့်အခြေအနေသို့ ရောက်ရှိချိန်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပညာသင်ကြားမှု နောက်ကျမနေစေရေးအတွက် ပျက်ကွက်ခဲ့သည့် သင်ခန်းစာများကို အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုးမြစ်ရေ ဝင်ရောက်လာသဖြင့် အောက်ထုံးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (သာယာကုန်း)ကို ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ယာယီပိတ်ထားရသည်။


မအူပင်မြို့နယ်ရှိ အဆိုပါကျောင်းတွင် ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရမှုနှင့် ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးမှုများ မရှိကြောင်း သိရသည်။ ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံများက ကျောင်းအဝင်လမ်းများတွင် သဲအိတ်များဖြင့် ပြုပြင်ခြင်း၊ ယာယီဝါးတံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။


ယာယီပိတ်ထားရသည့် ကျောင်းရက်များအတွက်လည်း သင်ကြားမှု မပြတ်တောက်စေရန် အပတ်စဉ် အားလပ်ရက်များတွင် အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Report Page